အမျိုးသမီးနိုင်ငံရေးသမားတွေ နောက်ဆုတ်ကြောက်ရွံ့သွားမှာမဟုတ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

 

နိုင်ငံရေးနယ်ပယ်က အမျိုးသမီးတစ်ချို့ ရဲ့ဓာတ်ပုံတွေ၊ တခြားလူမှုနယ်ပယ်က အမျိုးသမီးတွေရဲ့ဓာတ်ပုံတွေ ကို အသုံးပြုပြီး လူမှုကွန်ရက်ပေါ်မှာ သတင်းအတု၊သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အတွေ့ရများလာပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသမီးနိုင်ငံရေးသမားတစ်ချို့ရဲ့ သဘောထားအမြင်များကို ငြမ်းမီဒီယာက စုစည်းဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကိစ္စတွေဆောင်ရွက်တဲ့အခါ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရ တာတွေကြုံရတယ်။ ဆိုတော့ ဒီလုပ်ရပ်တွေဟာ အမျိုးသမီးတွေ …


ဒေါ်နော်အုံးလှ

(အတွင်းရေးမှူး၊ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါက အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ စော်ကားတာ၊ သိက္ခာချတာပေါ့။ ဒီကိစ္စမျိုးက အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ကို ထိပါးဖိနှိပ်တဲ့လုပ်ရပ်မျိုးလို့ ကျမပြောချင်ပါတယ်။ ကျမတို့ဆိုရင်လည်း တချို့သောနိုင်ငံရေးတက်ကြွလှုပ်ရှားမှုကိစ္စတွေဆောင်ရွက်တဲ့အခါ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရ တာတွေကြုံရတယ်။ ဆိုတော့ ဒီလုပ်ရပ်တွေဟာ အမျိုးသမီးတွေဂုဏ်သိက္ခာကျဆင်းပြီး နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့်မရအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ပဲ ကျမပြောချင်ပါတယ်။

ဒီလိုမျိုးလုပ်နေတဲ့သူတွေ ရှိ နေတယ်ဆိုတာ ပိုပြီးထင်ရှားလာတယ်။ သူတို့က လူမှုကွန်ရက်ကိုအသုံးချပြီး ဒီကိစ္စတွေကိုဆောင်ရွက် နေ တာ ခုနောက်ပိုင်းမှာ ပိုပြီးအတွေ့ရများလာတယ်။ ဘယ်သူမှန်းမသိရတဲ့ အဲဒီလူတွေရဲ့ လူမှုကွန်ရက်ပေါ်က ခုလို နိုင်ငံရေးအောက်လုံးထိုးပြီး အမျိုးသမီးတွေကို စော်ကားထိပါးနှောင့်ယှက်တဲ့ လုပ်ရပ်တွေကို တစ်စုံတရာ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့တော့ လိုအပ်နေပါပြီ။

အမျိုးသမီးတွေဆိုတာ မိခင်တွေ၊ မိခင် လောင်းတွေပါ။ ဆိုတော့ ဘယ်ရှုထောင့်ကကြည့်ကြည့် အမျိုးသမီးတွေအပေါ် ခုလိုမျိုး လုပ်ကြံရေးသား ပုတ် ခတ်ပြီး သိက္ခာချတာတွေ၊ စော်ကားတာတွေကို လုံးဝမလုပ်သင့်ပါဘူး။ ကျမတို့ဆိုရင် …

ဒေါ်နန်းမြမြမီမီဇော်

(ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ)

ကျမတို့နိုင်ငံမှာ လူဦးရေအချိုးအစားအရ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီးတော့များတယ်။ နောက် မြန်မာ့လူနေမှုပုံစံမှာလည်း အမျိုးသမီးတွေက တာဝန်တွေ၊ ဝတ္တရားတွေပိုပြီးတော့များတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ရင်လည်း ကျမတို့ဆီမှာ လိင်ခွဲခြားမှုတွေရှိနေတုန်းပဲ။ ပြောချင်တာက ကျမတို့ မြန်မာအမျိုးသမီးတွေဟာ နေ့စဉ်ဘဝတွေမှာရော၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်တာတွေမှာရော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ ဒီအခက်အခဲတွေ၊ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ဆိုတာက အမျိုးသမီးတွေ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ ဥပဒေပြုရေးမဏ္ဍိုင်ကို များများရောက်လာဖို့လိုအပ်တယ်။ နိုင်ငံရေးလောကကို ရောက်လာဖို့လိုအပ်တယ်။

အဲဒီမှာ ဘာတွေကြုံလာရလဲဆိုတော့ အခုလို အမျိုးသမီး တွေကို မဟုတ်တမ်းတရားတွေနဲ့ လုပ်ကြံသိက္ခာချတာတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့သဘောတွေပါတဲ့ ရေးသားဖော်ပြမှုတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဘယ်သူမှန်းမသိတဲ့ Account တွေနဲ့ ပုတ်ခတ်စော်ကားတာမျိုး တွေကို ကြုံကြရတယ်။ ကျမတို့မြန်မာ့ယဉ်ကျေးမှုအရစဉ်းစားကြည့်ရင်လည်း ဒီလုပ်ရပ်တွေက ကျမတို့ရဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ မရှိသင့်မရှိထိုက်တဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေဖြစ်တယ်။ ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း ကျမတို့ ထေရဝါဒဗုဒ္ဒတရားတော်မှာ ဒီလိုမကောင်းတဲ့လုပ်ရပ်တွေကို ပြုလုပ်သူပြုလုပ် သူအတွက် မကောင်းတဲ့အကျိုးတရားတွေ ပြန်ပြီးခံစားရစေနိုင်တယ်ဆိုတာရှိတယ်။ အကုသိုလ်တို့၊ ဝဋ်ကြွေးတို့ ဖြစ်လာမှာပေါ့။ ဆိုတော့ ဒီလုပ်ရပ်တွေကို ကျမတို့ ရှုတ်ချတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တချို့ကရှိတတ်တယ်။ အရောင်မတူရင် ရန်သူလိုသတ်မှတ်တဲ့အဖွဲ့အစည်းတွေရှိတယ်။ ဒါပေမယ့် ကျမတို့ကတော့ အဲဒီလိုသဘောထားမျိုး မရှိဘူး။ ကျမတို့ရဲ့ မြန်မာဆိုတဲ့ရပ်တည်ခံယူချက်တစ်ခုအပေါ်မှာ ဘယ်သူ့ကိုမှမခွဲခြားဘူး …

အမျိုးသမီးတွေဆိုတာ မိခင်တွေ၊ မိခင် လောင်းတွေပါ။ ဆိုတော့ ဘယ်ရှုထောင့်ကကြည့်ကြည့် အမျိုးသမီးတွေအပေါ် ခုလိုမျိုး လုပ်ကြံရေးသား ပုတ် ခတ်ပြီး သိက္ခာချတာတွေ၊ စော်ကားတာတွေကို လုံးဝမလုပ်သင့်ပါဘူး။ ကျမတို့ဆိုရင်လည်း သားသမီးတွေရှိတဲ့ မိခင်တစ်ယောက်ပါ။ တစ်ဖက်မှာ မိသားစုတာဝန်တွေနဲ့ နိုင်ငံရေးလုပ်နေရတာဟာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ ကျမတို့အမျိုးသမီးတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ကျမတို့အမျိုးသမီး တွေရဲ့ အခွင့်အလမ်းတွေအတွက် ဒီနိုင်ငံရေးကိုလုပ်တာပါ။ ကျမတို့ကိုယ်ကျိုးစီးပွားအတွက်ဆို မလုပ်ပါဘူး။ ဘယ်အမျိုးသမီးမှ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးလုပ်မယ်လို့ ကျမမထင်ဘူး။

အခု လူမှုကွန်ရက်ပေါ်က ဒီလုပ်ရပ်တွေဟာ Democratization ကိုသွားနေတဲ့၊ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအတွက် တက်တက်ကြွ ကြွ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာအမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့စိန်ခေါ်မှုတစ်ခုလို့ ကျမမြင်ပါတယ်။ ဒီလို မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတွေရပ်တန့်သွားစေဖို့ မီဒီယာတွေဘက်ကလည်း ဝိုင်းဝန်းပြီးဆောင်ရွက်သင့် ပါတယ်။ ပြောချင်တာက အမျိုးသမီးတွေနိုင်ငံရေးမှာ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ လိုတယ်။ ဒီအပေါ်မှာ နှောင့်ယှက်စော်ကားတာတွေ မလုပ်ဖို့လိုတယ်။

ကျမဆိုရင် အတိုက်အခံပါတီကြီးမှာ ပြောရေးဆိုခွင့် ရှိသူအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတယ်။ ဒီလိုလုပ် ကိုင်ဆောင်ရွက်နေတာကလည်း ကျမတို့ပါတီက အမျိုး သမီးတွေအတွက်သာမက တစ်နိုင်ငံလုံးက ကျမတို့ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေအတွက် ကျမလုပ်ကိုင်ဆောင် ရွက်နေတာပါ။ တချို့ကရှိတတ်တယ်။ အရောင်မတူရင် ရန်သူလိုသတ်မှတ်တဲ့အဖွဲ့အစည်းတွေရှိတယ်။ ဒါပေမယ့် ကျမတို့ကတော့ အဲဒီလိုသဘောထားမျိုး မရှိဘူး။ ကျမတို့ရဲ့ မြန်မာဆိုတဲ့ရပ်တည်ခံယူချက်တစ်ခုအပေါ်မှာ ဘယ်သူ့ကိုမှမခွဲခြားဘူး။ နောက်ဆုံးကုန်ကုန် ပြောရ မယ်ဆိုရင် ကျမတို့ရဲ့ ပြိုင်ဘက်ပါတီကြီးဖြစ်တဲ့ NLD ၊ Including NLD ပါ။ အားလုံးကို ကျမတို့က ပူးပေါင်းပြီး တော့ လုပ်ဆောင်ဖို့ကျမတို့ရည်ရွယ်ချက်ရှိတယ်။

အမျိုးသမီးတွေလောက်တောင် မရဲဝံ့လို့ ခုလို Fake Account တွေနဲ့ လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးအရ အောက်တန်းကျကျ လုပ်ကိုင်နေကြတာလို့ ကျမမြင်ပါတယ်။ သူတို့ရဲ့ အဲဒီလုပ်ရပ်တွေကြောင့် …

ဒေါ်မိကွန်ချမ်း

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေကို Photoshop တွေနဲ့လုပ်ပြီး မဟုတ်မတရားရေးသားစော်ကားတာတွေ၊ အဲဒီလိုလုပ်တာမျိုးကို ကျတို့ဆိုလည်း အများကြီးကြုံရပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကြောင့်တော့ ကျမတို့ ယုံကြည်ချက်တွေ၊ ကျမတို့ ပြည်သူအတွက်လုပ်ကိုင်ဆောင်ရွက်တွေအပေါ် ဘာမှထိခိုက်မှုမရှိသလို ကျမတို့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးခြေလှမ်းတွေကိုလည်း မထိခိုက်စေပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီလိုလုပ်တဲ့သူတွေက ကျမတို့ အမျိုးသမီးတွေလောက်တောင် မရဲဝံ့လို့ ခုလို Fake Account တွေနဲ့ လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးအရ အောက်တန်းကျကျ လုပ်ကိုင်နေကြတာလို့ ကျမမြင်ပါတယ်။ သူတို့ရဲ့ အဲဒီလုပ်ရပ်တွေကြောင့် ကျမတို့ အမျိုးသမီးနိုင်ငံရေးသမားတွေမှာ ဘာမှထိခိုက်သွားတာမျိုးမရှိပါဘူး။ ဒီလိုတွေလုပ်လိုက်ရင် အမျိုးသမီး နိုင်ငံရေးသမားတွေက ရှက်ပြီး၊ ကြောက်ပြီး နိုင်ငံရေးကိုဆက်မလုပ်ရဲတော့ဘူးလို့ သူတို့ထင်နေပုံရပါတယ်။ မဟုတ်ပါဘူး။

အမျိုးသမီးတွေနိုင်ငံရေးလောကထဲ မဝင်လာရဲအောင်၊ အရှက်ရအောင်၊ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်တွေလို့ ကျမတို့မြင်တယ်။ ဒါတွေကြောင့် …

ကျမတို့အမျိုးသမီးတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့လုပ်ကြတာပါ။ ဒီလို ထိုးနှက်တိုက်ခိုက်မှုတွေ၊ မဟုတ်မမှန်အချက်အလက်တွေနဲ့ ပုတ်ခတ်စော်ကားမှုတွေလောက်နဲ့ ကျမတို့ အမျိုးသမီးနိုင်ငံရေးသမားတွေ နောက်ဆုတ်ကြောက်ရွံ့သွားမှာမဟုတ်ပါဘူး။ တကယ်ယေဘုယျကျကျ တွေး ကြည့်ရင် လူမှုကွန်ရက်ပေါ်မှာ အဲဒီလိုလုပ်နေတဲ့သူတွေကိုယ်၌က အမျိုးသမီးတွေလောက်မရဲရင့်ကြဘူးဆိုတာ သိနိုင်ပါတယ်။

သူတို့သတ္တိမရှိလို့သာ အမျိုးသမီးတွေကို ခုလိုမျိုးမဟုတ်မမှန်အချက်အလက်တွေ၊ Photoshop နဲ့လုပ်ထားတဲ့ပုံတွေနဲ့ Fake Account တွေသုံးပြီး စော်ကားနေကြတာလေ။ ဒါကြောင့် ကျမတို့ကတော့ ဒီလုပ် ရပ်တွေကို ရှုတ်ချတယ်။

ဒါတွေဟာ အမျိုးသမီးတွေနိုင်ငံရေးလောကထဲ မဝင်လာရဲအောင်၊ အရှက်ရအောင်၊ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်တွေလို့ ကျမတို့မြင်တယ်။ ဒါတွေ ကြောင့် ကျမတို့အမျိုးသမီးနိုင်ငံရေးသမားတွေအတွက် ဘာမှမထိခိုက်သွားပေမယ့် ဒီလိုမလုပ်သင့်မလုပ်ထိုက် တာတွေကို လုပ်နေတဲ့လူတွေကိုတော့ ကျမတို့အထင်လည်းသေးသလို ရှုတ်လည်းရှုတ်ချပါတယ်။ ကျမတို့က ဒီကိစ္စတွေကြောင့် နောက်ဆုတ်သွားမှာတော့ မဟုတ်သလို၊ ကျမတို့ယုံကြည်တဲ့လမ်းကြောင်းကို ပိုပြီးရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်ဆောင်ရွက်သွားမှာပါ။

ပြောဆိုဆက်ဆံတဲ့အခါမှာလည်း တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို လေးစားသမှုနဲ့ ပြောဆို ဆက်ဆံရမှာပေါ့။ ကျမတို့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဒီလိုအချက်တွေလည်း အများကြီးလိုသေးတယ် …

ဒေါ်အိသဉ္ဇာမောင်

(လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

အဲဒီကိစ္စတွေက အမြဲတမ်းကြုံရတယ်။ ခုလိုရွေးကောက်ပွဲနီးတဲ့ကာလမှမဟုတ်ဘူး။ ရွေးကောက်ပွဲကာလ မဟုတ်ရင်လည်း အမျိုးသမီးနိုင်ငံရေးသမားတွေက ဒီလို Sexual Harassment တို့၊ လိင်ပိုင်းဆိုင်ရာထိခိုက် နှောင့်ယှက်စော်ကားမှုတွေကို အမြဲတမ်းကြုံရပါတယ်။

အခုခေတ်က Social Media အသုံးများကြတဲ့ခေတ် ဆိုတော့ အများအားဖြင့် Social Media ပေါ်မှာ တိုက်ခိုက်ကြတာပေါ့။ နောက်တစ်ခုက ခုနောက်ပိုင်း Photoshop လိုနည်းပညာတွေကလည်း အားကောင်းလာတဲ့အခါ သူတို့လုပ်ကြံထားတဲ့အရာတွေက အရမ်းပီပြင်ပြီး လူထုကကျတော့ ပြန်ပြီးဖြေရှင်းတဲ့အပေါ်မှာ သိပ်စိတ်မဝင်စားတော့ဘူး။ ဒါကဖြစ်တတ်တဲ့သဘာဝပေါ့။ အများစုက ဖြေရှင်းချက်အပေါ်မှာသိပ်စိတ်မဝင်စားဘဲ ပွသွားတဲ့အပေါ်မှာပဲ စိတ်ဝင်စားတတ်ကြတယ်။

အမျိုးသမီး Canditate တွေအနေနဲ့ အဲဒီကိစ္စတွေကို ဖြေရှင်းရတဲ့အခါ အရမ်းခက်ခဲပါတယ်။ နောက်ခုလို ရွေးကောက်ပွဲနီးချိန်တွေမှာ Canditate တစ်ယောက်အနေနဲ့ အလုပ်အရမ်းများနေချိန်ဆိုတော့ ဒီကိစ္စတစ်ခု အတွက် အချိန်ပေးမဖြေရှင်းနိုင်ဘူးလေ။ နောက်တစ်ခုက ဒီကိစ္စတွေကို တရားစွဲမလားဆိုပြန်တော့လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်သွားမလားဆိုတဲ့အချက်တွေကိုလည်း ကျမတို့က စဉ်းစား ချင့်ချိန်ရပြန်တယ်။ ဒါတွေကြောင့် အမျိုးသမီး candidate တွေအနေနဲ့ အမျိုးသား Canditate တွေထက် ဒီပတ်ဝန်းကျင်မှာ အများကြီးအခက်အခဲရှိတာပေါ့။

နောက် မြန်မာနိုင်ငံလိုအနေအထားမျိုးမှာ အများစုက အမျိုးသာလွှမ်းမိုးတဲ့အသိုင်းအဝိုင်းကလာတယ်၊ ဖိုဝါဒကြီးစိုးတဲ့အသိုင်းအဝိုင်းကလာတယ်ပေါ့နော်။ အဲဒီတော့ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုတွေကို တစ်ဆင့်နှိမ့်ပြီးမြင်လေ့ရှိတယ်။ ဆိုတော့ ဒါတွေက ခုလိုရွေးကောက်ပွဲ ကာလမှမဟုတ်ဘူး၊ ရွေးကောက်ပွဲကာလမဟုတ်ရင်လည်း ကျမတို့ကပြောင်းလဲရမယ့် အချက်တွေပေါ့။ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုက ပြောင်းလဲရမှာ။

ကျမတို့က ကိုယ်ဘာ ဖြစ်မယ်၊ ယောက်ျားဖြစ်မယ်၊ မိန်းမဖြစ်မယ်ဆိုတာအပေါ်မှာရွေးချယ်ခွင့်ရှိခဲ့တာ မဟုတ်ဘူးလေ။ ဒီလို ရွေးချယ်ခွင့်မရှိဘဲ ဖြစ်တည်လာတဲ့ ဖြစ်တည်မှုအပေါ်မှာ ခုလိုစော်ကားတိုက်ခိုက်တာမျိုးကတော့ မကောင်းဘူး …

နောက်တစ်ခုက အဲဒီလိုပြောင်းလဲဖို့အတွက်လည်း တစ်ချို့ ဟာတွေက Policy တွေ၊ မူဝါဒတွေလိုတယ်။ ဥပမာ အမျိုးသမီးတွေကိုအကြမ်းဖက်မှုက အကာအကွယ်ပေးတဲ့ ဥပဒေတွေလိုမျိုးပေါ့။ ပြီးတော့ Social Media ပေါ်မှာရော၊ IDP အမျိုးသမီးတွေအတွက်ရော၊ ပြင်ပမှာ လုပ်ငန်း ခွင်ဝင်နေရတဲ့အမျိုးသမီးတွေအတွက်ရော လွှမ်းခြုံနိုင်တဲ့အရာဖြစ်ဖို့လိုတယ်။ သူတို့တွေအတွက်က လုံခြုံမှုက အရမ်းလိုအပ်တယ်လေ။ အခုအနေအထားကတော့ အမျိုးသမီးနိုင်ငံရေးသမားတွေမှမဟုတ်ပါဘူး၊ တခြား ပြင်ပ က Social Influrencer တွေရော ဘာတွေရောပေါ့။ အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ တိုက်ခိုက်တာတွေ အများ ကြီးရှိတယ်။ ဒါပေမယ့် အခုကရွေးကောက်ပွဲကာလဆိုတော့ ပုံဖျက်ချင်ရင် အရမ်းလွယ်နေတာပေါ့။

အခု ကျမ ဆိုရင်လည်း အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းအပေါ်မှာ အများကြီးတိုက်ခိုက်ခံရတယ်။ ကျမတို့က ကိုယ်ဘာ ဖြစ်မယ်၊ ယောက်ျားဖြစ်မယ်၊ မိန်းမဖြစ်မယ်ဆိုတာအပေါ်မှာရွေးချယ်ခွင့်ရှိခဲ့တာ မဟုတ်ဘူးလေ။ ဒီလို ရွေးချယ်ခွင့်မရှိဘဲ ဖြစ်တည်လာတဲ့ ဖြစ်တည်မှုအပေါ်မှာ ခုလိုစော်ကားတိုက်ခိုက်တာမျိုးကတော့  မကောင်း ဘူးပေါ့နော်။ ဒါတွေက တစ်ဦးချင်းစီအရရော၊ တစ်ဖွဲ့ချင်းစီအရရော ကိုယ့်ဟာကိုယ်စောင့်ထိန်းရမယ့် ကျင့်ဝတ်ပေါ့။ အကယ်၍ ကိုယ်က ဒီပါတီကိုအားပေးတယ်ဆိုရင် ကိုယ့်ရဲ့နိုင်ငံရေးကိုပြတဲ့နေရာမှာ ကျင့်ဝတ်သိက္ခာ ရှိရှိနဲ့ ထုတ်ဖော်ပြသဖို့လိုတာပေါ့။

နောက်တစ်ခုက တစ်ဖက်ကလည်း ဒါ ရန်သူမဟုတ်ဘူးလေ၊ ပြိုင်ဘက်ပဲ။ ဆိုတော့ တစ်ဖက်ကို ပြောဆိုဆက်ဆံတဲ့အခါမှာလည်း တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို လေးစားသမှုနဲ့ ပြောဆို ဆက်ဆံရမှာပေါ့။ ကျမတို့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဒီလိုအချက်တွေလည်း အများကြီးလိုသေးတယ်လို့ ယူဆပါ တယ်။ အခုက ကြည့်လိုက်ရင် ကိုယ်နဲ့မတူဘူးဆိုတာနဲ့ သူ့ရဲ့ Identity အပေါ်မှာမူတည်ပြီး တိုက်ခိုက်ခံရတာ တွေ အများကြီးပဲ။ ကျမတို့ရဲ့ နိုင်ငံရေးရေချိန် နိမ့်တာလည်း ပါပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,