အန်အယ်ဒီက စစ်တပ်မကြိုက်တာ မလုပ်ရဲဘူးဆိုတဲ့ပုံ ပေါက်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကရင်အမျိုးသားပါတီ(KNP) ၏ အထွေထွေအတွင်းရေးမှူး(ဦး) မန်းကျော်ငြိမ်း

မြန်မာ့ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ကရင်အမျိုးသားပါတီ (KNP) ၏ အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်း ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်ထားသည်။

ငြမ်းမီဒီယာ – အန်အယ်ဒီအနေနဲ့ တပ်မတော်ရဲ့ပါဝင်မှု အခန်း ကဏ္ဍကို လျှော့ချဖို့ ကြိုးစားရာမှာ အဆင့် သုံးဆင့် ထားပြီး လုပ်တာ တွေ့ရပါတယ်။ အန်ကယ့် အနေနဲ့ ဒီအပေါ်ကို ဘယ်လို မြင်သလဲ။ တကယ်ဖြစ်သင့်တဲ့ အခြေအနေကရော ဘာတွေ ရှိဦးမလဲ။

SKN – အမှန်မှန်ကတော့ဗျာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဒီလွှတ်တော်ထဲမှာ ဝင်ထိုင်စရာ အကြောင်းကို မရှိဘူး။ ကျနော်တို့ အမြင်ကတော့ ဒီဟာနဲ့ သူနဲ့ မဆိုင်ဘူး။ တိုင်းပြည်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး က သူ့တာဝန်ရှိတယ်။ အဲဒါ ကလည်း အရပ်သားဝန်ကြီး အောက်မှာပဲ ရှိသင့်တယ်။ အခုအဆင့်နဲ့ လျှော့ပြီးတော့ လျှော့ချဖို့ လုပ်တာတောင်မှ ကျနော့်အနေနဲ့ ဆို မကြိုက်ဘူး။ နဂို ကတည်းကို က မရှိသင့်တာ။ အခု အန်အယ်ဒီ က အခု အဆင့်လိုက် လျှော့ဖို့ကြိုးစားတာတောင်မှ မရပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အဲဒီတော့ အန်အယ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားမှုကို ရော အန်ကယ် ဘာပြောချင်လဲ။

SKN – ဘာပြောချင်လဲဆိုတော့ နဂိုကတည်းက ဒီလမ်းကြောင်းက မဖြစ်နိုင်ဘူးဆိုတာ အားလုံးက ပြောတာပဲ၊ သတိပေးတာပဲ။ သူ လုပ်ကြည့် တယ်ဆိုတာကတော့ ကွဲကွဲပြားပြား သိစေချင်လို့ပဲ၊ မရနိုင်မှန်းသိလို့ သူတင်ပြီး လုပ်လိုက်သလား။ ဒါမှ မဟုတ်ရင် လာမယ့် သက်တမ်းကျမှ ငါတို့ဆက်လုပ်လို့ရမယ်ပုံစံမျိုးနဲ့ နောက်လာ မယ့် ရွေးကောက်ပွဲ အတွက်ပဲ စည်းရုံးရေးCampaign ဆင်းတဲ့ သဘောမျိုးဖြစ်နေလားမသိဘူး(ရယ်လျက်)။ အဲဒီနှစ်ခု ထဲက တစ်ခုခု တော့ ဖြစ်နိုင်တာပေါ့ဗျာ။

နိုင်ငံတစ်ခုလုံးမှာ ရှိတဲ့ လူသားတွေ ဒုက္ခဖြစ်မယ့်ကိစ္စကို ဒီအချိန်မှာ ကျနော်တို့ ခွဲခြား မြင်လို့ မရတော့ဘူး။ အခုအစိုးရက …

ငြမ်းမီဒီယာ– တိုင်းရင်းသားတွေ ဆီက အများဆုံးကြား ရ တတ် တာတော့ အန်အယ်ဒီဟာ တိုင်းရင်းသားတွေနဲ့ အတော်လေး အလှမ်း ဝေးလာတယ်ဆိုတာမျိုး ပြောကြတာ ရှိပါတယ် ။ အန်ကယ်တို့ ကရင်အမျိုးသားပါတီ (KNP) ကရော ဒါနဲ့ပတ်သက်ပြီး ဘာ မှတ်ချက်ပြုချင်လဲ။

SKN – ကျနော်တို့ တိုင်းရင်းသားတွေအမြင်နဲ့ က တော်တော်လေး ဝေးကွာသလို ဖြစ်နေတယ်။ တစ်ချိန်က ကျနော်တို့ UNA နဲ့ အန်အယ်ဒီ ဆိုတာ လုံး၀ မိတ်ဖက်တွေပဲ အခုလည်း မိတ်ဖက်တွေ ပါပဲ။ သို့သော်လည်း နီးစပ်မှုက တဖြေးဖြေးနဲ့ အနေဝေး သလိုဖြစ် လာတယ်။ အန်အယ်ဒီ အစိုးရဖြစ်လာပြီး နောက်ပိုင်းမှာ ကျနော် တို့ရဲ့မဟာမိတ်တွေ ၊တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးက အရင်လို သိပ်မနီးစပ်တော့ဘူး။ အေးအေးကြီး ဖြစ်သွားတယ်။

ငြမ်းမီဒီယာ– ဘာကြောင့် အဲဒီလို ဖြစ်လာတယ်လို့ အန်ကယ်ထင်လဲ။

SKN – ကျနော်မြင်တာကလေ အန်အယ်ဒီမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒ ကောင်းကောင်း သူတို့မှာ မရှိဘူးလားလို့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အဲဒါတင်ပဲလား အန်ကယ်ခင်ဗျ။ အခြား ဘာတွေ ရှိနိုင်ဦးမလဲ။

SKN – အခုမြင်နေရတာ ကတော့ အန်အယ်ဒီက စစ်တပ်မကြိုက်တာ မလုပ်တဲ့ သဘောမျိုးတောင် ဖြစ်နေတယ်။ မလုပ်ရဲဘူးဆိုတဲ့ပုံ ပေါက်နေတယ်။ ကျနော်အခုတွေ့မြင် နေရတာလေ။ ဆိုတော့ စစ်တပ် ငြိုငြင်မှာ စိုးလို့လား။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအကုန်လုံး ကျနော်တို့ သိခဲ့တဲ့ အပိုင်းတွေ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တစ်ချိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ တွေ့ဖို့ တရားမဝင်ဆိုပေမယ့်လည်း တရားမဝင်လည်း ဘာမှ မဖြစ်ဘူး။ တွေ့ဖို့တောင်မှ ကြိုးစားခဲ့သေးတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကလည်း တကယ်လို့ ဒီ အခြေအနေ က ထိန်းချုပ်လို့ မရသေး ဘူးဆိုရင် ပုံမှန်တိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မယ် …

အခု အဲလို တွေ့ဖို့လည်း မစဉ်းစားတော့ဘူး။ ဘာမှ ခေါင်းထဲမှာ မရှိတော့ဘူး။ ဆိုတော့ သူ့အနေနဲ့ တိုင်းရင်းသား အရေးနဲ့ ပတ်သက် လို့ သိပ်ရှေ့တန်း မတင်ချင်တဲ့ သဘောလား။ စစ်တပ်နဲ့ ပြေလည်ဖို့သာ အဓိကလို့ သူ(ဒေါ်အောင်ဆန်းစုကြည်) တွေးနေ လား ပေါ့။ စစ်တပ် သဘော မတူတာတို့၊ မကြိုက်တာဆိုရင် မလုပ်စေချင်တဲ့ သဘောတွေ ရှိတယ်။ ဥပမာဆိုရင် သူ့အထဲက လွှတ်တော် အမတ်တွေ ပြောမိတဲ့ စကားတွေကို သူပြန်ပြီးတော့ လိုက်ပိတ်တာ။

 

ငြမ်းမီဒီယာ– ဒါဆို တိုင်းရင်းသားကိစ္စမှာ ကြည့်ရင် ဗိုလ်ချုပ်စမစ်ဒွန်း ကို တပ်ချုပ်ကိုယ်တိုင် ဂါရ၀ သွားပြုတာ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံတာတွေ တော့ တွေ့ရပါတယ်။ ကရင်အမျိုးသား တစ်ယောက်ကို သွားဂါရဝြပုတဲ့ အပေါ်မှာ အန်ကယ် က ကရင် တိုင်းရင်းသား လည်း ဖြစ်တော့ ဒီကိစ္စ အပေါ် ဘယ်လို မှတ်ချက် ပေးချင်လဲ။

SKN – ဒီ တပ်မတော်သမိုင်းတစ်ခုလုံးကို ကြည့်ရင် ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသား ဆိုတာ အားလုံး သိကြ တာပဲ။ သို့သော်လည်း ဘယ်စာအုပ်စာတမ်းမှ ကောင်းကောင်း မွန်မွန် ရေးထားတာ မရှိဘူး။ အမေ့ခံနေရတဲ့ သဘောမျိုး တောင် ဖြစ်တယ်။ အခု သူ (တပ်ချုပ်) သွားတွေ့တယ် ဆိုတဲ့ကိစ္စကတော့ သူကိုယ်တိုင်က အဲဒီမတိုင်ခင်ကတည်းက ဘာသာရေး အသင်း အဖွဲ့ တွေ သွားတွေ့ပြီး လုပ်တာတွေ က ကျနော်ထင်ပါတယ် နိုင်ငံတကာရဲ့ အမြင်ကို လျော့ သွားအောင် လုပ်ပြတဲ့ သဘောလို့ပဲ ကျနော် မြင်တယ်။ ဒါကို သိပ်ပြီး ထွေထွေထူးထူးလို့ ကျနော် မမြင်ဘူး။ စိတ်ပါလက်ပါက တော့ သူ( တပ်ချုပ်) အသိဆုံးပဲ ဖြစ်လိမ့် မယ်။ ဗလီသွားတွေ့တာတို့၊ ခရစ်ယာန် ကျောင်း သွားတွေ့တာတို့ ၊ဗိုလ်ချုပ် စမစ်ဒွန်း အုတ်ဂူ သွားတာတို့ ဘာတို့ ဆိုတာတွေက နိုင်ငံတကာ အမြင်ကောင်း အောင်၊ တစ်ဖက်ကလည်း အိုင်စီဂျေ ရောက်တဲ့ ကိစ္စတွေမှာလည်း နိုင်ငံတကာအမြင် ကောင်းအောင် ပြန်လုပ်ပြတဲ့ သဘော ပါကောင်း ပါမယ်။ မဟုတ်ရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ နိုင်ငံ တကာ ဖိအားတွေအပေါ်မှာလည်း သူ့ဘက်က ကာကွယ်ချင် တဲ့ သဘောလည်း ပါကောင်းပါမှာပေါ့။

ငြမ်းမီဒီယာ– မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိသလို COVID – 19 ပြဿနာကလည်း ရှိနေတော့ အဲဒီ အခြေအနေတွေ အပေါ်မှာ ရော အန်ကယ် ဘယ်လို မျှော်လင့်ထားသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SKN – ဒါက အရေးပေါ် အခြေအနေတစ်ခုလို့ ပြောလို့ရတယ်။ WHO ကလည်း ကြေညာပြီးပြီ ဆိုတော့ ကျနော်တို့က ဆေးပညာနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိပေမယ့် ဒီကပ်ရောဂါက ကမ္ဘာ့ စီးပွားရေး တစ်ခုလုံးမှာ အခုတော်တော်လေး ကို ပြိုလဲ သွားနိုင်တယ်။ ဒါက အကုန်လုံး ထိခိုက်လာနိုင်တယ်။ ဒါတွေကို အချိန်မီ ပြန်မကုစားနိုင်၊ မလုပ်နိုင်ရင် ပျံ့ထွက်သွားမယ်။ ကျနော်တို့ဒီမှာလည်း ပေါ့လျော့ဖို့မသင့်ဘူး။ ဒါအရေးပေါ် အခြေအနေ ဖြစ်တဲ့အတွက် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကလည်း တကယ်လို့ ဒီ အခြေအနေ က ထိန်းချုပ်လို့ မရသေး ဘူးဆိုရင် ပုံမှန်တိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မယ်။ ဆုတ်သွားနိုင်တယ် လို့တောင် ကျနော်ကတော့ ထင်တယ်။ ဒါပေမယ့် ဆုတ်မယ်ဆိုရင်လည်း အားလုံးသဘောတူညီမှု ယူပြီးမှ ဆုတ်ရမယ့်သဘောတော့ ရှိတယ်။ ဒီအချိန်မှာ မဆုတ်လို့ မဖြစ်ဘူးဆိုတာ အားလုံးက လက်ခံနိုင်ပါတယ်။ တကယ်လည်း စိုးရိမ်စရာ ရှိတယ်။ နောက်တစ်ချက်က ကျနော်တို့ နိုင်ငံအနေနဲ့က ဖြစ်လာရင် တော်တော် စိုးရိမ်စရာ ကောင်းတယ်။ ကျနော်တို့ဆီမှာ ဘာမှ မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှု အရမ်းအားနည်းတဲ့ အခါကျတော့ ဖြစ်လာမယ် ဆိုရင် တော်တော် စိုးရမ်စရာ ရှိတယ်။ ဒီလောက်တိုးတက်တဲ့ နိုင်ငံကြီးတွေ မှာ တောင် မပြည့်စုံတာ။ဒီလို နိုင်ငံတွေကတော့ ဆိုဖွယ်ရာ မရှိဘူးပေါ့ဗျာ။

ငြမ်းမီဒီယာ– ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၁၅)ပါတီက COVID – 19 အခြေအနေအပေါ် အကြောင်းပြုပြီး ကာလုံခေါ်ဖို့ ကြေညာချက်ထုတ်ပြန်တာတွေ့ရပါတယ်။ ဒါကိုရော အန်ကယ် ဘယ်လို မှတ်ချက်ပြုချင်လဲ။ ကာလုံခေါ်ဖို့ လိုသလား။

SKN – (ရယ်လျက်) ဒီကိစ္စက ကာလုံခေါ်ပြီး ကာလုံက ဘာလုပ်လို့ ရမှာလဲ။ ဒါသက်သက် အကြောင်းရှာတယ် လို့ပဲ ထင်ပါ တယ်။ ဒီလိုအကြောင်းရှာတာကလည်း အခုတစ်ခေါက်မှ မကပါဘူး။ ကြာပါပြီ။ ဒီလိုပဲ ကာလုံခေါ်ပေးဖို့၊ကာလုံခေါ်ပေးဖို့ တင်နေတာ။ ဒီမှာကလည်း ကာလုံခေါ်လို့မဖြစ်ဘူးလေ။ ကာလုံခေါ်တာနဲ့ ၂၀၀၈ ကာလုံအခန်းကဏ္ဍက သူ့ကို အာဏာအကုန်ပေးအပ် ရတော့ မှာ။ ဘယ်ဖြစ်သင့်မလဲ။

ဒီအစိုးရနဲ့အတူ ဝိုင်းဝန်းပြီး ဘယ်လိုစဉ်းစားရမလဲ ပဲ လိုတယ်။ ကျနော်တို့ ဝိုင်းလုပ်ဖို့ လိုတယ်။ အခုက ဒီကိစ္စက နိုင်ငံတစ်ခုလုံးမှာ ရှိတဲ့ လူသားတွေ ဒုက္ခဖြစ်မယ့်ကိစ္စ …

ငြမ်းမီဒီယာ– ဒါဆို သူတို့အနေနဲ့ ဘာကြောင့်ထုတ်တယ်လို့ ယူဆသ လဲ။ ထုတ်ရောထုတ်ဖို့လိုသလား။ ပြည်သူတွေဆီမှာလည်း စိုးရိမ်ကြောင့်ကြမှု ကြီးနေတဲ့အချိန်။

SKN – သူတို့က အကြောင်းပြမယ်ပေါ့။ လက်ရှိ ဒီအစိုးရဟာ စွမ်းဆောင်နိုင်မှု မရှိဘူး။ ဒါကြောင့်မို့ ကာလုံခေါ်မှ လုပ်လို့ရမယ်။ မာရှယ်လောလိုပုံစံမျိုး၊စစ်ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် လုပ်မှဖြစ် မယ် ဆိုတာမျိုး အကြောင်းပြ ချက် ပေးကောင်းပေးမယ်။ သို့သော် လည်း လိုချင်တဲ့ Target ကတော့ အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျနော် ထင်တာကတော့ လက်ရှိအရပ်သားအစိုးရ အကြပ်အတည်းဖြစ်အောင် လုပ်တာပဲ လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ– အဲဒါဆို အခုကာလုံခေါ်ပေးဖို့ ပြောတဲ့ ပါတီတွေကို ရော အန်ကယ် ဘာမှတ်ချက်ပေးချင်လဲ။

SKN – ပါတီအချင်းချင်းတွေဆိုတော့ ပြောရတာမကောင်း ဘူးပေါ့ဗျာ။ မရောင်ရာ ဆီလူးတယ်လို့ပဲ ကျနော်မြင်တယ် (ရယ်လျက်) ။တကယ်လုပ်သင့်တာ အားလုံးက လက်ရှိ ဒီအစိုးရနဲ့အတူ ဝိုင်းဝန်းပြီး ဘယ်လိုစဉ်းစားရမလဲ ပဲ လိုတယ်။ ကျနော်တို့ ဝိုင်းလုပ်ဖို့ လိုတယ်။ အခုက ဒီကိစ္စက နိုင်ငံတစ်ခုလုံးမှာ ရှိတဲ့ လူသားတွေ ဒုက္ခဖြစ်မယ့်ကိစ္စကို ဒီအချိန်မှာ ကျနော်တို့ ခွဲခြား မြင်လို့ မရတော့ဘူး။ အခုအစိုးရက သင့်တော်တယ်လို့ ယူဆတာကို ကျနော်တို့အကုန်လုံး ဝိုင်းလုပ်ရမယ်။ ပုသိမ်က ဆရာဝန်ကြီး ပြောတာ ကောင်းတယ်။ အစိုးရချည်းပဲ ပုံမချနဲ့ ။ အကုန်လုံး ဝိုင်းလုပ်ပေးရမယ်။ဒါပဲ။ ဒါတစ်နိုင်ငံလုံးကိစ္စ။ လူမျိုးတစ်မျိုးရဲ့ ကိစ္စလည်း မဟုတ်တော့ဘူး။ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ အဲဒီအပေါ်မှာ ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် ဟိုဟာ လုပ်မှ၊ ဒီဟာလုပ်မှ ခေါင်းလွှဲတာမျိုး မလုပ်နဲ့။ လက်ရှိအစိုးရနဲ့ပဲ ကျနော်တို့ အားလုံးပူးပေါင်းပြီး၊ ရအောင်၊ ဖြစ်အောင် လုပ်ဖို့ လိုတယ်။ မဟုတ်ရင် ကျနော်တို့ အနေအထားက ပျောက်သွားနိုင်တယ်။

ငြမ်းမီဒီယာ– ဖွဲ့စည်းပုံ ဘက်ပြန်လှည့်ရရင် နိုင်ငံရေး အကြပ်အတည်း က ၂၀၀၈ ဖွဲ့စည်းပုံ ကြောင့် ရှိနေမှာပဲ ဆိုတဲ့ သုံးသပ်မှုတွေ ရှိတယ်။ တိုင်းရင်းသားတွေ လိုလားချက်တွေ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကဆို မဖြစ်ဘူး။ ဥပမာ ဖက်ဒရယ် နိုင်ငံလိုမျိုး။ ဒါမျိုးမဖြစ်ရင် ပြည်တွင်းစစ်က လည်း သက်ဆိုးရှည်နေဦးမှာပဲ။ ဒီအခြေအနေတွေကို ဘယ်လို ကျော်လွှားလို့ ရနိုင်မယ်ထင်လဲ။

SKN – လက်ရှိတပ်မတော်ခေါင်းဆောင်တွေကလည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လျှော့ပေါ့ ပေးသင့်တဲ့ အပိုင်းတွေ ကို လျှော့ ပေါ့ပေး စေချင်တယ်။ အဲလိုမှ လျှော့ပေါ့ လို့ မရနိုင်ဘူးဆိုရင်တော့ လက်နက်ကိုင် တိုက်ပွဲတင်မကပဲ ပြည်သူ့တိုက်ပွဲပါ ပါလာလိမ့်မယ်။ ဘာလဲဆိုတော့ အခြေအနေက အခု အနောက်ဘက်မှာ တွေ့ရတဲ့ အေအေ ဖြစ်တဲ့ ပုံစံပေါ့။ လွှတ်တော်ထဲ ဝင်လာလို့ ရခိုင်ပါတီက နိုင်လို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ရခိုင်အများစု ဖြစ်ပေ မယ့် အစိုးရဖွဲ့တဲ့ အခါကျတော့ ဖွဲ့လို့မရ ။အဲဒါ သူတို့ သက်တမ်းနှစ်ခုရှိပြီ ဘာမှလုပ်လို့ မရဘူး။ တစ်ခါက အေအေ က NCA မှာ လက်မှတ် ထိုးဖို့ လုပ်ပြန်တော့ လည်း မထည့်ပေးပြန်ဘူး။ လက်မှတ်ထိုး တဲ့ အထဲမှာ AA၊ MNDAA ၊TNLA သုံးဖွဲ့ ကို တပ်မတော်က လက်မခံတော့ သူတို့လည်း မပါပြန်ဘူး။ အဲဒီတော့ သူတို့မှာ စဉ်းစား စရာလမ်း က မရှိတော့ဘူး။ အဲဒီတော့ သူတို့က ၀ ကို ကြည့်ပြီး ကွန်ဖယ်ဒရိတ် လမ်းကို စိတ်ဝင်စား လာပုံ ရတယ်။ တဖြေးဖြေးနဲ့ တိုင်းရင်းသား တွေက ကွန်ဖယ်ဒရိတ် ရောဂါကြီး ကြီးလာမှာ စိုးရိမ်တယ်။ ကျနော်တို့ ကတော့ အဲလိုတော့ လက်မခံဘူး။ ကျနော့် တစ်ယောက်တည်း သဘောထားဆိုရင်တော့ ကွန်ဖယ်ဒရိတ်က အဖြေမဟုတ်ဘူး။ ကျနော်တို့ သွားချင်တာက ဖက်ဒရယ်ပဲ။ ညီညီညွှတ်ညွှတ်နဲ့ ကျနော်တို့ သွားဖို့ပဲ။ ကျနော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နေရမှာပဲ။ ကျနော်တို့ နှစ်ပေါင်း များစွာ နေလာတာဗျာ။

ငြမ်းမီဒီယာ– အန်ကယ်တို့ က ကွန်ဖယ်ဒရိတ်ကို လုံး၀ လက်မခံဘူး ပေါ့။

SKN – ကွန်ဖယ်ဒရိတ်က လက်မခံတာ မဟုတ်ဘူး။ မဖြစ်သင့်သေး ဘူး။ ကွန်ဖယ်ဒရိတ်ဖြစ်မှတော့ ဘာထူးတော့မလဲ။ တစ်ယောက်နဲ့ တစ်ယောက် က ပိုဝေးသွားတော့ မှာပေါ့။ အခု တစ်ယောက်နဲ့ တစ်ယောက် ဝေးနေလို့ ပြန်ဆွဲစိဖို့ လုပ်နေတာ တောင်မှ ဖက်ဒရယ်နဲ့ ရအောင်ပြန်ဆွဲစိနေရတာ။ ဖက်ဒရယ်ကို လုပ်ရဲ့သားနဲ့ မဖြစ်လာတဲ့ တစ်နေ့ကျတော့လည်း ကွန်ဖယ်ဒရိတ် လမ်းကြောင်းက ပေါ်ရင်လည်းပေါ်လာမှာပေါ့။ ဒါပေမယ့် ကျနော် ကွန်ဖယ်ဒရိတ်ကို ကြိုက်တာတော့ မဟုတ်ဘူး။ အခုဖြစ်သင့်တာ ကတော့ ဖက်ဒရယ်နဲ့ ပဲ သွားသင့် တယ်။ ကွန်ဖယ်ဒရိတ် ဖြစ်လာရင် အခြေအနေ မကောင်း ဘူး။ ဘယ်ဟာမှ မကောင်းဘူး။ ကျနော်တို့ အတွက်က ပိုဆိုးသွားမယ်။ အဲလိုတော့ မဖြစ်စေချင်ဘူး။ ဒါက ကျနော် တစ်ယောက်တည်း ပြောတာနော်။ ကျနော့်ပါတီ တစ်ခုလုံး အနေနဲ့ ကိုယ်စားပြုပြီး ကျနော်မပြောချင်ဘူး။ ဒါက ကျနော့် တစ်ယောက်တည်း ရဲ့ သဘော။

ငြမ်းမီဒီယာ– နှစ်ဆယ့်တစ်ပင်လုံကလည်း မကျင်းပနိုင်တာ ကြာသွားပြီ။ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် သက်တမ်းက နှစ်ပေါင်း ခုနှစ်ဆယ်ကျော်။ ငြိမ်းချမ်းရေးလိုချင်ကြတယ်ပြောပြီး ငြိမ်းချမ်းရေး လမ်းပေါ် ဘာကြောင့် မရောက်နိုင်သေးတာလဲ။

SKN – NCA လမ်းကြောင်းကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ ဆိုတာ အဓိက ။ပြီးတော့ မှ Political dialogue ကို သွားကြ မှာ။ အဲဒီအဆင့်ကို ကူးပြောင်းမှာ။ စထွက်လာကတည်းက NCA က မပြည့်စုံဘူး။NCA က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မှာ အကုန်လုံးမှ မပါဝင်ဘဲနဲ့ ထိုးလိုက်မိကတည်းက အခြေအနေက မဖြစ်တော့ဘူး။ နောက်တစ်ချက် က NCA မှာ ပါနိုင်တဲ့ အချက်အလက်တွေ အကုန်လုံးကို လက်မှတ်မထိုးခင် ကတည်းက သဘောတူညီချက်ရအောင်ယူပြီး မှပဲ လုပ်သင့် တယ်။ နောက် တစ်ခါ NCA နဲ့ ပတ်သက်တဲ့ NCA စာချုပ်မချုပ်ခင်ကတည်းက ပြည့်စုံအောင်ထည့်ရမယ်။ အနက် အဓိပ္ပာယ်တွေ က အစ အကုန်လုံး ပေါ့ဗျာ။ နောက်ဆုံး အောက်မှာ Foot note က အစပေါ့။ အကုန်လုံး ပေါ့ အဲဒါတွေက အစ ပြည့်ပြည့်စုံစုံ ရှိသင့် တယ်။ မပြည့်စုံဘဲ ထိုးလိုက်မိတာရယ်၊ နောက် အားလုံး မပါဝင်ဘူး။ နဂိုက အားလုံးပါဝင်ဖို့ဆိုတဲ့ ကိစ္စက မဖြစ်လာဘူး။ အမှန်မှန် အားလုံးပါဝင်ရမယ့်ကိစ္စ။ အားလုံးမပါဝင်တဲ့အခါကျတော့ NCA ရဲ့အခန်းကဏ္ဍက အဲဒီလို ဖြစ်သွားတာ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,