အန္တရာယ်ကြားကနေ ကျောင်းဖွင့်ဖို့ လုပ်မယ် ဆိုတဲ့ သဘောမျိုး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကာကွယ်ဆေးမတွေ့ဘဲ သူ့နိုင်ငံသူနိုင်ငံသားတွေကို ပစ်စလက်ခတ် မလုပ်ဘူးဆိုတာ ဒါက နိုင်ငံ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ။  …

ကိုဗစ်ကာလအတွင်း အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ထိုသို့ဖွင့်လှစ်ရာတွင် အထက်တန်း အဆင့်ကို ဇူလိုင်လ (၂၁) ရက်နေ့တွင် ဖွင့်လှစ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန တာဝန် ရှိသူများ ကပြောကြားထားသည်။ အထက်တန်း များ ဖွင့်လှစ်ပြီး နောက် အလယ်တန်းနှင့် မူလတန်း အဆင့် များကို လည်း အဆင့်လိုက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေတွင် ရောဂါကူးစက်ပျံ့ပွားမည့် အခြေအနေကို စိုးရိမ်ပူပန်နေကြသည့် မိဘအများအပြား ရှိသည့်အပြင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရာတွင် မြေပြင် အခြေအနေ အရ အခက်အခဲ များစွာ ရင်ဆိုင်နေရသည့် ဆရာ၊ဆရာမများစွာလည်း ရှိနေသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးလည်းဖြစ်၊ ကျောင်းအုပ်ဆရာ တစ်ဦးလည်း ဖြစ်သည့် ဦးမင်းမင်းထွဋ် (အခြေခံပညာရေးလုပ်သားများ သမဂ္ဂ၊ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်) ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMH / ဦးမင်းမင်းထွဋ်(အခြေခံပညာရေးလုပ်သားများသမဂ္ဂ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်)

ငြမ်းမီဒီယာ – ကိုဗစ်ကာလ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီမံတဲ့အခါမှာ မြေပြင်မှာရှိနေတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ ဘယ်လို အခြေအနေမျိုးတွေ ကြုံနေရတာရှိလဲ။ ဒေသအသီးသီးမှာရှိတဲ့ ဆရာတို့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမ တွေဆီကရော ဘယ်လိုသတင်းစကားမျိုးတွေ ကြားရတာရှိလဲခင်ဗျ။

UMMH – ဒီနေ့အနေအထားအထိကတော့ ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသရေး၊ အမျိုးသား အဆင့် ဗဟို ကော်မတီ ကြေညာချက် အရ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဇွန်လ(၃၀) ရက်နေ့အထိကို ထပ်တိုးမြှင့် တာ တွေ့ရတယ်။ ကျနော်တို့ကတော့ သံသယ တစ်ခုရှိတယ်။

အခုဆို လူစုလူဝေးတွေ ပြန်ဖြစ် လာတယ်။ ဖြစ်လာတဲ့ အနေအထားမှာ ထပ်ပြီးတော့ ရောဂါပိုးတွေ့နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိလာတယ်။ အဲဒီမှာ ကျနော်တို့ ပညာရေးအပိုင်းက ဇူလိုင်(၂၁) ရက်နေ့မှာ အထက်တန်းတွေ ပြန်ဖွင့်မယ်။ ပြီးရင် အလယ်တန်း တွေ ဖွင့်မယ်။ အလယ်တန်းတွေပြီးရင် မူလတန်းတွေဖွင့်မယ်လို့ စီစဉ်ဆောင်ရွက်ထားတယ်။ ညွှန်ကြားထားတယ်။

အဲဒီလို ညွှန်ကြားထားတဲ့အခါမှာ အခုလက်ရှိအနေအထားအရ ကျနော်တို့ အခြေခံပညာမှာ ရှိတဲ့ Grade 4 ပေါ့။ စတုတ္ထတန်း သင်ရိုးသစ်နဲ့ ပတ်သက်ပြီးတော့ နည်းပြ သင်တန်းတွေ တစ်မြို့နယ်ကို ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော် နဲ့ စနေပြီ။ တစ်နိုင်ငံလုံး မှာ စနေပြီ။ အဲဒီနည်းပြသင်တန်းတွမှာ Social Distancing နဲ့အညီ ဆောင်ရွက်ပါလို့ ပြောပေမယ့် တချို့မြို့နယ် တွေမှာဆိုရင် တချို့မြို့နယ်တွေရဲ့ ဓာတ်ပုံတွေ တက်လာတဲ့ အခါမှာ ခြောက်ပေခွာထားတာ မတွေ့ရဘူး။ ဒါလည်း စိုးရိမ်စရာတစ်ချက်ပဲ။

အခုလာမယ့် (၁၅) ရက်နေ့မှာ မြို့နယ်အဆင့်၊မူလတန်းအဆင့်သင် ဆရာ၊ဆရာမ အားလုံးကို သင်တန်းပေးတော့မယ်။ ကျနော်တို့ လေးမျက်နှာ မြို့နယ်ဆိုရင် တစ်ခန်းကို လူ(၂၀) နှုန်းနဲ့ အခန်း(၂၀) ရှိတယ်။ နောက်စင်တာတစ်ခုမှာ (၁၁) ခန်းရှိတယ်။ လူ လေး၊ငါး၊ခြောက်ရာ၊ တစ်ထောင်လောက်လောက်ကို သင်တန်းပေးတော့မယ်။ ဒါကလက်ရှိ ဆောင်ရွက်နေတဲ့ အပိုင်းပေါ့။ အဲဒါပြီးရင် နောက်ထပ် Grade -7သင်တန်းလာမယ်။ Grade -10 သင်တန်းလာမယ်။ ဒါကတစ်ပိုင်းပေါ့။

ဘေးအန္တရာယ် ကင်းတဲ့ စာသင်ခန်းတွေဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာတွေ ၊ဝိုင်းဝန်း ကူညီဖို့ဆိုတာက ကျနော်တို့နိုင်ငံရဲ့ လက်ရှိ အနေအထားအရ …

အခုက တက္ကသိုလ်ဝင်တန်းအမှတ်တွေကိုလည်း ခြစ်နေပြီ။ ဒီရောဂါနဲ့ပတ်သက်ရင် လက်ရှိ အနေအထားအရ ရောဂါ ထိန်းချုပ် နိုင်စွမ်း မရှိသေးဘူး။ရောဂါဖြစ်ပွားမှု ဆက်ပြီးမြင့်မားနေတဲ့ နိုင်ငံတွေလည်း ရှိသေးတယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထောက်ပြပြောဆို ဝေဖန်နေတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့နိုင်မှာဆို ရောဂါဖြစ်တဲ့သူက နှစ်ရာခြောက်ဆယ်ကျော်နေပြီ။ ဒီ အခြေအနေမှာ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် လက်ရှိ ကျောင်းတွေရဲ့ မြေပြင်အခြေအနေအရ နံပါတ်တစ် ဆရာ၊ဆရာမ လုံလောက်မှု မရှိဘူး။ နံပါတ်နှစ် စာသင်ခန်း လုံလောက်မှု မရှိဘူး။ နံပါတ်သုံး စာရေးခုံတွေ လုံလောက်မှု မရှိဘူး။ နံပါတ်လေး လက်ဆေးဘေစင်တွေ လိုလာမယ်။ Social Distancing နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် အဲဒါတွေလိုမယ်။ Mask တွေလိုမယ်။ လက်သန့် ဆေးရည်လိုမယ်။ နောက်ပြီး ကျန်းမာရေး အသိပညာပေး ဗဟုသုတတွေလိုမယ်။ အဲဒီ အချက်တွေထားဦး လောလောဆယ် စာသင်ခန်း အဆောက်အဦ လုံလောက်မှု မရှိဘဲနဲ့ ကျောင်းတွေကို ဖွင့်ဖို့ စီစဉ်နေတယ်။

ဝန်ကြီးဌာနက အဲဒီလို စီစဉ်တဲ့နေရာမှာ တစ်သုတ်တက်မလား။ နှစ်သုတ်တက်မလား။ နှစ်သုတ်တက် သုံးရက်ခြားလား။ သုံးသုတ် တက် တစ်ပတ်ခြားလား။ နှစ်သုတ်တက် တစ်ပတ်ခြားလား ဆိုပြီး စီစဉ်ဆောင်ရွက်နေတယ်။ကျောင်းသား နည်းတဲ့ ကျေးရွာက ကျောင်းတွေက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျောင်းသားဦးရေများတဲ့ မြို့ပေါ်ကျောင်းတွေ ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ ဘာတွေ ဖြစ်လာမလဲဆိုတော့ အခက်အခဲတွေ ၊ပြဿနာတွေ ဖြစ်လာမယ်။

တကယ်လို့သာ ကျောင်းတစ်ကျောင်းကနေ ကျောင်းသားတစ်ဦးဦးမှာ ဒီရောဂါ ကူးစက်မှု ရှိသွားပြီဆိုရင် တစ်ကျောင်းလုံး ကို ဖြစ်သွားမှာ။ အဲဒီတော့ ကျောင်းသားထောင်နဲ့ချီတဲ့ ကျောင်း တစ်ကျောင်း လုံး ကို ကွာရန်တင်း ဘယ်မှာထားမလဲ။ အဲဒီလို ဖြစ်လာပြီဆိုရင် အဲဒီကျောင်းသားရဲ့ မိဘ၊နောက် ကျောင်းပို့၊ ကြို လုပ်တဲ့ သူတွေ၊အတူနေမိသားစုတွေ ရောဆိုတော့ တကယ်လို့သာ ကျောင်းတစ်ကျောင်းကနေ ကိုဗစ်ပိုး တွေ့တယ်ဆိုရင် မတွေးရဲစရာ၊ အရမ်းကို ကြောက်စရာ ကောင်းလောက်အောင် ဖြစ်နိုင်တဲ့ အနေအထား ပါ။ ဒါက ဖြစ်ခဲ့သည် ရှိသော်လို့ ကျနော်တို့က တွေးတာလေ။ ဖြစ်မယ်လို့လည်း ပြောလို့မရဘူး။ မဖြစ်ဘူးလို့လည်း ပြောလို့ မရဘူး။

ကျနော်ဆိုရင် ကျောင်းသားမိဘလည်းဖြစ်သလို ကျောင်းအုပ်ကြီးလည်းဖြစ်တယ်။ပညာရေးအဝန်းအဝိုင်း ကလည်း ဖြစ်တယ်။ ကျနော်တို့ ကျောင်းသားမိဘတွေနဲ့၊ကျနော်တို့ ကျောင်းကော်မတီက သူတွေကို ဖုန်းတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ လက်ရှိ အနေအထားအရ သူတို့ကတော့ ကျောင်းတွေဖွင့်မယ် ဆိုရင် တောင်မှ တချို့ကတော့ ဖွင့်ရင်ထားမယ်။

တချို့ကျောင်းသားမိဘက တော့ ထားဖို့အတွက်ကို ဒီအခြေအနေမှာ စိတ်မချတဲ့ အနေအထား ရှိတယ်။ နောက်တစ်ခုက ဒီဆရာ၊ ဆရာမတွေဟာ ကျောင်းဝင်လာကတည်းက အပူချိန် တိုင်းရမယ်။ လက်ဆေးခိုင်းမယ်။ Mask တပ်ခိုင်းမယ်။ တစ်ယောက်နဲ့ တစ်ယောက်ခြောက်ပေ ခြားရမယ် ဆိုတော့ ကျနော်တို့က သောက်ရေကအစ ရေသန့်ဘူးနဲ့ကို စီစဉ်ရတော့မယ်။ ရေခွက်နဲ့ ရေသွား သောက်မယ် ဆိုရင် အဲဒီနေရာမှာ ပြုံနေမှာ။ ကလေးတွေရဲ့ သဘော သဘာဝက တစ်ယောက်နဲ့တစ်ယောက် မထိနဲ့လို့ ပြောရင် ထိမယ်။ ဆော့ကစားတာရှိမယ်။

အဲဒီတော့ ဒီကလေးကို မဆော့နဲ့ ဒီနေရာမှာပဲနေ ။ဆရာ၊ဆရာမနဲ့ လည်း ခြောက်ပေ ခွာထား မယ်။ ဆရာ၊ဆရာမက သင်ကြားရေးကို လုပ်မယ်ဆိုရင် အခုစနစ်သစ်ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ချထားတဲ့ လမ်းညွှန်ချက်တွေ၊မူဝါဒတွေနဲ့ဆိုရင် ဘယ်လိုမှ ကို မကိုက်ညီဘူး။ အဲဒီတော့ စာတတ်အောင်သင်ချင်ရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ၊ စည်းကမ်းတွေက အလိုလို ဖောက်ဖျက်ပြီးသား ဖြစ်သွားမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီတော့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာမယ်ဆိုရင် ကလေးတွေကို စာသင်လို့ မရဘူးဆိုတဲ့ အခက်အခဲတွေ သွားတွေ့ရပါတယ်။

ငြမ်းမီဒီယာ – ဆရာ၊ဆရာမတွေအနေနဲ့ စာသင်ကြားရေးအပြင် ကျောင်းသား။ ကျောင်းသူ တစ်ဦးချင်းစီကို ထောင့်စေ့အောင် အမြဲမပြတ်ကြည့်ဖို့ လိုနေတဲ့အခြေအနေမျိုး ။ အထူးသဖြင့် ကလေးငယ် တွေပေါ့ ။အဲဒီလို အခြေအနေတွေအပြင် တကယ့်မြေပြင်မှာ များစွာသော အခက်အခဲတွေ တွေ့ကြုံ နိုင်တယ်လို့ ကြားရပါ တယ်။ဥပမာ နှာခေါင်းစည်းတွေ တပ်ပြီး စာသင်ကြားဖို့ ဆိုတာ ကရော အချိန်အတိုင်းအတာတစ်ခုထိ လွယ်ပါ့မလား။

UMMH – အဲဒါက ဟုတ်ပါတယ်။ကျနော်တို့လည်း အဲဒါကိုပြောချင်ပါတယ်။ Mask ကို ဆရာ၊ ဆရာမ တပ်ရမယ်။ ကျောင်းသူ၊ ကျောင်းသားလည်း တပ်ရမယ်။အဲဒီတော့ သုံးလွှာ Mask တွေ တောင်မှပဲ နှစ်နာရီ၊သုံးနာရီလောက် တပ်ရင်ကို တော်တော် မွန်းကြပ်ပါတယ်။N-95 Mask ဆိုရင် တစ်နာရီလောက်ကို မနည်းတပ်ရတယ်။ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ဒီ သုံးလွှာ Mask ကို တပ်ပြီဆိုရင် တောက်လျောက်ကြီးတပ်ဖို့ကတော့ မလွယ်ဘူး။ ဥပမာ တစ်နာရီတပ်မယ်။ တစ်နာရီတပ်ပြီးရင် ဘယ်လို လုပ်မလဲ။ တောက်လျောက်ကြီးကတော့ လူကြီးတွေတောင် အသက်ရှုရကြပ်တယ်။

အသေးစိတ်ပြဿနာပေါင်းတွေကတော့ အများကြီးပါ။ အိမ်သာ သွားရင်တစ်ယောက်တည်း လွှတ်ရမှာ။ အဲဒီမှာ ကျောင်းနဲ့ အိမ်သာနဲ့ နီးရင် ပြဿနာ သိပ်မရှိဘူး။ ဝေးရင် အဆင် မပြေဘူး။ မိန်းကလေး ဆိုရင် သန့်စင်ခန်း သွားရင် နှစ်ယောက်သွားတယ်။ အခုကျတော့ နှစ်ယောက် သွားလို့မရဘူး။တစ်ယောက်ချင်း သွားရမယ်ဆိုတော့ အဲဒီကလေးက သန့်စင်ခန်းသွားရင် အခြားအကြောင်း တစ်ခုခု၊ ရောဂါတစ်ခုခုနဲ့ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ဘယ်သူတာဝန်ယူမလဲ။

ကျောင်းမှာ ရှိတဲ့အတွက်ကြောင့် ကျောင်းက တာဝန်ယူပါလို့ပြောမယ်။ အဲဒီတော့ အဲဒီ ကလေးအတွက်ကို နောက်ကနေ ဆရာ၊ဆရာမက အိမ်သာကို ခြောက်ပေခွာပြီး လိုက်သွား ရဦးမယ်။ အဲဒီတော့ ကျောင်းတစ်ကျောင်းမှာ ဆရာ၊ဆရာမ လုံလောက်တဲ့ ကျောင်းက ပြဿနာ မရှိဘူး။ မလုံလောက်တဲ့ကျောင်းက ဘယ်လို လုပ်မလဲ။ အဲဒီ အခြေအနေ တွေ အခက်အခဲတွေတော့ ရှိတယ်။

အခြေခံပညာမှာ က သင်ရိုးသစ်ကို အကောင်အထည်ဖော်ရင် တစ်တန်းကို တစ်ယောက်ရှိမှ သင်ကြားသင်ယူမှု က အဆင် ပြေမှာ။ အခုဟာက တန်းခွဲတစ်ခုကို ဆရာ။ဆရာမ တစ်ယောက်နှုန်း မထားဘဲနဲ့ ကျောင်းသား(၅၀) ရှိရင် ဆရာ၊ဆရာမ နှစ်ယောက် သို့မဟုတ် သုံးယောက် ဆိုပြီးခန့်ထားတဲ့ အတွက်ကြောင့်ကို ဆရာ၊ဆရာမ မလုံလောက်တဲ့ ပြဿနာက အဓိက ဦးစားပေးဖြစ်နေတယ်။ ကျနော်တို့ကျောင်းမှာဆို ခုံတွေက Single ခုံတွေအနေနဲ့ သွားတာမဟုတ်ဘူးလေ။ အခက်အခဲကတော့ တော်တော်များများ ရှိပါတယ်။

တင်ဒါခေါ်တဲ့အခါမှာလည်း အဲဒီ Mask တွေက သတ်မှတ်ထားတဲ့ ကွာလတီနဲ့ မီအောင် ဖြစ်ဖို့တော့ လိုတယ်။ကျောင်းတွေ ရောက် ခါ မှ ကြိုးတွေ ပြုတ်ရင်တော့ …

ငြမ်းမီဒီယာ – ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ စီမံတာမှာ လုံခြုံဘေးကင်း တဲ့ စာသင်ခန်း တွေ ဖြစ်ဖို့ စီမံနေ တယ်ပေါ့။ အဲဒီမှာ မိဘ။ဆရာတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ လမ်းညွှန် ချက်တွေ လိုက်နာဖို့ ဆော်သြ ထားတာမျိုးလည်းတွေ့ရပါတယ်။ ဒါပေမယ့် တကယ့်အခြေအနေမှာ ဒါတွေကို လိုက်ပါလုပ်ဆောင်နိုင်ဖို့ အခြေအနေ ပေးပါ့မလား ဆရာ။

UMMH – ရိုးရိုးရှင်းရှင်းဖြေရရင်တော့ မပေးပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုရင် ဘေးအန္တရာယ် ကင်းတဲ့ စာသင်ခန်းတွေဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာတွေ ၊ဝိုင်းဝန်း ကူညီဖို့ဆိုတာက ကျနော်တို့နိုင်ငံရဲ့ လက်ရှိ အနေအထားအရ ကျနော်မြင်တာကတော့ စည်းကမ်းလိုက်နာမှု အားကတော့ အရမ်းနည်းနေသေးတယ်။

အဲဒီမှာ နောက်တစ်ခုက အကြောင်းကြောင်းတွေ အများကြီး ရှိပါတယ်။ တချို့ကျောင်းသား မိဘက တတ်နိုင်တယ်။ စားရေး သောက်ရေး ၊နေရေးထိုင်ရေး ပြည့်စုံတယ်ဆိုတဲ့ မိဘကတော့ စည်ကမ်းတကျ လိုက်နာကောင်း လိုက်နာ မယ်လေ။ ကျနော်တို့ နယ်ဘက်တွေမှာ ရှိတဲ့ ဆရာ။ဆရာမတွေနဲ့ ဆက်ဆံနေရတဲ့ ကျောင်းသား မိဘတွေမှာ စီးပွားရေးအဆင်မပြေတဲ့ လက်လုပ် လက်စားသမားတွေ ရှိတယ်။ သူတို့မှာ ထမင်း စားဖို့ကို နေ့စဉ်ဘဝမှာ ရှာဖွေပြီး စားသောက်ရတာလေ။

သင်တန်းနှစ်ရက်မှာ ဆရာ၊ဆရာမတွေ အတွက်ရော၊ နည်းပြတွေ အတွက်ရောကို Mask တွေပေးမယ်ဆိုတာ သာရှိတယ်။ လောလောဆယ် အဲဒီ Mask တွေ ရောက် မလာဘူး။ …

ကျောင်းထား တယ်ဆိုတာကလည်း ကျောင်းကိုပဲ ပို့လိုက်တာလေ။ကျန်တဲအပိုင်းတွေမှာကျတော့တာဝန်ယူမှု၊ တာဝန် ခံနိုင်မှု မရှိတဲ့ အခါကျတော့ ကလေးတွေ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘယ်လို ရှိလဲဆိုတာကအစ အိမ်မှာ ပြန်စစ်တာမျိုး ဆိုလည်း မရှိတာက များတယ်။ စားဝတ်နေရေးအတွက်ကိုပဲ လုံးပန်းနေရတဲ့ အခါကျတော့ ဒီဘက်က စည်းကမ်းတွေကိုလိုက်နာဖို့ဆိုတာ လုံးဝမလုပ်ကြဘူး။

ကျနော်တို့ ဘယ်လောက်ပြောပြော ဘယ်လိုလိုက်နာပါလို့ပြောပြော လိုက်နာတဲ့မိဘတွေ ရှိသလို မလိုက်နာတဲ့ မိဘကများတယ်။ အဲဒီတော့ ကျောင်းသားမိဘတင်မဟုတ်ဘူး။ကျနော်တို့ ဆရာ၊ဆရာမ တွေဘက်မှာ လုပ်ရတဲ့ အခြေအနေအရ ဆရာ။ဆရာမ ဦးရေ အားနည်းတဲ့ အခြေအနေ အဲဒီ အားနည်းချက် လည်း ရှိနိုင်တယ်။

နောက်တစ်ခုက နယ်ဘက်က ကူးစက်မှုနှုန်း နည်းတယ်လို့ ပြောပေမယ့်လည်း ပြည်ပက ခိုးဝင်လာတာတွေရှိနိုင်တယ်။ ကိုယ့်နိုင်ငံ မှာ အဆင်မပြေတော့ ပြည်ပထွက်လုပ်ကြတဲ့ အများစုက နယ်က လူတွေများတယ်။ တချို့က တရားဝင် သွားတယ်။ တချို့က တရားမဝင်သွားတယ်။ အဲဒီမှာ ပြန်လာကြတဲ့ အခါ ခိုးဝင်လာရင် ရောဂါ ကူးစက်မှုပါလာရင် ရွာထဲ၊ရပ်ကွက်ထဲကနေ ကျောင်းသူ။ကျောင်းသားတွေ ဆီ ထိတွေ့မှု၊ကူးစက်မှု ရှိရင် အဲဒီဟာက တားမရဘူး။ အဲဒါကိုလည်း ကျနော်တို့ စိုးရိမ်တယ်။

ကျနော်တို့ကို အစိုးရဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်း ၊ပြည်သူ့ဝန်ထမ်း ဘယ်လိုပဲပြောပြော အပေါ်က ချထားတဲ့ ပေါ်လစီအရ ကျောင်းဖွင့်ပါ ဆိုရင် ကျနော်တို့က ဖွင့်မှာပဲ။ ဖွင့်တဲ့အခါမှာ မပြည့်စုံမှုတွေကို ကျနော်တို့ဆရာ၊ဆရာမ အပိုင်းကတော့ တတ်နိုင်သလောက် ကျနော်တို့ကြိုးစားပမ်းစား စီစဉ်ဆောင်ရွက်ကြမှာပါပဲ။ ဒါပေမယ့် တစ်စုံတစ်ခုဖြစ်လာရင် ဖွင့်ခိုင်းတဲ့ အစိုးရမှာ၊ ဝန်ကြီး ဌာနမှာ တာဝန်ရှိတယ်။ ကျနော်တို့ချည်းပဲ တာဝန်ရှိတာ မဟုတ်ဘူး။

ပညာရေး မဆုံးရှုံးအောင် ကျောင်းတွေကို ပြန်ဖွင့်နိုင်တယ်လို့ နိုင်ငံတကာကို ပြချင် တာလား။ တကယ်တမ်းပြည်သူလူထုရဲ့ သားသမီးတွေ …

ငြမ်း

ငြမ်းမီဒီယာ – နိုင်ငံတော်အတိုင်ပင်ခံဆိုရင် Physical Distancing ဆိုပြီး သုံးတာမျိုးတွေ့ပါ တယ်။ ခပ်ခွာခွာ နေကြဖို့ပေါ့။ ရန်ကုန် မှာဆို လူအတော်များများက ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေ လိုက်နာကြပါတယ်။ ဥပမာ နှာခေါင်းစည်း တပ်တာမျိုး၊ လက်ဆေးတာ ဒါတွေ လိုက်နာကြတာတွေ့ရပါတယ်။ ဒါပေမယ့် အခြေအနေ အရ Physical Distancing လုပ်လို့မရတာမျိုးလည်း ကြုံကြပါတယ်။ ရုံးတက်၊ရုံဆင်းအချိန်တွေ ဆို တော်တော် သိသိသာသာ တွေ့ရပါတယ်။ ကျောင်းတွေပြန်ဖွင့်ချိန်ဆိုရင်တော့ လူထူ ထပ်မှုက ဒီထက်ပိုများ လာမယ်လို့ လည်း ထင်ပါတယ် ။ ပညာရေးဝန်ကြီးဌာနက မိဘတွေ ပူးပေါင်းကြဖို့၊လိုက်နာကြဖို့ ဆိုပေမယ့် ကျောင်း အသွားအပြန် ခရီးမှာ Physical Distancing စည်းက စပေါက်ပြီဆရာ။ အဲဒီအခြေအနေမျိုးကိုရော ဆရာ ဘာများ မှတ်ချက် ပေးချင်လဲ။

UMMH – ကျနော်ထင်တာကို ကျနော်ပွင့်ပွင့်လင်းပြောရရင်တော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖွင့်ပါလို့ ဆိုတဲ့ အတွက် ကြောင့် ပညာရေးဝန်ကြီးက ဖွင့်လို့ရအောင် စီစဉ်ဆောင်ရွက်တယ်လို့ ကျနော်ကတော့ ထင်တယ်။

ကျောင်းဖွင့်တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဟာ ကိုဗစ်ကာလမှာ ကျောင်းတွေကို Social Distancing နဲ့ အညီ ပညာရေး မဆုံးရှုံးအောင် ကျောင်းတွေကို ပြန်ဖွင့်နိုင်တယ်လို့ နိုင်ငံတကာကို ပြချင် တာလား။ တကယ်တမ်းပြည်သူလူထုရဲ့ သားသမီးတွေ ဖြစ်တဲ့ ကျောင်းသား၊ကျောင်းသူ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံတဲ့ ပညာသင်ယူမှုနဲ့ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံး အောင် သင်ယူစေချင်လို့ ကျောင်းဖွင့် တာလား ဆိုတဲ့ အဲဒီနှစ်ချက်အပေါ်မှာတော့ ကျနော်တို့ ဝေခွဲလို့ မရဘူးဖြစ်နတယ်။ ဖြစ်စေ ချင်တာကတော့ လုံခြုံစိတ်ချရမှု ရှိမှ ကျောင်းတွေကို ဖွင့်သင့်တယ်။

ဥပမာပြောမယ်ဗျာ။မြန်မာတစ်နိုင်ငံလုံးက မြို့နယ်ပေါင်း (၃၃၀) ကျော်မှာ Grade-4 သင်တန်းအခုပေးနေပြီ။ မြို့နယ်အဆင့် နည်းပြ သင်တန်းပေါ့။ အဲဒါကို အွန်လိုင်းနဲ့ သင်နေပြီ။ အဲဒီသင်တန်းက နှစ်ရက်ကျင်းပတယ်။  အဲဒီသင်တန်းနှစ်ရက်မှာ ဆရာ၊ဆရာမတွေ အတွက်ရော၊ နည်းပြတွေ အတွက်ရောကို Mask တွေပေးမယ်ဆိုတာ သာရှိတယ်။ လောလောဆယ် အဲဒီ Mask တွေ ရောက် မလာဘူး။

အဲဒီတော့ ကျနော်တို့ ဆရာသမဂ္ဂတွေက Mask တွေ သွားလှူပေးရတယ်။ လှူပေးရလို့ ပြောတာမဟုတ်ဘူး။ ဆိုလိုတဲ့ သဘောက လုပ်ငန်းတစ်ခု အကောင်အထည်ဖော်တော့မယ်ဆိုရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုပြီးတော့ စီစဉ်ထားရမှာ။ ဘာတစ်ခုမှ စီစဉ်ထားတာ မရှိဘူး။ သင်တန်းမှာ ခြောက်ပေ ခွာဖို့ နေရာမှာ ခြောက်ပေတော့ ခွာကြတယ်။ဒါပေမယ့် လက်ဆေးဖို့ နေရာတို့ ၊ Mask တို့ စီစဉ် ထားတာမရှိဘူး။ Mask ဆိုရင် ကိုယ့်ဘာသာဝယ်သုံးကြရတယ်။ ဝယ်သုံးရလို့လည်းပြောတာ မဟုတ်ဘူး။ လုပ်ငန်းတစ်ခု လုပ်ချိန်မှာဖြစ်နိုင်ချေရှိတာ၊လုပ်သင့်လုပ်ထိုက်တာတွေ ကြိုတင်ပြင်ဆင်မှုအားနည်းတာ။ ပြင်ဆင်မှု ရှိရမှာပေါ့။

အခုဆယ့်ငါးရက်နေ့ ဖွင့်မယ့် သင်တန်း အတွက် ဆရာလက်စွဲတို့၊ သင်တန်းနည်းပြလက်စွဲတို့ စာအုပ်တွေက ရောက်မလာသေးဘူး။ ကျနော်တို့ဆီမှာ ဒီသင်တန်းတွေတွေ လုပ်လာတာ ငါးနှစ်ရှိသွားပြီ။ တစ်နှစ်မှ ချောချော မွေ့မွေ့ နဲ့ အဆင်ပြေသွားတာ မရှိဘူး။

ငြမ်းမီဒီယာ – ပညာရေးဝန်ထမ်းဆရာ၊ဆရာမတွေကို ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သင်တန်း ပေးမယ်လို့ကြားတယ်။ အဲဒါကရော ဆရာ။

UMMH – အခုအခြေခံပညာဦးစီးဌာနက စာထွက်လာတယ်။ ခုနက ကျနော်ပြောတဲ့သင်တန်းက သင်ရိုးသစ် သင်တန်း။ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆ – ၂၀၂၁ အရ KG +12 အကောင်အထည်ဖော်မှုရဲ့ သင်ရိုးသစ်သင်တန်း Grade -4 ။Grade – 4 သင်တန်းကို မြို့နယ်မှာ ခြောက်ရက်ပေးမယ်။ နည်းပြတွေကို အွန်လိုင်းနဲ့ နှစ်ရက်သင်တန်းပေးတယ်။ သင်တန်းသားတွေ ကျတော့ နည်းပြနဲ့ မျက်နှာချင်းဆိုင်ပေါ့ သင်တန်းခြောက်ရက်ပေးမယ်။

ကျောင်း ဖွင့်ဖို့ ဆိုတာက အန္တရာယ်ကြားထဲမှာ ဘယ်နေ့ ရောဂါကူးမလဲ ဆိုတာကို သံသယစိတ်တွေ၊ကြောက်လန့်စိတ်တွေနဲ့ ဖွင့်ရမယ့် အနေအထား …

နောက်ဆုံးတစ်ရက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကျန်းမာရေးနဲ့ပတ်သက်တဲ့ သင်တန်းတစ်ရက်ပေးမယ်တဲ့။ ကျနော်တို့ မှန်းတာကတော့ ကျောင်းတွေမှာ လက်ဆေးရင် ဘယ်လိုဆေးရမယ်၊ အပူချိန်ဘယ်လို တိုင်းရမယ်၊ နောက်တစ်ခုက ကျောင်းသာ တစ်ခုခုဖြစ်လာလို့ သက်ဆိုင်ရာ နီးစပ်ရာကျန်းမာရေးဌာနတွေနဲ့ ဆက်သွယ် ဆောင်ရွက် ရမယ် ဆိုရင် ဥပမာ PPE ဆို ဘယ်လို ဝတ်ရမယ်ဆိုတာမျိုးက အစ ဒါမျိုးကို သူတို့သင်တန်းပေးမယ့်သဘောလို့တော့ ကျနော်တို့ ထင်တယ်။

ကျနော်တို့ မြို့နယ်မှာ အခန်း(၃၁) ခန်းရှိတယ်။ တစ်ခန်းကို ဆရာ၊ဆရာမ (၂၀) ရှိတယ်။ အဲဒီ (၃၁) ခန်းကို ကျန်းမာရေးဝန်ထမ်း သုံးယောက်က ဘယ်လို သင်တန်ပေးမလဲ ဆိုတာ ကျနော်လည်း စဉ်းစားနေတာ။

ငြမ်းမီဒီယာ – မကြာသေးခင်က ကျန်းမာရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ချက်မှာတော့ အခုကပ်ရောဂါရဲ့ အခြေအနေကတော့ ခန့်မှန်လို့မရသေးတဲ့အခြေအနေပေါ့။ ပညာရေးဝန်ကြီးဌာနကတော့ ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ကျောင်း ပြန်ဖွင့်မယ်လို့ ပြောတယ်။ အဲဒီအပေါ်ရော ဆရာ ဘာမှတ်ချက်ပေးချင်လဲခင်ဗျ။

UMMH – ကျနော်ပြောချင်တာလည်း အဲဒါဗျ။ ပညာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ အညီ ၊ကိုဗစ် ဗဟို ကော်မတီရဲ့ ထုတ်ပြန်ချက်နဲ့အညီ ကျောင်းဖွင့်ရေး၊မဖွင့်ရေး စီစဉ်ဆောင်ရွက်မယ်လို့ ပြောထားတာရှိတယ်။ ဒါပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အခါမှာ ဒီရောဂါရဲ့အခြေအနေကို ခန့်မှန်းလို့မရသေးဘူး။ ရုတ်တရက် အစုလိုက် အပြုံလိုက် တွေ့နိုင် တယ်လို့ ပြောထားတာရှိတယ်ဗျ။

ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ချိတ်ဆက်မှုတော့ ရှိတယ်။ ဒါပေမယ့် ရှိပင်သော်ငြားလည်း ကျောင်းဖွင့်ရေး ကိုပဲ အာရုံစိုက်နေတယ်လို့ပဲ ကျနော်တို့ကတော့ မြင်တယ်။ အန္တရာယ်ကြားကနေ ကျောင်းဖွင့်ဖို့ လုပ်မယ် ဆိုတဲ့ သဘောမျိုး သက်ရောက် နေတယ်လို့တောင် ကျနော်တို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေး ဝန်ကြီးဌာန က မီးစိမ်းပြမှ သာလျင် ပညာရေးက ကျောင်ဆက်ဖွင့်လို့ရမှာလေ။

သူများနိုင်ငံတွေ ကတော့ Social Distancing ဆိုတာ လုံလောက်တဲ့အနေအထား ရှိတာကြောင့် ဖွင့်လို့ရတယ်။ဒါပေမယ့် အဲဒီလို ဖွင့်လို့ရတာတောင်မှပဲ ရောဂါပိုးတွေ့လို့ ကျောင်းတွေ ပြန်ပိတ်လိုက်ရတာမျိုး တောင်ကိုရီးယားမှာလည်း ဖြစ်ခဲ့ တယ်။ နိုင်ငံတကာ မှာတောင် အဲလိုဖြစ်ရင် ကျနော်တို့လို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ဆင်းရဲတဲ့ နိုင်ငံမှာ ဒီ Social Distancing နဲ့ ကျောင်း ဖွင့်ဖို့ ဆိုတာက အန္တရာယ်ကြားထဲမှာ ဘယ်နေ့ ရောဂါကူးမလဲ ဆိုတာကို သံသယစိတ်တွေ၊ကြောက်လန့်စိတ်တွေနဲ့ ဖွင့်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။

ငြမ်း

ငြမ်းမီဒီယာ – ဆရာက ပညာရေးဝန်ထမ်း၊ကျောင်အုပ်ဆရာ တစ်ယောက်ဖြစ်သလို ကျောင်းသားမိဘ တစ်ဦးလည်ဖြစ်တယ်။ ကျောင်းတွေ ပိတ်ရရင် တော့ ဘယ်နိုင်ငံမှာမဆို အကျိုးမများတာတော့ ရှိမှာ သေချာပါတယ်။ဒါပေမယ့် အခုလိုအခြေအနေမှာ ကျောင်းတွေ ပိတ်ထားတာနဲ့ ဖွင့်တာနဲ့ဆို ဘယ်ဟာက ပိုအကျိုးများမယ်လို့ ယူဆလဲဆရာ။

UMMH – ကျနော်တို့ငယ်ငယ်က ရှစ်ဆယ့်ရှစ်ဖြစ်တော့ ကျောင်းတွေ ပိတ်လိုက်ရတယ်။ နောက်မှပြန် တက် ရတယ်။ ဒါက တစ်ပိုင်းပေါ့။ လက်ရှိအနေအထားအရ ကျနော်တို့က နှစ်ချက်စဉ်းစားတယ်ဗျ။ နိုင်ငံတော်ဘက်က တွေးရင် ကျောင်းတွေ မဖွင့်ဘဲ ထားရင် ကလေးတွေ ပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးသွားမယ်။ တစ်နှစ် နာသွားမယ်။ ဟုတ်ပြီ။ အဲဒါ မှန်တယ်။ ထောက်ခံ တယ်။ ဒါပေမယ့် ဒီဘက်မှာ အန္တရာယ်ကြားထဲကနေ အသက်ကို အသေခံမလား။ ပညာရေးကို တစ်နှစ် နောက်ဆုတ် မလား ဆိုတာမျိုး တစ်ဖက်က စဉ်းစားတယ်။

အဲဒီလို စဉ်းစားတဲ့ အခါမှာ ကျနော်တို့ မေးမြန်းကြည့်တဲ့အခါမှာတော့ အသက်တော့ အသေမခံဘူး။ ပညာရေး တော့ တစ်နှစ် နောက်ဆုတ်ရင် ဆုတ်ရပါစေဆိုတဲ့ မိဘက များနေတယ်။ ကျနော်တို့ ကျောင်းဖွင့်မယ်ဆိုရင်လည်း ဘယ်လောက်အထိ လုံခြုံ စိတ်ချရမှုရှိလဲဆိုတဲ့ မိဘတွေရဲ့ မေးခွန်းထုတ်မှုကိုလည်း ကျနော်တို့ ခံရမှာ။

လုံခြုံစိတ်ချမှသာလျင် မိဘတွေက ကျောင်းပို့မယ့် အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ ကျောင်းဖွင့်တယ် ဆိုတာ အမည်ခံ သာသာလောက်သာဖြစ်လိမ့်မယ်လို့ ကျနော်တို့ထင်တယ်။ တကယ်လို့ ရောဂါကူးစက်မှု ဒီထက်မြင့်လာရင်တော့ ကျောင်းတွေကို တစ်နှစ်နားပေးသင့် တာကောင်းတယ်။

တကယ်လို့ ရောဂါ ဖြစ်ပွားမှု လျော့ကျသွားရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ လိုက်နာပြီး ကိုယ့်ရပ်ရွာ၊ ဒေသ အခြေအနေနဲ့ သင့်လျော်တဲ့ ပုံစံကို စီစဉ်ဆောင်ရွက်ပြီး ကလေးတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာ အစီအမံတော့ ရှိဖို့လိုတယ်။

ငြမ်းမီဒီယာ – ပညာရေးက အခမဲ့ပေးတဲ့ ကျောင်းဝတ်စုံမှာတော့ အဆင်မပြေတာမျိုး ကြုံခဲ့ဖူးတာ ဆရာတို့ လည်း သိမှာပါ။ အခု နှာခေါင်းစည်း ပေးဝေဖို့အတွက် ပညာရေးဝန်ကြီးဌာနက တင်ဒါ ခေါ်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘာများ ပြောချင်လဲ။

UMMH – Mask တွေတင်ဒါခေါ်တာတော့ ပြီးသွားပြီပေါ့ဗျာ။သတင်းစာမှာရော၊ ပညာရေး ဝန်ကြီးဌာန ပေ့ချ်မှာရော တရားဝင် တင်ထားတယ်။ အဖြူ၊အစိမ်းကျောင်းဝတ်စုံတွေ ပေးတုန်းကတော့ ကျောင်းဝတ်စုံတွေက ဆိုဒ် မတော် တာတွေလည်း ရှိတယ်။ ချုပ်ရိုးပြုတ် တာတွေလည်း ရှိတယ်။ပေးတယ်လို့သာ အမည်ခံတာ။ နိုင်ငံတော်က ထောက်ပံ့တယ်လို့သာ အမည်ခံတာ အရည်အသွေး က မကောင်ဘူး။ ဘယ်သူမှ မဝတ်ချင်ကြဘူး။

ဘောင်းဘီ ဆို ခွ ပြဲတယ်။အင်္ကျီဆို ဂျိုင်းကြား ပြဲတယ်။ တော်တော်ဆိုးဆိုးဝါးဝါးတွေ တွေ့ခဲ့ ရပါတယ်။ ဒါက တစ်ပိုင်းပေါ့။ အခု Mask တင်ဒါခေါ်တဲ့အခါမှာလည်း အဲဒီ Mask တွေက သတ်မှတ်ထားတဲ့ ကွာလတီနဲ့ မီအောင် ဖြစ်ဖို့တော့ လိုတယ်။ကျောင်းတွေ ရောက် ခါ မှ ကြိုးတွေ ပြုတ်ရင်တော့ တင်ဒါခေါ်တဲ့ လူတွေမှာ လည်း တာဝန်ရှိတယ်။အဲဒီ ကုမ္ပဏီမှာလည်း တာဝန် ရှိတယ်။ စီးပွားရေးသမားကတော့ အမြတ်ကျန်ဖို့ လိုတယ်လေ။ဒါပေမယ့် ဆရာ၊ဆရာမတွေ၊ကျောင်းသူ၊ကျောင်းသားတွေ သုံးမယ့် Mask တွေက ကွာလတီ မီဖို့ လိုပါတယ်။

ငြမ်းမီဒီယာ – ကာကွယ်ဆေးမပေါ်မချင်း သူ့နိုင်ငံက ကျောင်းတွေကို ပြန်မဖွင့်ဘူးလို့ ပြောတဲ့ ဖိလစ်ပိုင် သမ္မတရဲ့ သတင်းစကား အပေါ်မှာရော ဆရာ ဘယ်လို မှတ်ချက်ပြုချင်လဲ။

UMMH – ရှင်းရှင်းပြတ်ပြတ်လုပ်တတ်တဲ့ သမ္မတဖြစ်တယ်လို့ ယူဆတယ်။ ကျနော်တို့ကတော့ ကြိုက်တယ်။ ကာကွယ်ဆေး မတွေ့ဘဲ သူ့နိုင်ငံသူနိုင်ငံသားတွေကို ပစ်စလက်ခတ် မလုပ်ဘူးဆိုတာ ဒါက နိုင်ငံ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ။ ကာကွယ်ဆေး ပေါ်မှ သူကတော့ ကျောင်းဖွင့်မှာလေ။ နိုင်ငံသူ၊ နိုင်ငံသားတွေကို မပြည့်စုံတဲ့ ဘဝတစ်ခုမှာ ကဲ လုပ်ကြည့်ပါ။ အဆင်ပြေရင်လည်း ပြေမယ်၊မပြေရင်လည်း မပြေဘူးဆိုပြီး အမှောင်ထဲ ခဲပစ်တဲ့ အလုပ်မလုပ်တဲ့ သမ္မတလို့တော့ ကျနော်တို့က ယူဆပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာဦးမင်းမင်းထွဋ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,