အတ္တကိုယ်စီနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတော့ ကြာတာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LMM / ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဌ ဦးအေးမင်း

တိုင်းရင်း သားတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ အမျိုးသားရေးအမှတ်လက္ခဏာတွေနဲ့ ပတ်သက်ရင်လိုအပ်မှသုံးတယ်၊ မလိုရင် ချောင် ထိုးထားတယ်။ ပစ်ထားတယ် …

ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားမှုများ အပါအဝင် လက်ရှိနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေ၊ ဖက်ဒရယ်စနစ် အပေါ်အမြင်နှင့် တိုင်းရင်းသားရေးရာကိစ္စတချို့ကို တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်သည့် ထားဝယ်တိုင်းရင်းသားများပါတီ (Dawei Nationalities Party) ဥက္ကဌ ဦးအေးမင်းကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ထားဝယ်တိုင်းရင်းသားများပါတီရဲ့ သမိုင်း ကြောင်းနဲ့ နိုင်ငံရေးရည်မှန်းချက်ကို ပြောပြပေးပါ။

UAM – ကျနော်တို့ပါတီက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ မှတ်ပုံတင်ကျခဲ့ပါတယ်။ မှတ်ပုံတင်အမှတ် (၇၀) နဲ့ မှတ်ပုံတင် ကျပါတယ်။ ကျနော်တို့ပါတီ ဖြစ်ပေါ်လာတာကတော့ ၂၀၁၃ ပတ်ဝန်းကျင်လောက်က ထားဝယ်ဒေသမှာ ရေနက် ဆိပ်ကမ်း စီမံကိန်းတွေမှာ မြေယာနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေကိုကူညီရင်း၊ နောက်ပြီးတော့ ဒေသခံလယ်သမား တွေရဲ့အရေးကို ဆောင်ရွက်ရင်း၊ နောက် မိုင်းတွေကဆင်းလာတဲ့ရေတွေကြောင့် သောက်သုံးရေတွေညစ်ညမ်းပြီး ကျန်းမာရေးချို့တဲ့ရတဲ့ အခက်အခဲတွေ၊ အလုပ်သမားတွေရဲ့အကြပ်အတည်း တွေပေါ့၊ အဲဒါတွေကို တခြားသော NGO အဖွဲ့တွေနဲ့အတူဆောင်ရွက်ရင်း ဒေသခံလူတွေရဲ့ အခက်အခဲတွေ ကို ဘယ်လိုကူညီသင့်တယ်ဆိုတဲ့အကြောင်း ဖြေရှင်း ပေးဖို့ပြောကြည့်တဲ့အခါ တချို့က သိပ် လက်မခံချင် ကြတာတွေကိုကြုံရတယ်။ အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေးပလက်ဖောင်းကနေ ပြောမယ်ဆိုပြီး ထားဝယ် တိုင်းရင်းသားများပါတီကို တည်ထောင်ခဲ့ပါတယ်။ ထားဝယ်တိုင်းရင်းသားများပါတီဆိုတာ အဲဒီကနေစဖြစ်လာတာပါ။ ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ ဘယ်တိုင်းရင်းသားလူမျိုးတွေမဆို ဂုဏ်သိက္ခာနဲ့အညီ တန်းတူရည် တူ ယှဉ်တွဲနေထိုင်နိုင်ဖို့နဲ့ ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်ကြတဲ့ မြေယာအရေးတွေအကူအညီပေးဖို့၊ ပြီးတော့ ဒီမိုကရေစီနဲ့အညီ လွတ်လပ်စွာစီမံခန့်ခွဲနိုင်ဖို့၊ အဲဒါမျိုးလိုချင်တာလေ။ တိုင်းရင်း သားလူမျိုးအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မထိခိုက်စေဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ဖို့ ဆိုတဲ့အချက်တွေကို ကျနော်တို့ပါတီက မျှော်လင့်ရည်မှန်းပါတယ်။ တူညီတဲ့တရား၊ တူညီတဲ့အခွင့်အရေး၊ တူညီတဲ့အဆင့်အတန်းတွေနဲ့ ကိုယ့်လူမျိုး ကိုယ့်ဂုဏ်သိက္ခာနဲ့ အညီ နိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်လိုတဲ့ရည်ရွယ်ချက်နဲ့ ဒီထားဝယ်တိုင်းရင်းသားများ ပါတီကို တည်ထောင်ခဲ့တာပါ။ ကျနော်တို့ ထားဝယ် တိုင်းရင်းသားများ ပါတီရဲ့ ရည်ရွယ်ချက် က (၃) ခုရှိပါတယ်။ ပထမတစ်ခုက ပြည်ထောင်စုမြန်မာနိုင် ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ဒုတိယ အချက်က တိုင်းရင်းသားလူမျိုးများရဲ့ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်း ရေးနဲ့ လူမျိုးစုအချင်းချင်းကြား တရားမျှတမှုရှိရေး၊ ဒေသတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ဒေသခံများ အကျိုးအတွက် ပါဝင်စီမံခန့်ခွဲနိုင်ရေးဆိုတဲ့ အချက်(၃) ချက်က အဓိကပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ထားဝယ်တိုင်းရင်းသားတို့ရဲ့ အမျိုးသားနေ့အတွက် DNP ပါတီကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ထားဝယ်လူမျိုးတို့ရဲ့ အမျိုးသားရေးအမှတ်လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး ရေးကို အသေအချာ အစီအစဉ် ချလုပ်ဆောင်ပေးဖို့ အစိုးရကိုတောင်းဆိုထားတာတွေ့ရပါတယ်။ ဆိုတော့ လက်ရှိအစိုးရက တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့နဲ့ အမျိုးသားရေးအမှတ်လက္ခဏာတွေအပေါ် သဘောထားကို ဘယ်လိုရှုမြင်အကဲခတ်မိပါသလဲ။

UAM – ဘယ်လိုရှုမြင်အကဲခတ်မိသလဲဆိုတော့ လိုအပ်မှသုံးတဲ့ “လိုသုံး” လို့ပဲမြင်ပါတယ်။ ကျနော်တို့တိုင်းရင်း သားတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ အမျိုးသားရေးအမှတ်လက္ခဏာတွေနဲ့ ပတ်သက်ရင်လိုအပ်မှသုံးတယ်၊ မလိုရင် ချောင် ထိုးထားတယ်။ ပစ်ထားတယ်။ လိုအပ်မှအသုံးချတယ်လို့ မြင်ပါတယ်။ အဲဒီကိစ္စအတွက်နိုင်ငံတော်က ပံ့ပိုးပြီး ဆောင်ရွက်ပေးတာနည်းတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်နိုင်သလောက် ဆောင်ရွက်နေကြရတာပါပဲ။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် DNP ပါတီရဲ့ ပြင်ဆင်ဆောင်ရွက်ထားမှုတွေကို ပြောပြပေးပါ။

UAM – ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အနိုင်မရပါတီအဖြစ်မှ ရုန်းထွက်ရေးပဲ ဖြစ် တယ်။ ကျန်တဲ့ မဟာဗျူဟာနည်းဗျူဟာတွေကျတော့ အခုပြောလို့မဖြစ်ဘူးဗျ။ ပြောလို့အဆင်မပြေဘူးဗျ။ ဒါပေမယ့် ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာ လောက်ကတည်းက လှုပ်ရှားနကြပါတယ်။ ထားဝယ်တိုင်းရင်းသားတွေအများစုရှိတဲ့နေရာတွေ၊ ကျနော်တို့ ကူညီဆောင်ရွက် ပေးနေတဲ့နေရာတွေမှာ စည်းရုံးရေးတွေ ပြန်ဆင်းနေတယ်။ ပါတီရုံးခန်းအသစ်တွေ ဖွင့်နိုင်အောင် စီစဉ် ဆောင်ရွက်နေတယ်။ အရင်ရုံးခန်းဖွင့်ပြီးသား နေရာ တွေမှာလည်း ပြည်သူလူထုနဲ့ထိတွေ့မှုတွေ ပိုရှိလာအောင် ဆက်တိုက် လုပ်နေပါတယ်။

ပုဒ်မ ၂၆၁ ကိုမပြင်တော့ ရခိုင်လိုပဲ ဖြစ်လာဦးမယ်။ တက်လာမယ့်အစိုးရရဲ့ သဘောထားတွေအပေါ်မှာလည်း မူတည်သေးတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတာ …

ငြမ်းမီဒီယာ – DNP ပါတီဟာ ထားဝယ်လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ပြောလို့ရနိုင်ပါသလား။

UAM – အဲဒီလိုတော့ ပြောလို့မရဘူး။ ထားဝယ်လူမျိုးတွေအများစုရဲ့ မှတ်ပုံတင်မှာ လူမျိုးကဗမာဖြစ်နေတယ်။ နောက်တစ်ချက်က ထားဝယ်မှာနေကြတဲ့အများစုက သူတို့ကိုယ် သူတို့ ထားဝယ်သားလို့ထင်နေကြတယ်။ ရန်ကုန်မှာနေတဲ့သူ တွေရန်ကုန်သား ဖြစ်သလိုပေါ့။ ပြောရမယ်ဆိုရင် ထား ဝယ်မြို့ဆိုတာ အင်္ဂလိပ်ခေတ်ရောက်မှ ပေါ်လာတာ။ ထား ဝယ်တိုင်းရင်းသားလူမျိုးတွေကို အကြောင်းပြုပြီး မြို့နာမည်ဖြစ်လာတာ။ ရှေးခေတ်က နောက်ဆုံးကျန်ခဲ့တဲ့ ထားဝယ်လူမျိုးတွေရဲ့မြို့က သာယာဝတီမြို့ဆိုတာပဲ။ ထားဝယ်လူမျိုးတွေအများဆုံးနေခဲ့တာ။ အဲဒီကနေ ‘ထားဝယ်’ ဆိုတဲ့စကားလုံးဆင်းသက်ပြီး ထားဝယ်လူမျိုးလို့ခေါ်ကြတာ။ အများစုက ကိုယ့်ကိုယ်ကိုယ် ထားဝယ်လား ဗမာလား ကွဲကွဲပြားပြားမသိကြဘူး။ အဲဒါကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော် တို့ အခက်အခဲတွေအများကြီး ဖြစ်ကြရတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကိုယ်သိစေဖို့ ၂၀၁၆ ကစပြီး ကျနော်တို့ပါတီကထား ဝယ်လူမျိုး စုစည်းမှုကော်မတီမှာ ထဲထဲဝင်ဝင်လှုပ်ရှားဆောင် ရွက်ကြတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ထားဝယ် တိုင်းရင်းသား လူမျိုးညီလာခံကို ကျင်းပဆောင်ရွက် နိုင်ခဲ့တယ်။ ထားဝယ်လူမျိုးစုစည်းမှု ကော်မတီက နေပြီး ထားဝယ်အမျိုးသား ညီလာခံကို ကျနော်တို့လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီလိုလုပ်ရင်း တစ်ဖက်ကပါတီလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားရတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စတွေမှာ ရှေ့မတိုးနိုင်၊ နောက်မဆုတ် နိုင် ဖြစ်နေရတာတွေက အဲဒါကြောင့်ပဲဗျ။ ကျနော်က …

အဲဒီလိုဖြစ်နေတာ။ ကျနော် တို့က လူမျိုးကိုတောင် ကိုယ်တိုင်ဖော်ထုတ်ပြီး လုပ်နေရတာ။ ၂၀၁၉ ဒီဇင်ဘာလကစပြီးတော့မှ ပါတီလုပ်ငန်းတွေကို အရှိန်မြင့်ပြီး ဆက်လုပ်နေကြတယ်။ တနင်္သာရီတိုင်းတစ်တိုင်းလုံးမှာဆိုရင် ထားဝယ်လူမျိုးဦးရေက ခန့်မှန်း ခြေ လူဦးရေစုစုပေါင်းရဲ့ (၅၀) ရာခိုင်နှုန်းလောက်ရှိနိုင်တယ်။ အရင်က အကြမ်းဖျဉ်းတွက်ချက်ကြည့် တာတော့ မြိတ် ဘက်မှာဆို လေးပုံတစ်ပုံလောက်ရှိတယ်။ ပလောဘက်မှာကတော့ ထားဝယ်က (၅၀) ရာခိုင်နှုန်းနီးပါးရှိတယ်။ ထားဝယ်မှာ ဆိုရင်တော့ (၉၀) ရာနှုန်းကျော်လောက်က ထားဝယ် လူမျိုးတွေချည်းပဲ။ မြို့ပေါ်ရပ်ကွက်တချို့လောက်မှာပဲ ဝန်ထမ်းတွေ ဘာတွေက ထားဝယ်မဟုတ်တဲ့ တခြားလူမျိုးတွေရှိတာ။ တရုတ် တို့၊ ကုလားတို့လည်း နည်းနည်းပါးပါးပဲရှိတယ်။ ဒါပေမယ့်ခက်တာက ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးမှန်းမသိတဲ့သူတွေက အများကြီးရှိသေးတယ်။ ထားဝယ်သားနဲ့ ထားဝယ်လူမျိုးကို မကွဲကြဘူး။ အဲဒါတွေ ကို ကျနော်တို့က လိုက်ပြီးရှင်းလင်းပြောပြနေကြရတာ။

ငြမ်းမီဒီယာ – ဗမာမဟုတ်ဘဲ ဗမာလို့ မှတ်ပုံတင်ထဲမှာ ရေးထည့်တဲ့ကိစ္စမျိုးကို တချို့သောတိုင်းရင်းသားတွေလည်း ကြုံကြရတဲ့ အကြောင်း ပြောကြတာတွေရှိတယ်။ ဒီလို ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကို အတင်းအကြပ် ဗမာလုပ်ခိုင်းတဲ့ကိစ္စမျိုးကို တိုင်းရင်းသားနိုင်ငံရေးပါတီ ဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UAM – (၂၁) ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးမှာ ကျနော်ကိုယ်တိုင် တောင်းဆိုခဲ့တာရှိတယ်။ ကျနော်တို့ ထားဝယ် လူမျိုးတွေထဲက နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လွဲမှားစွာမှတ်ပုံတင်ထားခြင်းခံရသော ထားဝယ်လူမျိုးများကို ပြန်လည်စိစစ် ပြင်ဆင်ပေးဖို့ ဆိုတဲ့အချက်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုတွေဖြစ်လို့ နိုင်ငံရေးအရ ဘာတွေဆုံးရှုံးနစ်နာသွားလဲဆိုတော့ အခုတနင်္သာရီတိုင်းမှာ ထားဝယ်တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာမရတော့ဘူး။ အဲဒါကအဓိကပဲ။ တခြားကိစ္စတွေတော့ ကျနော်တို့သိပ်မပြောချင်ဘူး။ ဒါပေမယ့် အခုလောလော ဆယ် နိုင်ငံရေးအခြေအနေအရ ထားဝယ် တိုင်းရင်းသားရေးရာ ဝန်ကြီး မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထားဝယ်တိုင်းရင်းသားအများစုရဲ့ မှတ်ပုံတင်မှာ ဗမာဖြစ်နေကြတာကိုး။

တိုင်းရင်းသားတွေတွက် ဖက်ဒရယ်က ပထမပါ။ ဖက်ဒရယ်စနစ် အကောင်အထည် ဖော်နိုင်ရင် ဒီမိုကရေစီက နောက်ကအလိုလိုဖြစ်လာရတာပါ။ ဖက်ဒရယ်က …

ဒီလိုဖြစ်နေတာ တခြားသော လူမျိုးငယ်လေးတွေမှာလည်း ရှိနိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ အများပြည်သူရဲ့ဆန္ဒအတိုင်းဆိုပေမယ့် လူနည်းစုရဲ့ သဘောထားတွေကိုလည်း မပစ်ပယ်ရဘူးလေ။ ဆိုတော့ ဘယ်တိုင်းရင်းသားလူမျိုးမဆို ကိုယ့်ဒေသ၊ ကိုယ့်မျိုးနွယ် အတွက် တိုင်းရင်းသားရေးရာဝန်ကြီးတော့လိုချင်ကြတာပေါ့။ ဒါမှသာ ကိုယ့်ဒေသအကျိုး အတွက်ဆောင်ရွက်နိုင်မှာဖြစ်သလို ကိုယ့်လူမျိုးတွေ တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေရှိလာနိုင်မှာပေါ့။ ကျနော်တို့ကတော့ အဲဒီလိုမြင် တယ်။ မှတ်ပုံတင်ထဲမှာ ထားဝယ်လူမျိုးလို့မရေးထား တော့ ထားဝယ်လူမျိုးဦးရေနည်းပြီး တိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေး ရွေးချယ်ခွင့်မရှိတော့ဘူးလေ။ ဒီအချက်က နိုင်ငံ ရေးမှာ အနိမ့်ဆုံး တိုင်းရင်းသားရေးရာဝန်ကြီးတောင်မရဘူးဆိုတော့ ကျန်တဲ့ ဟာတွေ မတွေးနဲ့တော့။ ဒါကိုပြောချင်တာပါ။ ထားဝယ်လူမျိုးတစ်ယောက်ရဲ့မှတ်ပုံတင်မှာ ‘ဗမာ’ လို့ရေးလိုက်တာနဲ့ နိုင်ငံရေးအရ အခွင့်အရေးဆုံးရှုံးသွားတယ်။ အနိမ့်ဆုံး ဒီအချက်လေးတစ်ချက်ကိုပဲထောက်ပြချင်တယ်။ တခြားကိစ္စတွေထည့်ပြောရင် အမုန်းစကားတွေဖြစ်လာနိုင် လို့ပါ။

ငြမ်းမီဒီယာ – အခုလက်ရှိမှာ ဖက်ဒရယ်စနစ်ကိုတည်ဆောက်ဖို့ တိုင်းရင်းသားအများစုက သဘောတူဆန္ဒရှိနေ ကြပါတယ်။ DNP ပါတီကရော ဘယ်လိုသဘောထားမျိုးရှိပါသလဲ။

UAM – ဖက်ဒရယ်စနစ်ကို ကျနော်တို့က ပိုပြီးလိုချင် တာ ပေါ့။ အဲဒီဖက်ဒရယ်ဆိုတဲ့ဝေါဟာရကို နိုင်ငံတော်အဆင့်မှာ မပြောခင် က တည်းက ကျနော်တို့က စပြောလာတာ။ ကျနော်တို့ပါတီကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတဲ့ကိစ္စကို အကြွင်းမဲ့သဘောတူပြီးသားပါ။ ရှင်းရှင်းပြောမယ်ဆိုရင် တိုင်းရင်း သားတွေအတွက် ဖက်ဒရယ်နဲ့ ဒီမိုကရေစီမှာ ဖက်ဒရယ်က ပထမ ဦးစားပေးကိစ္စဗျ။ ကျနော်တို့တိုင်းရင်းသားတွေတွက် ဖက်ဒရယ်က ပထမပါ။ ဖက်ဒရယ်စနစ် အကောင်အထည် ဖော်နိုင်ရင် ဒီမိုကရေစီက နောက်ကအလိုလိုဖြစ်လာရတာပါ။ ဖက်ဒရယ်ကပထမ၊ ဒီမိုကရေစီကဒုတိယပေါ့။ အဲဒီဖြစ်စဉ်နှစ်ခုမှာ အခု ဖော်ဆောင်နေတဲ့ ဟာနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ဟာက ပြောင်းပြန်ကြီး ဖြစ်နေတော့ ရှေ့မတိုးနိုင် ဖြစ်နေတယ်ဆိုတာ အဲဒါတွေ ကြောင့်ပဲ။ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ အမျိုးသား ရင်ကြား စေ့ရေးကိစ္စ တွေမှာ ရှေ့မတိုးနိုင်၊ နောက်မဆုတ် နိုင် ဖြစ်နေရ တာတွေက အဲဒါကြောင့်ပဲဗျ။ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါ တယ်။ ကျနော်တို့ ပါတီရဲ့ သဘောထား က လည်း ဖက်ဒရယ် စနစ်ကိုတည်ဆောက်ဖို့ သဘောထားရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၆ (စ) လိုအချက်တွေ၊ ပုဒ်မ ၂၆၁ လိုအချက်တွေနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ အဆင်ပြေနိုင်ပါ့မလား။ DNP ပါတီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

UAM – ကျနော့်အမြင်က ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးညီလာခံကနေသွား တဲ့လမ်း ကြောင်းမှာ အခုငြိမ်းချမ်းရေးကလည်းမပီပြင်ဘူး။ ဘယ်အချိန်မှန်းမသိတဲ့အခြေအနေနဲ့ ကျနော်တို့အတွက်စိုးရိမ်စရာဖြစ် နေတယ်။ NCA လမ်းကြောင်းကလည်း ဘယ်အခြေအနေရှိပြီးဘယ်နေရာမှာရောက်နေမှန်းကို ကျနော်တို့မသိနိုင်တော့ဘူး။ အဲဒီတော့ ‘သစ်မရှိခင် ဝါးပေါင်းကွပ်’ ဆိုသလို ပုဒ်မ ၂၆၁ ကိုပြင်သင့်တယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ်နဲ့တိုင်းအားလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အပေါ်မှာ ဖက် ဒရယ်စနစ်ကို တည်ဆောက်ပေးချင်တယ်ဆိုရင် သူ့အနေနဲ့ အဲဒီပုဒ်မ ၂၆၁ ကိုပြင်ပေးဖို့ ပထမဆုံးကြိုးစားသင့်တယ်။ ဒါဆိုရင် သစ်မရှိခင်စပ်ကြား ဝါးနဲ့ပေါင်းကွပ်သလိုပဲလို့ ယူဆတယ်။ အဲဒီပုဒ်မ ၂၆၁ ကိုပြင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်ပြောဖူးတယ်။ နောက်တစ်ခု နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မ တော်က ပါဝင်ထမ်းဆောင်နိုင်ရေးဆိုတဲ့အချက်ပေါ့။ ကျနော် တို့ပါတီရဲ့ သဘောထားကတော့ (၂၁) ရာစုပင်လုံညီလာခံမှာ ပြောတဲ့အတိုင်းဆိုရင် နိုင်ငံတော်ရဲ့တစ်ခုတည်းသော တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးအတွက်ပဲ တာဝန် ယူရမယ်လို့ သဘောထားမှတ်ချက်ပေးထားတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက်ပဲ အဓိကတာဝန်ရှိတယ်။

ငြမ်းမီဒီယာ – အခု (၂၁) ရာစုပင်လုံညီလာခံပြန်ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်တစ်ခုနီးပါးရှိတဲ့အထိ နှောင့်နှေးကြန့်ကြာနေတဲ့ အဓိကအကြောင်းအရင်းကို ပါတီဥက္ကဌ တစ်ယောက်ရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့အကဲခတ်ရင် ဘာကြောင့်လို့ ယူဆပါသလဲ။

UAM – အတ္တပေါ့ဗျာ။ အဲဒီ အတ္တဆိုတဲ့အရာကြောင့်ပေါ့။ အတ္တကိုယ်စီနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတော့ ကြာတာ ပေါ့။ နောက်တစ်ခုက ဆန္ဒထက်သန်မှုမရှိလို့ပဲ။ ငြိမ်းချမ်းချင် သောဆန္ဒ ပြင်းထန်စွာမရှိလို့ မငြိမ်းချမ်း ကြတာ။ ဘုရားဟော ထားတာ လည်း အဲဒီအတိုင်းပဲ။ ဆန္ဒပြင်းထန်စွာရှိရင် ဖြစ်တယ်။ ဆန္ဒပြင်းထန်စွာမရှိရင် မဖြစ်ဘူး။ အဓိကကတော့ အတ္တပေါ့။ အဲဒီ အတ္တကြောင့် ငြိမ်းချမ်းရေးရအောင်မလုပ်နိုင်ကြတာ။ ကျနော်ကတော့ အဲဒီလိုပဲထင်ပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ် မတော်ကပါဝင်နေတဲ့အခြေအနေနဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်လို့ ရနိုင်ပါ့မလား။

UAM – လောလောဆယ်တော့ တပ်မတော်ပါဝင်နေမှုကို လုံးဝပယ်ဖျက်ဖို့တော့ မဖြစ်ဘူး။ ရခိုင်ပြည်နယ်လိုဖြစ်သွားမယ်။ လွှတ်တော်ထဲမှာပါဝင်နေမှုကိုတော့ တဖြေးဖြေးလျှော့ကို လျှော့ချရမယ်။ အခုလက်ရှိအခြေအနေမှာ ရုတ်တရက်ကြီး ပယ်ဖျက်လိုက်ရင် အဲဒါအဆင်မပြေလောက်ဘူး။ ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ တဖြေးဖြေးနဲ့လျှော့ချပြီး နောက်ဆုံးမှာ လုံးဝမရှိတော့တဲ့အခြေအနေအထိပေါ့။ ဆိုလိုတဲ့သဘောက ကာကွယ်ရေးဝန်ကြီးဟာ အရပ်သား အစိုးရထဲက ဖြစ်လာရင် အဲဒါဆိုအလုပ်လုပ်လို့ကောင်းသွားပြီ။ နိုင်ငံတကာမှာလိုပေါ့။ ကာကွယ်ရေးဝန်ကြီးဟာ အရပ်သားအစိုးရရဲ့ လက်အောက်မှာပဲရှိရမယ်။ ကာကွယ်ရေးဝန်ကြီးထက် ကြီးတဲ့သူတွေရှိနေသေးတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ အရပ်သားအစိုးရရဲ့လက်အောက်မှာ ကာကွယ် ရေးဝန်ကြီးဌာနရှိနေရမယ့်အခြေအနေမျိုးဖြစ်ရမယ်။ ကျနော်တို့က အဲဒီလိုပဲမြင်ပါတယ်။

ငြမ်းမီဒီယာ – “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ရွေးကောက် ပွဲကြွေးကြော်သံနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လက်ရှိအာဏာရ အစိုးရရဲ့ (၅) နှစ်တာကာလ အပြောင်းအလဲလုပ်ဆောင်နိုင်မှုကိုနိုင်ငံရေးပါတီ ဥက္ကဌ တစ်ယောက်ရဲ့အမြင်နဲ့ သုံးသပ်ရင် ဘယ်လိုပြောနိုင်မလဲ။

UAM – ကျနော်မပြောချင်ဘူးဗျ။ အဲဒါအားလုံးမြင်နေတာပဲ။ လွှတ်တော်မှာ ဥပဒေဘယ်နှခုပြင်နိုင်ခဲ့သလဲ၊ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အခုပဲ (၅) နှစ်ပြည့်တော့မယ်။ တစ်နှစ် တည်းမဟုတ်ဘူးနော်။ ဥပဒေဘယ်နှခုကို ထုတ်ပြန်နိုင်ခဲ့သလဲ။ စီးပွားရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုဥပဒေ ပြဌာန်းပြီးတော့၊ နည်းဥပဒေထွက်လာပြီး ဘယ်နှခုလောက် လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာ ကျနော်မပြောတတ်ဘူး။ သတင်းသမားတွေ အားလုံး သိပါတယ်ဗျာ။ အဲဒါတွေကို ကျနော် မပြောချင်ဘူး။ ကျနော်တို့က အခုလိုအချိန်မျိုးမှာ ပုတ်ခတ် သလိုဖြစ်မှာစိုးတယ်။ ကျနော်တို့က ဘာမှမသိပါဘူး။ ဒါတွေက အားလုံးသိနေတဲ့ အတိုင်းပဲလေ။

ငြမ်းမီဒီယာ – အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလာ နိုင်ပါသလဲ။

UAM – တိုင်းရင်းသားတော်တော်များများက ရခိုင်ကိုနမူနာယူကြတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက စုစုစည်းစည်းနဲ့ အများဆုံး အနိုင်ရခဲ့တယ်။ အဲဒီတော့ တိုင်းရင်းသားပါတီတွေ စုစုစည်းစည်းညီညီညွှတ်ညွှတ်ရှိကြရင်တော့ တိုင်းရင်းသားဒေသ ပြည်နယ် တွေမှာ တိုင်းရင်းသားပါတီတွေကပဲ အနိုင်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တိုင်းရင်းသားဒေသတွေက လူဦးရေတော့ နည်း တယ်။ ၂၀၁၅ မှာထက်တော့ တိုင်းရင်းသားပါတီတွေ မဲပိုရလာလိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့် ပုဒ်မ ၂၆၁ ကိုမပြင်တော့ ရခိုင်လိုပဲ ဖြစ်လာဦးမယ်။ တက်လာမယ့်အစိုးရရဲ့ သဘောထားတွေအပေါ်မှာလည်း မူတည်သေးတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတာ တစ် ခုက ရွေးကောက်ပွဲတစ်ခါပြီးလို့ တက်လာတဲ့အစိုးရက မြေလှန်တော့တာပဲ။ အဲဒါမကောင်းဘူး။ အရင်အစိုးရရဲ့ ကောင်းတဲ့ အရာတွေကိုယူ၊ မကောင်းတဲ့အရာတွေကို ပယ်ပေါ့။ အခုက အဲဒီလိုမဟုတ်ဘူး၊ တစ်ခါတည်းမြေလှန်လိုက်တဲ့ အခါကျတော့ ရှေ့ကို မရောက်နိုင်ဘူးဖြစ်နေတယ်။ အစိုးရတစ် ခုနဲ့တစ်ခုကြား နှစ်နှစ်လောက်အထိက ပြင်ဆင်ပြောင်းလဲနေရတာနဲ့ အချိန်ကုန်သွားရော။ နိုင်ငံရေးစကားနဲ့ပြောရင် အသွင်ကူးပြောင်းရေးကာလပေါ့၊ အဲဒီမှာအချိန်တွေ ကုန်နေတယ်။ တက်လာတဲ့ အစိုးရက အရင် အစိုးရ လုပ်ခဲ့တာတွေကို မြေလှန်ပစ်တဲ့အခါကျတော့ အသွင်ကူးပြောင်းရေးကာလက (၅) နှစ်တစ်ခါ လုပ်နေရ တယ်။ အဲဒါကလည်း တကယ်လုပ် ရင် နှစ်နဲ့ချီပြီးကြာတတ်တော့ ကျန်တဲ့ကဏ္ဍတွေအတွက် တိုးတက် အောင် လုပ်ဖို့ အချိန်တွေဆုံးရှုံးနေရတယ်။ ဒါကတော့ နိုင်ငံဘာကြောင့် ရှေ့မရောက်နိုင်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းတရားတွေ ထဲက တစ်ချက်လို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

UAM – ကျနော်ပြောချင်တာကတော့ တိုင်းရင်းသားနယ် မြေတွေမှာ၊ တိုင်းရင်းသားဒေသတွေမှာ၊ အထူးသဖြင့် ပြည် နယ်တွေမှာ တိုင်းရင်းသားပါတီတွေစုစည်းပြီးတော့၊ စည်းလုံးကြပြီးတော့ မဲရအောင်ကြိုးစားကြဖို့ပြောချင်ပါတယ်။ ကျနော်တို့လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်လို့ သတင်းစကားပါးချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,