အမှတ်ရနေပါတယ် အဖေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အဖေ တစ်ယောက်ရဲ့ တမ်းတမျော်လင့်မှုနဲ့ သားတစ်ယောက်ရဲ့ဝမ်းနည်းကြေကွဲနေမှုကို ကျွန်တော်တွေ့ရတယ်။ အခက်အခဲတွေကိုအံတုနိုင်ခဲ့၊ ဖိနှိပ်မှုတွေကို အံတုနိုင်ခဲ့တဲ့နှလုံးသားတွေက ဒီနေရာမှာတော့ ကွဲကြေကြရတယ် …

Kevin Blanzy

ဒီနေ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ယောက်ရဲ့ဖခင်ဆုံးသွားတယ်ဆိုတဲ့သတင်းက စိတ်ထဲထိခိုက်ရတယ်။ ဒီကျောင်းသားခေါင်းဆောင်ဆိုရင် သူ့ဘ၀ တစ်ဝက်လောက်က အကျဉ်းထောင်ထဲမှာ ကုန်လွန်ခဲ့ရတာ။

မိသားစုနဲ့နေရတဲ့အချိန်လေး နည်းလိုက်တာလို့ ကျွန်တော့်စိတ်ထဲခံစားမိတယ်။ နူးညံံ့သော လူတစ်ယောက်၊ အနုပညာဆန်သော လူတစ်ယောက်၊ လူသားဆန်သောလူတစ်ယောက် သူဘယ်လောက်ဝမ်းနည်းကြေကွဲနေမလဲ။ ဘာတွေအမှတ်ရနေမလဲ။

ထောင်ကျနေတဲ့သားကို ထောင်ဝင်စာတိုင်းနီးပါး မပျက်မကွက်လာတွေ့တဲ့ အဖေ။ သားအပေါ် သံယောဇဉ်ကြီးလွန်းတဲ့အဖေ။ မိသားစုအပေါ်သံယောဇဉ်ပိုတဲ့အဖေ။ “ အဖေက မိသားစု ထမင်းလက်ဆုံ အတူစားချင်တာ။ အစ်ကိုက အချိန်အတော်များများ မပေးနိုင်ခဲ့ဘူး။ ထောင်ကလွတ်ပြီးတစ်လျောက် အဖေနဲ့အတူ မိသားစုထမင်းစားနိုင်ခဲ့တာ နှစ်ခါပဲရှိတယ်” ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၉၆ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုစိုးထွန်းက သူ့ညီလေးလိုဖြစ်နေသူ ကျွန်တော့်ကို ပြောပြတယ်။အဖေ တစ်ယောက်ရဲ့ တမ်းတမျော်လင့်မှုနဲ့ သားတစ်ယောက်ရဲ့ဝမ်းနည်းကြေကွဲနေမှုကို ကျွန်တော်တွေ့ရတယ်။ အခက်အခဲတွေကိုအံတုနိုင်ခဲ့၊ ဖိနှိပ်မှုတွေကို အံတုနိုင်ခဲ့တဲ့နှလုံးသားတွေက ဒီနေရာမှာတော့ ကွဲကြေကြရတယ်။ ကိုစိုးထွန်းဖခင်လည်း ကွယ်လွန်ခဲ့ပြီ။

ကိုစိုးထွန်းထောင်ထဲမှာရှိစဉ်က ကျွန်တော်တို့ သတင်းမေးသွားတိုင်း ကိုစိုးထွန်း အဘိဓမ္မာလေ့လာနေတာ၊ ကျန်းမာတယ် ဆိုတာမျိုး ကိုစိုးထွန်းအဖေက ကျွန်တော်တို့ကို သတင်းစကားပါးနေကျ။ ဧည့်ဝတ်ကျေသော၊ အနေအေးသော၊ ဖြောင့်မတ်သော ကျွန်တော်တို့နောင်တော် ကိုစိုးထွန်းဖခင်ရဲ့ နောက်ဆုံးခရီးကို ကျွန်တော်တို့ ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်ခဲ့ရတယ်။
“ ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ဖခင်များ ကောင်းရာ ဘုံဘဝမှာရောက်ရှိပါစေ”

သရုပ်ဖော်ပုံ / သမီးခြိမ့်

အဖေဟာ ရေဒီယို တစ်လုံးကို တဂျစ်ဂျစ်နဲ့လှည့်ပြီး ငြိမ်နေတတ်တယ်။ တစ်ခါတလေ ကျတော့လည်း သတင်းစာတစ်စောင်ဖတ်ပြီး တိတ်ဆိတ်နေတာမျိုး။ ကျွန်တော့်ဘဝမှာ ပထမဆုံးမြင်ဖူးတဲ့ သတင်းစာဖတ်တဲ့လူက အဖေပဲ။ အဖေက သတင်းစာဖတ်ရင် စာမျက်နှာမကျန် ဖတ်လေ့ရှိသလိုပဲ။

သတင်းစာဖတ်လိုက်တဲ့တစ်ထိုင်က တော်တော့်ကိုကြာတာ။ ရေဒီယိုကလွှင့်တဲ့ သတင်းနားထောင်၊ တစ်ခါတလေလည်း သီချင်းလေးတွေနဲ့ ငြိမ်သက်နေတာမျိုး။ ကျွန်တော် သတင်းစာဖတ်တဲ့အလေ့အထက အဖေ့ဆီကရတာဖြစ်မယ်။ ကျွန်တော် အဲဒီအကြောင်း စာတစ်ပုဒ်ရေးဖူးသေးတယ်။ အခု တိုက်ဆိုင်မှုတစ်ခုနဲ့ ပြန်ရေးတော့ အရင်ရေးခဲ့တဲ့စာတွေမှာပါတဲ့ အကြောင်းတွေ ပြန်ပါလာနိုင်တာပေါ့။

ကျွန်တော်တိုညီအစ်ကိုတွေနဲ့ အဖေ စကားလက်ဆုံကျတာမျိုးကလည်း ရှားတယ်။ အဖေဟာအမြဲလို တိတ်ဆိတ်ငြိမ်သက် နေသလိုပဲ။ စကားနည်းတဲ့အဖေ။ အစားအသောက် မရွေးတဲ့ အဖေ။ အစားအသောက်မရွေးဘူးဆိုတာ ကျွန်တော်တို့ အဖေနဲ့ နေခဲ့တဲ့တစ်လျောက် အဖေ့နှုတ်ကနေ ဘယ်ဟင်းကတော့မကောင်းဘူး။ ဘယ်ဟင်းကတော့ ကောင်းတယ်ဆိုတာမျိုး မကြားခဲ့ ဖူးဘူး။ အမေချက်တဲ့ ဟင်းမှန်သမျှ စားတာပဲ။ ရှိတာနဲ့လည်း စားတာပဲ။ ထမင်းစားတော့လည်း ထမင်းဝိုင်းနဲ့ဟင်းခွက်နဲ့ အသေအချာ အကျအနစားတာမျိုးလည်း မဟုတ်ပြန်ဘူး။ ရှိသမျှဟင်းနဲ့ အတို့အမြှုပ်အကုန်ကို ထမင်းပန်းကန်ထဲ ပုံထည့်ပြီး စားတာပါပဲ။ သူရှောင်ကြဉ်တဲ့ သားငါးကလွဲလို့ ကျန်တာတော့ သူအကုန်စားတာပဲ။ အဖေက အဲဒီလိုလူ။

 

Pixabay

ပစ္စည်းအဟောင်းလေးတွေဆိုလည်း လွှင့်ပစ်ဖို့အင်မတန် နှမြောတတ်သူ။ အဖေ့အခန်းထဲမှာဆို ပစ္စည်းဟောင်းလေးတွေ တစ်ပုံတစ်ပင်။ တစ်ခါတစ်လေ အိမ်မှာလိုတဲ့ တိုလီမုတ်စလေးတွေက အဖေသိမ်းထားတဲ့ အဟောင်းပုံထဲကနေ ပြန်သုံးလို့ရ နေပြန်ရော။ အဖေဟာရှေးဆန်ပြီး စကားနည်းတယ်။ ခံစားချက်ကို ထုတ်ဖော်ပြလေ့မရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သားအဖတွေဆက်ဆံရေးက တစ်စိမ်းဆန်တယ်။ သွေးအေးတယ်။ ခံစားနေရမှုကို ထုတ်မပြဘူး။ ဒါပေမယ့် အဖေဟာ သူ့နာရီဟောင်းလေးကို မရပ်စေချင်သလို ကျွန်တော်တို့ဘဝကို မရပ်သွားစေချင်သူ။ ဒါပေမယ့်…

တစ်ခါကတော့ ကျွန်တော့်သမီးနှစ်ယောက် သူ့မြေးငယ်လေးတွေကို သူချစ်တဲ့အကြောင်း နှုတ်ကနေပြောတော့ ကျွန်တော့်မှာ အံ့အားတွေသင့်ရတယ်။ အံ့အားသင့်စရာ မကောင်းလားဗျာ။ အဖေက ကျွန်တော်တို့ကို သူ့နှုတ်ကနေ အဖေ့သားတွေကို အဖေ ချစ်တယ်လို့ တစ်ခါသားမျှ မပြောဖူးတဲ့အပြင် ကျွန်တော်တို့ကို သားလို့တောင် မခေါ်ဖူးဘူးကိုး။ ဒီတော့ ကျွန်တော့်ခမျာ အံ့အား သင့်ရတာပေါ့။ သူ့မြေးတွေပျော်အောင် သူမြှူချင်ပေမယ့် မြှူတတ်ပုံမရဘူး။ သူ့မြေးငယ်တွေကို ခြေထောက်ပေါ်တင်ပြီး အပေါ် မြှောက်လိုက် အောက်ချလိုက်နဲ့ သမီးငယ်တွေက တစ်ခစ်ခစ်ရယ်။ အဖေက သူ့မြေးတွေရယ်နေပုံကိုကြည့်ပြီး ပြုံးနေတာ။ အဖေ အဲဒီလို ပြုံးနေတာမျိုး ကျွန်တော်တို့မမြင်ခဲ့ရဖူးဘူး။ အဖေစိတ်ချမ်းသာနေတာ၊ ပျော်နေတာ။

အဖေဟာ သံယောဇဉ်ကြီးတတ်သူလို့ဆိုရမလား။ အဖေ့မှာ နာရီလေးတစ်လုံးရှိတယ်။အဲဒီနာရီလေးကို ဓာတ်ခဲကုန်တိုင်းလဲနေရတဲ့ ကုန်ကျငွေက နာရီတစ်လုံးရဲ့တန်ဖိုးထက် မကတော့ဘူး။ ဒါပေမယ့်အဖေက အဲဒီနာရီလေးကို စွဲစွဲမက်မက်ပဲ။ သူ့နာရီလက်တံ လေးတွေ ရပ်မသွားအောင်၊ သေမသွားအောင် အဖေကတော့ ဘယ်သူပြောပြော သူ့နာရီအဟောင်းလေးရဲ့ ဓာတ်ခဲကုန်သွားတိုင်း လဲနေတာပဲ။

ကျွန်တော်ဆယ်တန်းအောင်တော့ အဖေပျော်တယ်ဆိုတာကို သိတယ်။ အဖေ့အပျော်ဟာ သိသိသာသာကြီးမဟုတ်ပေမယ့် အဖေပျော်နေတာကို ကျွန်တော်သိတယ်။ “ ဆက်ကြိုးစားကွာ” တဲ့ အဖေက အဲဒီလောက်ပဲပြောတယ်။ ကျွန်တော် တက္ကသိုလ်တက်တော့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ထုံးစံအတိုင်း ကျွန်တော် ထောင်နန်းစံရတာပေါ့။

အမေကတော့ ရင်ကွဲမတတ် မျက်ရည်စက်လက်နဲ့။ ကျွန်တော့်သတင်းကိုကြားတော့ အဖေကတော့ ဘာမျှကိုမပြောဘူး။ ကျွန်တော့်ကို အဖေနဲ့အမေ ထောင်ဝင်စာ လာတွေ့တယ်။ အမေကတော့ သားကိုမှာလိုက် ငိုလိုက်ပေါ့။ အဖေကတော့ ထောင်ဝင်စာ ဧည့်တွေ့နေရာမှာ ငြိမ်သက်စွာထိုင်နေတယ်။ ကျွန်တော့်ကိုကြည့်နေတယ်။ အဖေ့အကြည့်မှာ သားတစ်ယောက်ကို နားလည် တယ်ဆိုတဲ့ အကြည့်၊ သားတစ်ယောက်ကို ယုံကြည်တယ်ဆိုတဲ့အကြည့် ကျွန်တော် အဲဒီလိုခံစားရတယ်။

နောက်မှကျွန်တော်သိရတာ အဖေက ကျွန်တော့်ကိုတွေ့ပြီးအပြန်မှာ ငိုတယ်တဲ့လေ။ ဒါပေမယ့် သူဘာခံစားနေရတယ်ဆိုတာကို သားတစ်ယောက်ကိုမပြဘဲ တိတ်ဆိတ်နေမှုနဲ့ အားပေးမှုကိုပြုသွားတယ်။အဲဒီနေ့က အဖေပြောခဲ့တာတစ်ခုတည်း “ ကျန်းမာရေး ဂရုစိုက်ကွာ” တဲ့။

အဖေဟာ သူ့မြေလေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းလုပ်ဖို့ ရုံးလှေကားကို တော်တော်အားယူပြီး ခက်ခက်ခဲခဲ တက်နေရရှာတယ် …

ကျွန်တော်တို့သားအဖတွေဆက်ဆံရေးက တစ်စိမ်းဆန်တယ်။ သွေးအေးတယ်။ ခံစားနေရမှုကို ထုတ်မပြဘူး။ ဒါပေမယ့် အဖေဟာ သူ့နာရီဟောင်းလေးကို မရပ်စေချင်သလို ကျွန်တော်တို့ဘဝကို မရပ်သွားစေချင်သူ။ ဒါပေမယ့် အဲဒါက အဲဒီလိုရှိတယ်ဆိုတာ အဖေနဲ့ကျွန်တော်တို့ကြားမှာ အကြာကြီးမြုပ်နေခဲ့တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော် ဘဝကျောင်းတော်ကြီးက ပြန်လွှတ်မြောက်လာတော့ အဖေ့အရိပ်အခြေက ပျော်တယ်လည်း မဟုတ်ဘူး။ မပျော်ဘူး လည်း မဟုတ်ဘူး။ ကျွန်တော့်ကို ဘာလုပ်ပါလို့လည်း မပြောဘူး။ ဘာမလုပ်ပါနဲ့လို့လည်း မပြောဘူး။

လူငယ်ဘဝမှာတုန်းက အဖေ့ရဲ့နေထိုင်ပြုမူပုံဟာ ကျွန်တော်တို့ကို ပစ်ပယ်ထားမှုလို့ပဲ ကျွန်တော် နားလည်ခဲ့တာ။ အဖေတစ်ချက် လှည့်မကြည့်မိတာကို ကျွန်တော်တို့က အကြာကြီးကျောခိုင်း လိုက်မိတာလိုမျိုး။ ကျွန်တော်တို့မျှော်လင့်ချက်တွေ၊ ယုံကြည်ချက် တွေက ကိုယ့်ကိုယ်ကိုယ် နာကျင်ခဲ့ရသလို ကိုယ့်မိသားစုဝင်တွေကိုလည်း အထိအခိုက်များများနဲ့ နာကျင်ခဲ့ရတာပါ။

သူ့ခန္ဓာရဲ့ ပျိုမျစ်မှုက အားနည်းသွားပြီ။ ဒါပေမယ့် သူ့ချစ်ခြင်းတရားက သူ့သားဆီကနေ သူ့မြေးသမီးငယ်လေးတွေဆီအထိ အရှိန်အဟုန်မပြတ် စီးဆင်းတုန်း။ ကျွန်တော် အဖေ့နောက်ကျောကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ဝဲရတယ် …

တစ်လောက ကျွန်တော့်သမီးလေး ကျောင်းတက်ဖို့ စာရွက်စာတမ်း တချို့လိုတယ်။ ကျွန်တော်ကလည်း အလုပ်ကိစ္စတစ်ခုကြောင့် အဲဒီနေ့၊ အဲဒီအချိန်မသွားနိုင်။ အဲဒီတော့ အဖေက သူ့မြေးအတွက် လိုအပ်တဲ့စာရွက်စာတမ်း ကိစ္စတွေ သူသွားလုပ်မယ်ဆိုပြီး သွားပါ လေရော။ ကျွန်တော်လည်း အလုပ်ကိစ္စပြီးပြီးချင်း အဖေ့သွားတဲ့ရုံးဆီ လိုက်သွားတာပေါ့။

42 North

 

အဖေဟာ သူ့မြေလေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းလုပ်ဖို့ ရုံးလှေကားကို တော်တော်အားယူပြီး ခက်ခက်ခဲခဲ တက်နေရရှာတယ်။ အဖေအသက်ကြီးသွားပြီ။ သူ့ခန္ဓာရဲ့ ပျိုမျစ်မှုက အားနည်းသွားပြီ။ ဒါပေမယ့် သူ့ချစ်ခြင်းတရားက သူ့သားဆီကနေ သူ့မြေးသမီးငယ်လေးတွေဆီအထိ အရှိန်အဟုန်မပြတ် စီးဆင်းတုန်း။ ကျွန်တော် အဖေ့နောက်ကျောကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ဝဲရတယ်။

ကျွန်တော်တို့ နောင်တော်တွေ၊ ကျွန်တော်တို့ရဲဘော်ရဲဘက်တွေရဲ့မိဘတွေ ဆုံးပါးတဲ့သတင်းကြားရတိုင်း ကျွန်တော်တို့ စိတ်ထိခိုက်ရတယ်။ ကျွန်တော်တို့ ဒါမှမဟုတ် ကျွန်တော်ဟာ မိသားစုရဲ့ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေ၊ အေးချမ်းမှုတွေ ယိုကျအောင်လုပ်နေတဲ့အပေါက်များလား။ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေမှာ အထိအခိုက်အနာတရများလှတယ်လို့လည်း ဆင်ခြင်မိတယ်။

တစ်လောက အဖေနဲ့အမေရဲ့ခြေထောက်လေးတွေကို ရေနွေးဇလုံထဲစိမ်၊ ခြေထောက်လေးတွေကို သန့်စင်အောင် ခပ်ဖွဖွလေး ပွတ်တိုက်ပေးဖြစ်တယ်။ မကြာမကြာ ဒီဝတ်ပြုမှုလေးတွေလိုမျိုး လုပ်ဖြစ်အောင် ကျွန်တော်ကြိုးစားတယ်။ အဖေနဲ့အမေ ကျန်းမာချမ်းသာပါစေ။ အားလုံး၏ မိခင်၊ ဖခင်များလည်း ကျန်းမာချမ်းသာကြပါစေကြောင်း လေးလေးနက်နက်ဆန္ဒပြုတယ်။ အဖေ့ကိုသတိရနေမိတယ်။ ဒီလိုပဲ အမေ့ကိုလည်း ကျွန်တော် သတိရနေမိတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။

ခြိမ့်ဖေ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: ,