အထိနာထားတော့ ပြည်သူတွေကလည်း ကျေနပ်မှုမရှိဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KPKL / ဖရူးဆိုးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခူးသဲရယ်

အစိုးရရော၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရော သေသေချာချာလေး ကိုင်တွယ် ဖြေရှင်းစေချင် ပါတယ်။ ဒီမိုကရေစီ မဟာမိတ်တွေ အတွက်လည်း အခြေအနေ မကောင်းဘူး …

ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်မှုနှင့် ပတ်သက်ပြီး ကယားပြည်နယ်တွင် ကန့်ကွက်မှုများ ဖြစ်ပေါ်နေရာ ကန့်ကွက် ဆန္ဒ ထုတ်ဖော်သူများကိုအစိုးရက ပြည်ထောင်စုနေ့တွင် ရာဘာကျည်ဖြင့်ပစ်ခတ်ဖြိုခွဲခဲ့သည်။ ယင်းအခြေအနေများ အတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ကန့်ကွက်သည့် လူငယ်များ ဆွေးနွေး ညှိနှိုင်းမှုရလဒ်အရရုပ်တု ဖြစ်မြောက်ရေး ကော်မတီနှင့် ကန့်ကွက်သည့်ကော်မတီတို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံသဘောတူညီချက် စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ် ရေးထိုးပေးခဲ့သည့် ဖရူးဆိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်သည် ဖေဖော်ဝါရီ (၁၇) ရက်နေ့ကဆွေးနွေးပွဲတွင်လည်း သက်သေအဖြစ် ပါဝင်ခဲ့ရာ ဆွေးနွေးပွဲအခြေအနေနှင့် ပတ်သက်ပြီး ငြမ်းမီဒီယာကဆက်သွယ် မေးမြန်းထားသည်များ ကို ဖော်ပြလိုက်ပါသည်။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆွေးနွေးကြတာ ဘယ်လိုပြီးစီးသွားလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခူးသဲရယ် – တစ်ဖက် ခြောက်ယောက် ညှိနှိုင်းကြတဲ့အခါ နှစ်ဖက် စလုံးက သူတို့ လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်တယ် ဆိုတာ တွေ ဆွေးနွေးကြတာပေါ့။ ဖြစ်မြောက်ရေး ကော်မတီဘက်ကတော့ အဲဒီလိုဆွေးနွေးတာကို သိပ်သဘောမကျဘူး။ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့က ဝန်ကြီးချုပ်တို့နဲ့ သဘောတူထားတဲ့ အချက်အပေါ်မှာပဲ အခြေခံပြီး ဆွေးနွေးကြမယ် လို့ပြောတယ်။ လူငယ်တွေဘက် ကတော့ လုပ်ရတဲ့ ရည်ရွယ်ချက်ကို နှစ်ဖက်စလုံးက သိဖို့လိုတယ်လို့ တင်ပြလာတဲ့အခါ ဖြစ်မြောက်ရေးဘက်က သိပ်လက် မခံချင် ဘူး။ လူငယ်တွေက ဘာကိုအဓိကထား ဆွေးနွေးသလဲဆိုရင် ကြေးရုပ်ကို ရွှေ့ပေးဖို့ ပြောတယ်။

သမိုင်းအမှန်တွေ ဖျောက်ထားတာက နှစ် (၆၀) ကျော် နှစ် (၇၀) လောက်ရှိပြီဆိုတော့ အခုမှတက်လာတဲ့ လူငယ်တွေ ကရင်နီအကြောင်းကို မလေ့လာ ဖူးတဲ့ လူငယ်တွေကျတော့လည်း မခံမရပ်နိုင် ဖြစ်ကောင်းဖြစ်နိုင် တယ်။ ကျွန်တော့်အနေနဲ့ …

ဖြစ်မြေက်ရေး ကော်မတီဘက်က တော့ ဒီနေ့တက်လာတဲ့ တစ်ဦးချင်းစီအနေနဲ့ လက်မခံ လိုဘူး။ ရွှေ့ပေးဖို့ ကိုတော့ လက်မခံလိုဘူး။ ဖြစ်မြောက်ရေး ကော်မတီ ကိုယ်စား ပြုပြီး တက်လာတာ ဖြစ်တဲ့အတွက် တာ ဝန်ယူမှု တာဝန်ခံမှု မလုပ်နိုင် ဘူးပေါ့။ ကြေးရုပ်နဲ့ ပတ်သက်ပြီး လူငယ်တွေ ကန့်ကွက်နေ တဲ့ကြားက အစိုးရက သူတို့ကော်မတီကိုလွဲပြီး လုပ်ခိုင်းလို့ မဖြစ်မနေလုပ်လိုက်ရတာ ဖြစ်တယ်။

လူငယ်တွေလည်း နိုင်ငံရေး လွှမ်းမိုးမှုထက် သမိုင်းအရ လုပ်တာပါ။ ကျွန်တော်တို့ရဲ့ ကရင်နီသမိုင်းအမှန်ကို လာပြီး လွှမ်းမိုး မလားဆိုပြီး စိုးရိမ်ကြတာပါ။ ၂၀၂၀ ရွေးကောက်ပွဲဆိုတာ …

ကော်မတီက လည်း နောက်ပိုင်းမှ တာဝန်ယူရတဲ့ အခြေအနေမျိုး ဖြစ်တဲ့ အခါကျတော့ အစောပိုင်းက ကိစ္စတွေကို သူတို့ ဘာမသိ ရပါဘူးလို့ ပြောတယ်။ အုတ်ခုံဆောက်တဲ့ကိစ္စတွေ ကုန်ကျစရိတ်တွေ အစအဆုံး ဘယ်လောက် ကုန်တယ်ဆိုတာ သူတို့ မသိဘူး။ သူတို့ကော်မတီက တာဝန်ယူတဲ့ အချိန်ကနေ အပြီးအထိ အသုံးပြုခဲ့တဲ့ ငွေတွေကတော့ အစိုးရက သိန်း (၄၀၀) ပေးတယ်။ အလှူငွေ က သိန်း (၂၀၀) ကျော်ရတယ်။ စုစုပေါင်း သိန်း (၆၀၀) ကျော်သုံးတယ်လို့ သူတို့ပြော တယ်။ ကြေးရုပ်တည်ဖို့ကိစ္စနဲ့ ဖွင့်ပွဲကိစ္စပဲ သူတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ငြမ်းမီဒီယာ – တွေ့ဆုံပွဲက ဘယ်လိုအဆုံးသတ်သွားလဲ။

ခူးသဲရယ် – လူငယ်တွေပြောတာက ရွှေ့ပေးဖို့ ၊မရွှေ့ပေးဖို့ ပြတ်ပြတ် သားသား အဖြေပေး ပါလို့ ပြောတယ်။ ရွှေ့ပေးဖို့ မရွှေ့ပေးဖို့က အစိုးရနဲ့ပဲ ဆိုင်တယ်။ ဘာကြောင့်ဆိုရင် ဖွင့်ပွဲလုပ်ပြီး အစိုးရကို လွှဲအပ်လိုက်ပြီ ဖြစ်တဲ့အတွက် အစိုးရနဲ့ပဲ ဆိုင်တော့တယ်။ ကျွန်တော် တို့နဲ့ မဆိုင်တော့ဘူးဆိုတာမျိုး ဖြစ်မြောက်ရေး ကော်မတီ ဘက်က ပြောတယ်။ ဒါပေမယ့် ဖေဖေါ်ဝါရီ (၁၂) ရက်နေ့က ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုး ပြောဆိုချက်အရဆိုရင် ကော်မတီနဲ့ပဲ ဆိုင်တယ်။ အစိုးရနဲ့ လုံးဝမဆိုင်ဘူးလို့ ပွဲမှာလည်း ပြောသလို မီဒီယာ တစ်ခုမှာလည်း ပြောထားတာပဲ။

ငြမ်းမီဒီယာ – ဝန်ကြီးချုပ်နဲ့တွေ့တုန်းက ပြောဆိုချက်တွေနဲ့ ဖြစ်မြောက်ရေး ကော်မတီရဲ့ ပြောဆိုချက်တွေမှာ ဘာတွေကွဲလွဲတယ်လို့ သတိထား မိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခူးသဲရယ် – ဝန်ကြီးချုပ်က ဒီကော်မတီကို လွှဲချတယ်။ ဒီကော်မတီက လည်း အစိုးရကို လွှဲချတယ်။ အရပ်စကားပြောရရင် ဒီနှစ်ဖွဲ့ က ဘောလီဘော ပုတ်နေကြတယ်။ တစ်ဖွဲ့မှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။

ငြမ်းမီဒီယာ – ဖြစ်မြောက်ရေး ကော်မတီက အစိုးရအနေနဲ့ သူတို့ကို သိန်း (၄၀၀) ချပေးတယ်လို့ ပြောတယ်။ အခြားသတင်း တွေမှာ လည်း ပြည်နယ်ဖွံ့ဖြိုးရေး ဘတ်ဂျက်တွေကို ကြေးရုပ် ကိစ္စမှာ ယူသုံး တယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ဘာတွေသိထားလဲ။

ခူးသဲရယ် – ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး သုံးထားတာတွေကို အတိအကျတော့ မမှတ်မိတော့ဘူး။ ဘယ်လို ဘယ်လို သုံးတယ် ဆိုတာ အစည်းအဝေးတစ်ခုမှာတော့ ကြားတယ်။ ဘယ်လိုသုံးတယ် ဘယ်လိုကုန်တယ်ဆိုတာ အစိုးရက ချမပြတော့ ကျွန်တော် လည်း မသိဘူး။ ဖြစ်မြောက်ရေး ကော်မတီကပြောမှ ဘယ်လောက်ပေး တယ်ဆိုတာ သိရတယ်။ အခုဖော်ပြတဲ့ ပမာဏက တစ်ကယ် ကုန်ကျတဲ့ ပမာဏ မဟုတ်ဘူးဆိုတာတော့ သုံးသပ်မိပါတယ်။

ငြမ်းမီဒီယာ – ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့တုန်းက သက်သေအဖြစ် ပါခဲ့တဲ့သူဆိုတော့ အခုဆွေးနွေးကြတဲ့ နှစ်ဖက်တွေ့ဆုံပွဲ အခြေအနေက သဘောတူညီချက်တွေကို အကောင်အထည် ဖော်နိုင်တယ်လို့ ပြောလို့ရမလား။

ခူးသဲရယ် – လုံးဝအကောင်အထည် မဖော်နိုင်ပါဘူး။ ဖြစ်မြောက်ရေး နဲ့ ကန့်ကွက်သူ တွေကြားက ဆွေးနွေးလို့ရလာတဲ့ အချက်တွေကို အစိုးရက အကောင်အထည်ဖော်ပေးမယ် ဆိုပေမယ့် ဘာတစ်ခုမျှ ဆုံးဖြတ်ချက်ချနိုင်မယ့် အခြေအနေမရှိဘူး။

ငြမ်းမီဒီယာ – နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲတွေ ထပ်ပြီးတော့ ဖြစ်လာနိုင်ဦးမလား။ဘယ်လို သုံးသပ်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခူးသဲရယ် – ဒီနေ့လည်း သူတို့ပြောပါတယ်။ အခု ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင်လည်း နောက်တစ်ကြိမ်ကို ဘယ်တော့ ပြန်တွေ့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တော့ ချမှရမယ်။အဲဒီလို မဟုတ်ရင် ဒီမှာပဲ ရပ်တန့်သွားမယ်လို့ ကျွန်တော်ပြောတယ်။ ကျွန်တော့်အထင်တော့ ဒီကော်မတီနှစ်ခုက ထပ်တွေ့ဖို့တော့ အလားအလာမရှိတော့ဘူး ထင်တယ်။ လူငယ်နဲ့ အစိုးရ ပြန်တွေ့ဖို့ ဖြစ်သွားနိုင်တယ်။

ငြမ်းမီဒီယာ – ဖြစ်မြောက်ရေး ကော်မတီကို ကိုယ်စားပြုပြီး လာရောက် ဆွေးနွေးသူတွေဟာ ကယားပြည်နယ်ရဲ့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေလား၊ ဘယ်လိုလူတွေလဲ။

ခူးသဲရယ် – ကျွန်တော်လေ့လာ သိရှိရသလောက်တော့ ဖြစ်မြောက်ရေး ကော်မတီ ကိုယ်စားပြုသူတွေဟာ မူရင်းဌာနေ တိုင်းရင်းသား တွေ မပါဘူး။ ပြည်မကနေ ဌာနေအနေနဲ့ လာပြီး အခြေချတဲ့ လူတွေများတယ်။ ရှမ်းတစ်ယောက်တော့ ပါလာတယ်။ သူက ဘာမှ တော့ ဝင်မဆွေးနွေးဘူး။ ကျန်တဲ့သူတွေကတော့ ပြည်မကနေ လာပြီး အခြေချနေထိုင်တဲ့သူတွေပါ။

ငြမ်းမီဒီယာ – ဖြစ်မြောက်ရေး ကော်မတီကလည်း အစိုးရတာဝန်လို့ ပြောတယ်။ အစိုးရကလည်း ဖြစ်မြောက်ရေး ကော်မတီ တာဝန်လို့ ပြောတယ်။ တစ်ဖက်က လူငယ်တွေကလည်း ကြေးရုပ် ဖယ်ရှားရေး ဆိုတော့ ကြေကြေလည်လည် မညှိနှိုင်းနိုင်ရင် ဘယ်လို နောက်ဆက် တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာ နိုင်မလဲ။

ခူးသဲရယ် – ပထမဆုံး စထားတာက အစိုးရပဲဆိုတော့ အစိုးရ တာဝန်ယူဖို့လိုတယ်။ တစ်ကယ်လို့ ဒါကို အစိုးရက တာဝန်မယူဘဲ ပစ်ထားမယ်ဆိုရင်တော့ ကြီးမားတဲ့ ပြဿနာတွေ ပိုဖြစ်လာစရာ အကြောင်းရှိတယ်။ လူငယ်တွေကလည်း လုံးဝမလျော့ဘူး။ ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ဖြိုခွဲလို့ ရာဘာကျည်ဆန်တွေနဲ့ ပစ်ထားတာ အထိနာထားတော့ ပြည်သူတွေကလည်း ကျေနပ်မှုမရှိဘူး။ ပြေပြေလည်လည် မြန်မြန်ဆန်ဆန် ဖြေရှင်းတာမျိုး မဟုတ်ရင် ပြဿ နာတွေကြီးလာမယ်။ စခဲ့တာက ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရဆိုတော့ သူတို့မှာပဲ တာဝန်ရှိတယ်။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ကြေးရုပ်ကိစ္စက ကယားပြည်နယ် နိုင်ငံရေး အခြေအနေကို ဘယ်လောက် သက်ရောက်နေပြီလဲ။ ၂၀၂၀ ရွေးကောက်ပွဲအထိ လွှမ်းမိုးလာနိုင်မလား။

ခူးသဲရယ် – ကြေးရုပ်တုကိစ္စက နိုင်ငံရေးမှာ လွှမ်းမိုးလာမယ်တော့ မထင်ဘူး။ လူငယ်တွေလည်း နိုင်ငံရေး လွှမ်းမိုးမှုထက် သမိုင်းအရ လုပ်တာပါ။ ကျွန်တော်တို့ရဲ့ ကရင်နီသမိုင်းအမှန်ကို လာပြီး လွှမ်းမိုးမလားဆိုပြီး စိုးရိမ်ကြတာပါ။၂၀၂၀ ရွေးကောက်ပွဲ ဆိုတာ ဒုတိယ အဆင့်ပါ။ ပထမ အချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကလွပ်လပ်ရေးဖခင် ဆိုပေမယ့်လည်း ကရင်နီပြည်နယ်နဲ့ လုံး၀ သက်ဆိုင်ခြင်း မရှိတော့ ထားစရာမလိုဘူးပေါ့။ တကယ်လို့ လုပ်ချင်တယ် ဆိုရင်လည်း ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပြီးမှ ရုပ်တုကို ထားရင်လည်း ထားပေါ့။ ၂၀၂၀အတွက် ရည်ရွယ်ပြီး လူငယ်တွေက လုပ်တာမဟုတ်ဘူးလို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံတိုင်းရင်းသားတွေက ကန့်ကွက်တဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဝေဖန်သူတွေကို ဘယ်လို မှတ်ချက်ပေးချင်လဲ။

ခူးသဲရယ် – တိုင်းရင်းသား လူမျိုးစုတိုင်းမှာ ရှိနေတဲ့ နောက်ခံ သမိုင်းတွေကို အသိအမှတ်ပြုဖို့ လိုတယ်။ ဘာကြောင့်ဆိုရင် သူတို့ တွေဟာ လူနည်းစုတွေ ဖြစ်ကြတဲ့အခါကျတော့ ဒီလို လုပ်လိုက်ရင် သမိုင်းပျောက်ပြီး လူမျိုးပါ ပျောက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေ တယ်။ ပြည်ထောင်စု စိတ်ဓာတ် အနေနဲ့ တိုင်းရင်းသားတွေကို အသိအမှတ်ပြုပြီး လုပ်စေချင်တယ်။ သမိုင်းကြောင်းအရ ကရင်နီ ပြည်ဟာ သီးခြားလွပ်လပ်တဲ့ ပြည် တစ်ခုအဖြစ် ရှိခဲ့တာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ သမိုင်းအမှန်တွေ ဖျောက်ထားတာက နှစ် (၆၀) ကျော် နှစ် (၇၀) လောက်ရှိပြီဆိုတော့ အခုမှတက်လာတဲ့ လူငယ်တွေ ကရင်နီအကြောင်းကို မလေ့လာဖူးတဲ့ လူငယ် တွေ ကျတော့လည်း မခံမရပ်နိုင် ဖြစ်ကောင်းဖြစ်နိုင် တယ်။ ကျွန်တော့်အနေနဲ့ ပြောလိုတာက အခုအစိုးရရော နောင်ဖြစ်လာ မယ့် အစိုးရရော တိုင်းရင်းသားတိုင်းရဲ့ သမိုင်း အမှန်တွေကို အသိအမှတ်ပြုပေးပါလို့ ပြောလိုပါတယ်။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။

ခူးသဲရယ် – ငြိမ်းချမ်းရေးတို့၊ ဖယ်ဒရယ်စနစ်တည်ဆောက်မယ်တို့၊ ပြည်ထောင်စု စိတ်ဓာတ်ရှိဖို့ ဆိုတာလည်း မှန်တယ်။ လက်ရှိ လုပ်နေတဲ့ ပုံစံကြီးက ဖယ်ဒရယ်ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ကို သွားပြီးထိခိုက်မယ့် အခြေအနေဖြစ်တယ်။ လက်ရှိ တာဝန်ရှိတဲ့ အစိုးရရော၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရော သေသေချာချာလေး ကိုင်တွယ် ဖြေရှင်းစေချင် ပါတယ်။ ဒီမိုကရေစီ မဟာမိတ်တွေ အတွက်လည်း အခြေအနေ မကောင်းဘူး။ ချောင်းဆုံ ကိစ္စလည်း ရှိခဲ့တော့ သင်ခန်းစာယူပြီး ဒီမိုကရေစီ မဟာမိတ်တွေနဲ့ လက်တွဲညီညီ လုပ်ဖို့လိုတယ်။

ငြမ်းမီဒီယာ

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,