အပြစ်မရှိတဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရတာကို ဘယ်အဖွဲ့အစည်းကမှ ငါတို့လက်ချက်ကြောင့်လို့ပြောမှာ မဟုတ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

RH// ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်

ငြိမ်းချမ်းရေးတစ်ခု၊စစ်မရှိတဲ့ ငြိမ်ချမ်းတဲ့ခေတ်တစ်ခေတ်ကို လိုချင်တောင့်တကြတယ်။နေ့ရော၊ညပါ အေးအေးချမ်းချမ်း၊ အေးအေးလူလူနဲ့ ကိုယ့်စီးပွားဥစ္စာကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေ စားသောက်ချင် ကြတာပေါ့။ဘယ်အချိန်မဆို…

ရခိုင်ပြည်နယ်အတွင်းတပ်မတော်နှင့်AA လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများရှိခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ လေ့လာ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းမှုများပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရအားတိုက်တွန်းကြောင်းအဆိုအား မြောက်ဦး မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က စက်တင်ဘာလ(၁၈)ရက်နေ့တွင် တင်သွင်းခဲ့သည်။ အဆို တင်သွင်းခဲ့သည့် ဦးထွန်းသာစိန် အား ငြမ်းမီဒီယာ ကဆက်သွယ်မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွှတ်တော်မှာအဆိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။စုံစမ်းစစ်ဆေးမှုအဖွဲ့ ဖွဲ့နိုင်ခဲ့ရင်တောင် လက်နက်ကိုင် နှစ်ဖက်ရဲ့ကြားမှာ ပြည်သူတွေဆီက အချက်အလက်အမှန်ရနိုင်ပါ့မလား။

UHTS – အချက်အလက်အမှန်ကတော့ အတိအကျမဟုတ်သည့် တိုင်အောင် အနီးစပ်ဆုံး ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်မှာမျက်မြင်သက်သေတွေရှိတယ်။ပြီးတော့ လက်နက်ကြီးအမြောက်ဆံတွေ၊ လက်နက်ကြီးတင့်ကားတွေ အဲဒါတွေလည်း ရှိတယ်။ထိခိုက်ဒဏ်ရာရ၊သေဆုံးသူ မိသားစုဝင်တွေကို အဲဒီအဖွဲ့ကနေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ စီစစ် မေးမြန်းတဲ့ ကိစ္စတွေရှိမယ်။ ပြီးတော့ လက်ရှိမြေပြင်မှာသေဆုံးသူ၊ ဒဏ်ရာရသူ ဒီမိသားစုဝင်တွေရဲ့ အနီးဝန်းကျင်မှာ ကျရောက်တဲ့ ဗုံးဆံတွေ အမြှောက်ဆံတွေ အဲဒါတွေကို လေ့လာခြင်းအားဖြင့်သိနိုင်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဝါဒမတူလို့ တိုက်ကြခိုက်ကြတာပဲ။ အဲဒီလို တိုက်ခိုက်ကြတဲ့ကြားထဲမှာ တိုက်ပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်။သေဆုံးရတယ်။ ဘာမှ အပြစ်မရှိတဲ့ပြည်သူတွေ …

ငြမ်းမီဒီယာ – ဟုတ်ကဲ့ပါ။အဲဒီတော့ စုံစမ်းစစ်ဆေးပြီး ရလာတဲ့ အချက်အလက်တွေကနေ ဒါဘယ်သူဘယ်ဝါရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူတွေသေဆုံးရတယ်လို့ သိလာရတဲ့အခါမှာ ဘာဆက်လုပ်မလဲခင်ဗျ။

UHTS – သိရပြီဆိုရင် ကျနော်တို့က အစိုးရကို အစီရင်ခံရုံပဲ။ ကျနော်တို့ကတော့ ဘာမှလုပ်လို့မရဘူး။ အရေးယူမယ့် အပိုင်းတို့ ဘာတို့ အဲဒီအပိုင်းကလည်း ကျနော်တို့တာဝန်မဟုတ်ဘူး။ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိနေတယ်။ဒါတွေက ဘယ်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ကြောင့် ဒီလိုသေရတယ်။ ဒဏ်ရာရတယ်။တကယ်လို့များ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူ တွေနဲ့ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ တာဝန်၊ဘယ်အဖွဲ့ အစည်းရဲ့လုပ်ရပ်ဆိုတာကို အစိုးရက ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြပေါ့။

ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှလည်း ဒီလိုမျိုး အချက်အလက်၊အသေးစိတ် အချက်အလက်တွေ ကောက်ယူပြီးတော့ ဒီလိုမျိုး လုပ်တာ မရှိသေးဘူး …

ငြမ်းမီဒီယာ – တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းနှစ်ခုကြားမှာ အပြန်အလှန် စွပ်စွဲမှုတွေကတော့ ရှိတယ်။ ဒီလိုအပြန်အလှန် စွပ်စွဲမှုတွေကို ဘယ်လို ယူဆသလဲ။

UHTS – စစ်ဖြစ်တယ်ဆိုတကည်းက တစ်ဖက်နဲ့တစ်ဖက် သဘောထားကွဲလွဲလို့ပေါ့နော်။ဝါဒမတူလို့ တိုက်ကြခိုက်ကြတာပဲ။ အဲဒီလို တိုက်ခိုက်ကြတဲ့ကြားထဲမှာ တိုက်ပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာ ရတယ်။ သေဆုံးရတယ်။ ဘာမှ အပြစ်မရှိတဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရတာကို ဘယ်အဖွဲ့အစည်းကမှ ငါတို့လက်ချက်ကြောင့်လို့ပြောမှာ မဟုတ်ပါဘူး။ နှစ်ဖက်လုံး ငြင်းမှာပဲ။ဒါပေမယ့် လက်ရှိမြေပြင် အခြေအနေမှာ မျက်မြင်သက်သေတွေနဲ့ ခုနက ရုပ်ဝတ္ထုတွေက သက်သေခံ ပါလိမ့်မယ်။ ဒီတစ်ချိန်မှာ အဲဒါကို မလုပ်နိုင်သည့် တိုင်အောင် နောင်တစ်ချိန်မှာတော့ ပြည်သူကို ဒါတွေ ပွင့်ပွင့်လင်းလင်း ချပြနိုင် ပါလိမ့်မယ်။ ကျနော်တို့က ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှလည်း ဒီလိုမျိုး အချက်အလက်၊အသေးစိတ် အချက်အလက်တွေ ကောက်ယူပြီးတော့ ဒီလိုမျိုး လုပ်တာ မရှိသေးဘူး။ ကျွန်တော်တို့က အရေးယူဖို့ခက်နေရင်လည်း အမှန်တကယ်လေ့လာစုံစမ်းထားတဲ့ ဒီမြေပြင်ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားဖို့ပါ။အဲဒါတွေက အရေးကြီးပါတယ်။

ငြမ်းမီဒီယာ – တပ်မတော်ဘက်က ပြောတာမှာ လက်ရှိအချိန်မှာ ရွာသားနဲ့အေအေ က ခွဲခြားလို့မရတဲ့အတွက် အချက်အလက် အမှန် မရနိုင်ဘူးလို့ပြောထားတာတွေ့ရပါတယ်။အဲဒါနဲ့ပတ်သက်ပြီး ဦးထွန်းသာစိန် ဘာများပြောချင်လဲခင်ဗျ။

UHTS – အဲဒါကတော့ အချက်အလက်အမှန်ရတာရှိသလို မရတာလည်းရှိမှာပေါ့။အကုန်လုံးတော့လည်း မှန်ရမယလို့် မဆိုလိုပါ ဘူး။ တချို့ကအချက်အလက်အမှန်တွေရနိုင်တယ်။ တချို့လည်းအချက်အလက်နဲ့ နီးစပ်တဲ့ဟာတွေရနိုင်တယ်။ တချို့လည်း အမှား တွေလည်းဖြစ်နိုင်တယ်။ အဲဒါကတော့ပြောလို့ မရဘူး။ဒါပေမယ့် မလုပ်တာထက်စာရင် လုပ်တာကပိုပြီးနီးစပ်မယ် ထင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရရှိလာတဲ့အချက်အလက်တွေကို အစိုးရအဖွဲ့ဆီ ပေးပို့မယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်နိုင်မှုအခြေအနေကိုရော ဘယ်လို မျှော်လင့်ထားလဲ။

UHTS – အဲဒါကတော့ အစိုးရရဲ့တာဝန်ပါ။ ကျနော်တို့က ပြည်သူတွေရဲ့အသံ ၊ပြည်သူတွေရဲ့ဆန္ဒ သဘောထားကို ကျနော်တို့က ပြည်သူတွေကိုယ်စားပြုတယ်ဆိုတော့ ဒီလိုပဲ တိုက်တွန်းရတာပါပဲ။

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းပေါ်မှာလည်း ပုဂ္ဂိုလ်ရေး အရ မဝေဖန်ချင်ပါဘူး။အမှန်တကယ် ပြည်သူတွေ ထိခိုက်နစ်နာနေတဲ့အတွက် ပြည်သူဘက်က ရပ်ပြီး ပြောတဲ့ ကိစ္စဖြစ်တယ် …

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ သိပ်မကြာသေးခင်က ခေါင်းဖြတ် သတ်ခံထားရတဲ့ ရုပ်အလောင်းတွေ လူမြင်ကွင်းတစ်ခုမှာ လာပစ်ထားသွားတာ တွေ့ရတယ်။အခြား အသတ်ခံရတဲ့ လူတွေလည်း ရှိနေတယ်။ဒါနဲ့ပတ်သက်ပြီး တပ်မတော်က သတင်း ထုတ်ပြန်မှုမှာတော့ AA ရဲ့လက်ချက် လို့ ပြောဆို ထားတာတွေ့ရတယ်။ဒါကိုရော ဦးထွန်းသာစိန် ဘာမှတ်ချက် ပေးချင်လဲ။

UHTS – ခင်ဗျားနဲ့ ပြောနေတာ ကျနော့်ရဲ့ အဆိုအကြောင်း ပေါ့နော်။အဲဒီ အဆိုကလည်း ဆွေးနွေးရုံလောက်ပဲ လက်ခံထား သေးတယ် ။ အစိုးရက အကောင်အထည်ဖော်မှာ။ အခု ခင်ဗျားနဲ့ကျနော်ပြောနေတာ အဆင့်တစ်ဆင့်ကို ကျော်သွားတယ်။ အဲဒီအဆိုနဲ့ ပတ်သက် ပြီး ကျနော်တို့ အတည်မပြုရ သေးဘူး။ အတည်ပြုပြီဆိုပါတော့ အစိုးရကရော တကယ်ဆောင်ရွက်မလား။

စစ်ပွဲတွေဖြစ်နေကြတယ်။ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးရတာရှိတယ်။ ဒဏ်ရာ ရတာရှိတယ်။ အိုးပစ်အိမ်ပစ်တာရှိတယ်။ နေရပ်ကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာနေရတယ်။ဘယ်သူမှ စိတ်လက် မချမ်းသာဘူး …

ဒီလိုမျိုး အောင်မြင် ခဲ့တဲ့ အဆိုတွေလည်း အများကြီးရှိပါတယ်။ ဒါကိုရော အစိုးရအနေနဲ့ လက်တွေ့ အကောင်အထည် ဖော်ရဲ့လား။ ဒါတွေရှိသေးတယ်။ အခုက အဆင့်က ဆွေးနွေးမယ်၊ အတည်ပြု မယ်။ အတည်ပြုပြီးမှ အဲဒီအတည်ပြုချက်ကို လွှတ်တော် ဥက္ကဌ ကနေ ဝန်ကြီးချုပ်ဆီပို့ချင်ပို့မယ်။ သမ္မတဆီ ပို့ချင်ပို့မယ်ပေါ့နော်။ ပြီးမှ အစိုးရကနေ ဒါကိုဆောင်ရွက်သင့်တဲ့ အရာ၊ ဆောင်ရွက် နိုင်တယ်ဆို သူတို့ဆောင်ရွက်လိမ့်မယ်။ မဆောင်ရွက်နိုင်ဘူးဆိုရင် သူတို့လည်း မဆောင်ရွက်ဘူးပေါ့။အခု ခင်ဗျားနဲ့ ကျွန်တော် ပြောနေတာက ဒါထက်မက ကျော်သွားတယ်နော်။ဒီတော့ ဟိုး…အဆင့်တွေထိ ရောက်စရာ မလိုသေးဘူးထင်တယ်။

ငြမ်းမီဒီယာ – တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဦးထွန်းသာစိန်တို့လည်းဖတ်ရမှာပါ။ဆိုတော့ အဲဒီ သတင်း ထုတ်ပြန်ချက်တွေအပေါ်မှာ ဦးထွန်းသာစိန်ရဲ့ ပုဂ္ဂလိက ယူဆချက်ကို ကျနော်မေးတာပါ။စုံစမ်းဖွဲ့စည်းရေး ကိစ္စကို ဆိုလိုတာမဟုတ်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UHTS- အဲဒါကတော့ ကျနော်ကတော့ ပြည်သူအတွက်ပဲပြောမှာပါ။ ကျနော်က ဘယ်လက်နက်ကိုင်အဖွဲ့အစည်း ပေါ်မှာလည်း ပုဂ္ဂိုလ်ရေး အရ မဝေဖန်ချင်ပါဘူး။အမှန်တကယ် ပြည်သူတွေ ထိခိုက်နစ်နာနေတဲ့အတွက် ပြည်သူဘက်က ရပ်ပြီး ပြောတဲ့ ကိစ္စဖြစ်တယ်။

ငြမ်းမီဒီယာ – လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်မှာရှိတဲ့သူတွေရဲ့ အခြေအနေဘယ်လိုရှိနေလဲ။သူတို့ ဘာတွေ အခက်အခဲ ဖြစ်နေလဲ။ဘာတွေခံစားနေရလဲ။ဘာတွေ တကယ်လိုအပ်နေလဲ။

UHTS – ရခိုင်ပြည်နယ်ဆိုတာ အရင်တုန်းက တိုင်းနဲ့ပြည်နယ် (၁၄)ခု၊ ပြည်နယ်(၇)ခုမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိခဲ့တဲ့ ပြည်နယ်၊ တော်တော်လေး ငြိမ်းချမ်းခဲ့တဲ့ပြည်နယ်။ ချင်းပြည်နယ်ပြီးရင် ဒုတိယအဆင့်မှာရှိတယ်။အဲလို ငြိမ်းချမ်းခဲ့ တာတောင် မတိုးတက်ခဲ့ဘူး။ အခု စစ်ပွဲတွေဖြစ်နေကြတယ်။ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးရတာရှိတယ်။ ဒဏ်ရာ ရတာရှိတယ်။ အိုးပစ်အိမ်ပစ်တာရှိတယ်။ နေရပ်ကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာနေရတယ်။ဘယ်သူမှ စိတ်လက် မချမ်းသာဘူး။ဒါကြောင့် ငြိမ်းချမ်းရေးတစ်ခု၊စစ်မရှိတဲ့ ငြိမ်ချမ်းတဲ့ ခေတ်တစ်ခေတ်ကိုလိုချင်တောင့်တ ကြတယ်။ နေ့ရော၊ညပါ အေးအေးချမ်းချမ်း၊ အေးအေးလူလူနဲ့ ကိုယ့်စီးပွားဥစ္စာကို ကိုယ်တိုင်ကိုယ်ကျရှာဖွေစားသောက် ချင်ကြတာပေါ့။ ဘယ်အချိန် မဆို သွားလာလို့ရတဲ့ နေရာတစ်ခုဖြစ်ချင်တယ်။ဒါတွေက ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေမှာ သူတို့မျှော်လင့် ထားတဲ့ အရာတွေပါပဲ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,