အရင်က ဗမာလို့ပြောရင် စစ်တပ်လို့ပဲ ကျမတို့မြင်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MAL / ကရင်နီပြည်လူငယ်များသမဂ္ဂ၊အတွင်းရေးမှူးချုပ် (မ) မူအန်ဂျယ်လ

ကျမတို့ဒေသကို စစ်ဝတ်စုံတွေနဲ့လာတာ၊ဗမာစကားပြောတာ။ ကျမတို့အနေနဲ့ ဗမာဆိုတဲ့ဟာကိုနာကျည်းသွားတာတော့ ဖြစ်တယ်။ ကျမတို့အားနည်းချက်က စစ်တပ်မှာ ဦးဆောင်တဲ့ ဗမာနဲ့ ဗမာလူမျိုးနဲ့ ခွဲခြားပြီး မပြောဘဲ ဗမာဆိုပြီ တစ်စုလုံးပြောလိုက် တယ်။ဒီဟာကလည်းမဖြစ်သင့်ဘူး လို့မြင်တယ်။ ကျမတို့အပေါ် ရပ်တည်ပေးတဲ့ …

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုနှင့်ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ကရင်နီလူငယ် (၆)ဦးကို နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အကာအကွယ် ပေးရေးဥပဒေ)ပုဒ်မ ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံစေရန် လွိုင်ကော်မြို့နယ် တရားရုံးက နိုဝင်ဘာလ (၇)ရက်နေ့တွင် အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ် လိုက်ခြင်းသည် လွတ်လပ် စွာပြော ဆိုခွင့်၊ ဒီမိုကရေစီ အခွင့်အရေးကို၊တိုင်းရင်းသားများ၏ အခွင့်အရေးကို ထိခိုက်စေသည်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။ ယင်းအခြေအနေများအပြင် တိုင်းရင်းသားတို့၏ခံစားမှု၊ လက်ရှိနိုင်ငံရေးအခြေအနေအပေါ်အမြင်များကို ကရင်နီပြည် လူငယ်များသမဂ္ဂ၊အတွင်းရေးမှူးချုပ် (မ) မူအန်ဂျယ်လာ အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ- ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့တဲ့ ဒေသခံ ကရင်နီလူငယ် (၆)ဦး ကို ဒီနေ့အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ထောင်ဒဏ် ဘယ်လောက်ကျ သလဲဗျ။

MAL – အလုပ်နဲ့ထောင်ဒဏ် ခြောက်လ ချမှတ် လိုက်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – သူတို့ ချုပ်ရက်တွေရော ခံစားခွင့် ရှိလားဗျ။

MAL – ချုပ်ရက် ခံစားခွင့်ရှိပါတယ်။ တစ်လနဲ့ ကိုးရက်ပဲ သူတို့ ကျန်တော့မယ်။

ငြမ်းမီဒီယာ – အခုလို ကရင်နီလူငယ် (၆)ဦးကို ထောင်ဒဏ်ချမှတ် လိုက်တဲ့အပေါ်မှာရော ဘာပြောချင်လဲ။

MAL – ကျမတို့အနေနဲ့က လူငယ်တွေဟာ ကရင်နီရဲ့ သမိုင်းကြောင်းအမှန်အပေါ်မှာ ရပ်တည်ပြီးတော့ အမျိုးသား တန်းတူရေးအတွက် ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ကိုရှေးရှုတဲ့အနေနဲ့ ကျမတို့ ဒေသခံတွေ သဘောမတူဘဲ ဗိုလ်ချုပ်ကြေးရုပ်အတင်း အဓမ္မစိုက်ထူမှုအပေါ် ကျမတို့ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်မှု အပေါ်မှာ၊ကန့်ကွက်တဲ့ လူငယ်တွေအပေါ်မှာ ဒီလိုမျိုး အမိန့်ချမှတ်ခဲ့တယ်ဆိုတော့ ဒါက ဒီမိုကရေစီ အခွင့်အရေးအရ၊ လူ့အခွင့်အရေးအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တော့ ရှိရမယ်။ဒါက ကျမတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားမြစ်တဲ့သဘောဖြစ်တယ်။ တစ်ဖက်မှာလည်း တရားစီရင်ရေး အပိုင်းမှာလည်း အစိုးရက လွှမ်းမိုးနေတာကို မြင်နေရတယ်။အာဏာရ အစိုးရက ဥပဒေကို လိုသလို အသုံးချတယ်။လိုသလို အသုံးပြုပြီး လူထုကို ပြန်ပြီး ဖိနှိပ်နေတာ တွေ့ရတယ်။ ဒီလိုမျိုး၊ဒီအခင်းအကျင်း၊ ဒီလိုစီရင်တာက လုံးဝမတရားဘူး။ဒါက ကရင်နီပြည်မှာရှိတဲ့ ကြေးရုပ်ရွှေ့ပြောင်း ရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို ထပ်ပြီးစိန်ခေါ် လိုက်တာဖြစ်တယ်။ကျမတို့အနေနဲ့ အဲလိုပဲမှတ်ယူတယ်။

ငြမ်းမီဒီယာ – အဲဒီတော့ ကြေးရုပ်ပြောင်းရွှေ့ရေး လှုပ်ရှာမှုမှာပါခဲ့တဲ့ ကရင်နီလူငယ်ခေါင်းဆောင်တွေ ထောင်ဒဏ်ချမှတ်ခံ လိုက်ရပြီဆိုတော့ ဘာတွေ ဆက်ဆောင်ရွက်ကြမလဲ။

MAL – ကျမတို့ လူငယ်တွေအနေနဲ့က ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးမူအပေါ်မှာပဲ ကျမတို့ ဆက်ပြီး ဆွဲကိုင်ထားတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ဆက်ပြီးလှုပ်ရှားဆောင်ရွက် သွားမှာဖြစ်တယ်။ ဒါပေမယ့် ဘယ်နေ့၊ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ လှုပ်ရှားဆောင်ရွက်သွားမလဲ ဆိုတာ ဒီအချိန်မှာတော့ ပြောလို့မရသေးဘူး။ သေချာတာက ကျမတို့မူအတိုင်း ရပ်ပြီးတော့ ကျမတို့ လှုပ်ရှားဆောင်ရွက်သွားဖို့ ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – လက်ရှိအစိုးရက ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ အစိုးရ၊ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ ရည်သန် ထားတယ်ဆိုတဲ့ အစိုးရ ။ တစ်ဖက်မှာလည်း တိုင်းရင်းသား အခွင့်အရေးတွေ၊နစ်နာဆုံးရှုံးမှု အခြေအနေတွေ ပြောဆိုတဲ့ အခါကျပြန်တော့ ဒီလို အခြေအနေတွေ ရှိနေပြန်တယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲဗျ။

MAL – လက်ရှိအစိုးရက ဒီမိုကရေစီကိုအခြေခံပြီး သွားမယ်။ ဖက်ဒရယ်ဒီမိုကရေစီကိုကြိုးစားတည်ဆောက် သွားမယ် ။ပြည်တွင်း ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်သွားမယ်။တိုင်းရင်းသား အခွင့်အရေးအတွက်အာမခံပြီး လုပ်ဆောင် သွားမယ်ဆိုတာ ဒါက ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလမှာ အဓိက မဲဆွယ်ခဲ့တဲ့ မက်ဆေ့တွေဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတာရောပေါ့။ လက်တွေ့မှာ အစိုးရရဲ့ လုပ်ဆောင်နေမှုက ပြည်နယ်ငြိမ်းချမ်းရေးကိုထိခိုက်စေသလို တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊လူ့အခွင့်အရေးနဲ့ အခြေခံဒီမိုကရေစီ ကို လေးစားမှု မရှိဘူး လို့မြင်တယ်။ တကယ်တမ်းဆိုရင် ဒီမိုကရေစီအစိုးရအနေနဲ့ လူထုက ကန့်ကွက်နေတဲ့အရာတွေ ၊အသိအမှတ်မပြုတဲ့ အရာတွေကို အစိုးရက လက်သင့်ခံပေးဖို့လိုတယ်။ လက်ရှိ အနေအထားက အစိုးရရဲ့ လုပ်ဆောင်မှု မှားယွင်းနေတဲ့အပေါ်မှာ လူထု က ထောက်ပြ ဝေဖန်၊ကန့်ကွက်တယ်ဆိုရင် ကန့်ကွက်တဲ့ လူထုကို ဖမ်းဆီးတာတွေ၊ဖြိုခွဲတာတွေ လုပ်နေတာက အပြောနဲ့ လက်တွေ့လွဲ မှားနေတယ်။ သေချာတာတော့ လက်ရှိအစိုးရရဲ့ လုပ်ရပ်က ကျမတို့ မျှော်လင့်ထားတဲ့ အတိုင်းမဖြစ်လာတာတွေ အများကြီး ရှိ သလို ဲ့ စစ်အစိုးရလက်ထက်က ပိတ်ပင်တားမြစ်မှုတွေ ခံနေရတယ် နောက်ပြန်ဆွဲတဲ့ အတိုင်းပဲပြန်ဖြစ်နေတယ်။ လူထုက ရွေးကောက်တဲ့ ဒီမိုကရေစီ အစိုးရမှာ အရင်စစ်အစိုးရရဲ့ ထိန်းချုပ်မှု၊ကန့်ကွက်ပိတ်ပင်မှု၊ဖမ်းဆီးမှု ပုံစံပြန်ကျင့်သုံးနေတာကို တွေ့ရတယ်။ ဒါကတော့ စိတ်ပျက်ဖို့ကောင်းတဲ့ အချက်တစ်ခုပဲ။

ငြမ်းမီဒီယာ – တချို့ တွေရဲ့ အမြင်ယူဆချက်မှာကျတော့ လည်း ဗိုလ်ချုပ်ကြေးရုပ်ထားတော့ဘာဖြစ်မှာ မို့လဲ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ လွတ်လပ်ရေး ရယူခဲ့တဲ့ သမိုင်းမှာ အထင်ကရ ရှိတဲ့ ခေါင်းဆောင်တစ်ဦး လို့ ယူဆ ချက်ရှိတယ်။ အခု ကန့်ကွက်တဲ့ သူတွေကလည်း ဗိုလ်ချုပ်ကို မုန်းတီးလို့၊မကြိုက်လို့ကန့်ကွက်တာမျိုး မဟုတ်ဘူး ဆိုတဲ့ အယူအဆ ရှိတယ်လို့ သိထား ရပါတယ်။ အဲဒီအခြေအနေ အပေါ်မှာရော ဘာပြောစရာရှိမလဲဗျ။

MAL – ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တယ်ဆိုတာက ကျမတို့ ရှေ့မှာလည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ကို မလေးစားလို့ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးလို့ လည်းမဟုတ်ဘူး။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ထဲမှာမှ သူရဲကောင်း တစ်ဦးဖြစ်တယ်။ ဒီအပေါ်မှာ ကျမတို့ လက်ခံတယ်။အသိအမှတ် ပြုတယ်။

လက်ရှိရရှိနေတဲ့ ရာထူးအပေါ်မှာ အာဏာအလွဲသုံးစား လုပ်ပြီးတော့မှ ကိုယ့် တစ်ဦး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အနေအထားနဲ့ သွားနေတာ …

ဒါကတော့ ငြင်းလို့ မရတဲ့အချက်ဖြစ်တယ်။ဒါပေမယ့် ကျမတို့ ကရင်နီပြည် သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် သီခြားလွတ်လပ်တဲ့ ကရင်နီ ပြည်နယ် အဖြစ် တည်ရှိခဲ့တယ်။ အင်္ဂလိပ် လက်အောက်မှာ ကျရောက်ခဲ့တဲ့ အနေအထားတော့ မရှိခဲ့ဘူး။ ဗိုလ်ချု ပ်ကြေးရုပ် စိုက်ထူ တုန်းက အဓိက ကန့်ကွက်ခဲ့တဲ့ အကြောင်းအရင်းက လက်ရှိ အချိန်မှာ ကျမတို့ပြည်နယ်မှာ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတွေ ၊ညှိနှိုင်းမှုတွေကြိုးစား တည်ဆောက် နေချိန်ဖြစ်တယ်။ဒီလိုမျိုးအနေအထားမှာ ဗိုလ်ချုပ်ကြေးရုပ် မစိုက်ထူ သင့်ဘူးလို့ ဆွေးနွေး ခဲ့တယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ထက် ဗိုလ်ချုပ်ကတိ ကျမတို့ လိုချင်တာ ဗိုလ်ချုပ်ကတိ ။တိုင်းရင်းသား တန်းတူအခွင့် အရေးကိစ္စတွေ ၊ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ကိစ္စတွေ ၊ဖက်ဒရယ်ကိစ္စတွေ ကျမတို့ ပိုပြီး လိုလားတောင့် တတယ်။ ဗိုလ်ချုပ် ကြေးရုပ် ထက် ဗိုလ်ချုပ်ကတိကို ပိုပြီးလိုလားတယ်။ နောက်တစ်ခု က ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာ ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး ဘတ်ဂျတ်ငွေနဲ့စိုက်ထူတာဖြစ်တယ်။ ဒီအတွက် ဒီအသုံးစရိတ်ကို ကျမတို့ပြည်နယ်မှာ ဖွံ့ဖြိုးရေးတွေ နှောင့်နှေးနေတဲ့ ဟာတွေ အများကြီးရှိတယ်။ လမ်းပန်း ဆက်သွယ်ရေး မကောင်းတာတွေ၊ ကျန်းမာရေး ၊ပညာရေး အပိုင်းမှာ အများကြီး နှောင့်နှေးနေတဲ့ အပိုင်းတွေ ရှိတယ်။ ကြေးရုပ်အတွက် ကုန်ကျမယ့် ငွေကို ဒီနေရာတွေမြှ အသုံးချ သင့်တယ်လို့ အဓိက ဝေဖန် ထောက်ပြတာ ဖြစ်တယ်။ လက်ရှိအနေအထားအရ ကျမတို့ ပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်က အလျင်စလို လုပ်ရမယ့် အနေအထား မဟုတ်သေး ဘူး။ ဗိုလ်ချုပ်ကတိဖော်ဆောင်ရေး သာ အဓိက ဖြစ်တယ်ဆိုတာကို ကျမတို့ ထောက်ပြကြတာဖြစ်တယ်။ တစ်ဖက်မှာလည်း အများ ပြည်သူပိုင် ပန်းခြံမှာ ကြေးရုပ် စိုက်ထူ တာတွေ၊ပြည်နယ်ရဲ့ ရန်ပုံငွေ အသုံးပြုပြီးမှ ကြေးရုပ်စိုက်ထူတဲ့ ကိစ္စရပ်က အစိုးရအနေနဲ့ အထူးသဖြင့် ဦးဆောင်တဲ့ ဝန်ကြီးချုပ်အနေနဲ့ လူထုအသိ အမှတ် ပြူမှု၊လူထုဆန္ဒသဘောထားကိုလည်း ခံယူဖို့လိုတယ်။ ဒီလိုဖြစ်စဉ် အနေနဲ့မသွားဘဲ လက်ရှိရရှိနေတဲ့ ရာထူးအပေါ်မှာ အာဏာ အလွဲသုံးစား လုပ်ပြီးတော့မှ ကိုယ့် တစ်ဦး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အနေအထားနဲ့ သွားနေတာ မြင်နေရတယ်။

ကျမတို့ အများကြီး အားကိုးပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် ပေးနိုင် တဲ့ အနေအထားဖြစ်မယ်လို့ မျှော်လင့်လို့ ပြည်သူလူထုနဲ့ ကျမတို့ ပုံအောပြီး မဲပေးခဲ့တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ပေါ့။ဒါပေမယ့် …

အဲဒီအပေါ်မှာ ကန့်ကွက်ထောက်ပြ ရခြင်းဖြစ်တယ်။ဒီကြားထဲမှာ ကတိပေးခဲ့တယ်။ ဆွေးနွေးမှုလမ်းကြောင်းတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် အကြိမ်ကြိမ်ပြန်ချိုးဖောက်တာတွေ ရှိတယ်။ အကြိမ်ကြိမ်ကတိတွေပေးပြီး ချိုးဖောက်တဲ့အနေအထားမို့ လူထုအုံကြွမှု ကြီးတွေ ဖြစ်ခဲ့တာတွေလည်း ရှိတယ်။ မဖြစ်သင့်တဲ့ပြဿနာတွေ ဖြစ်သွားတယ် ဆိုတာ က အဓိက က ကယားပြည်နယ် အစိုးရ အဖွဲ့၊ အထူးသဖြင့် ဦးအယ်လ်ဖောင်းရှိုး၊ဦးမော်မော် ဒီနှစ်ဦးရဲ့ ကတိတည်မှုမရှိတာတွေ၊ကတိပျက်ကွက်မှုတွေ ကြောင့်မို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဟာ ဖိနှိပ်မှုကိုဖော်ပြနေတဲ့ ရုပ်တုဖြစ်တယ်။မသိတဲ့သူတွေကို ပြောပြပါ။ နောင်မွေး လာတဲ့ ကလေးတွေကို အဲဒီလို အဖိနှိပ်မခံရအောင် တွေးတောကြံဆပါ။ လုပ်ဆောင်ပါလို့ ဒီနေ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ် ထဲ က တစ်ဦးကနာနာကျင်ကျင်ပြောသွားတာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်လဲ။

MAL – ဒီအပေါ်မှာတော့ ကျမအနေနဲ့ ဘာမှတ်ချက်မှ မပေးလိုဘူး။ဒါကတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထုတ်ဖော်မှုပေါ်မှာပဲမူတည်တယ်။ဒီအပေါ်မှာတော့ မှတ်ချက်မပြုတော့ပါဘူး။

ငြမ်းမီဒီယာ – စစ်အာရှင်ခေတ်ကို ကျနော်တို့ဖြတ်သန်းခဲ့ကြရတယ်။ အခုလူထုတင်မြှောက်ရွေးချယ်တဲ့ အစိုးရလက်ထက်မှာ မျှော်လင့်ခဲ့ကြတာရှိတယ်။တိုင်းရင်းသားတွေဘက်ကရောတိုင်းရင်းသား အခွင့်အရေး၊ လူနည်းစု အခွင့်အရေး မျှော်လင့်ခဲ့ကြတာ ရှိတယ်။အဲဒါတွေက ဘယ်လိုအနေထားမှာပဲ ရှိနေခဲ့လဲ။

MAL – ကျမတစ်ယောက်အနေနဲ့ ထင်တာက လက်ရှိ အစိုးရက ဗဟိုချုပ်ကိုင်မှု အရမ်းများတဲ့ အစိုးရတစ်ရပ် ဖြစ်တယ်။ဗဟိုမှာ ရှိနေတဲ့ လူတွေက လည်း လူမျိုးကြီးတွေ ဖြစ်နေတယ်။ တိုင်းရင်းသားလူနည်းစုတွေ ပါဝင်မှု နည်းတာ တွေ့ရတယ်။ လူနည်းစု တိုင်းရင်းသား အခွင့်အရေး အပေါ်မှာ လည်း အလေးအနက်ထားပြီး လုပ်ဆောင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း မတွေ့ရဘူး။

ပြည်တွင်းစစ် ဆိုတာက အသက်အိုးအိမ် ပျက်စီးခဲ့ရ တယ်။သတ်ဖြတ် ခံခဲ့ရတယ်။မုဒိမ်းကျင့် ခံရတယ်။ ဘဝတွေအများကြီး ဖျက်ဆီး ခံခဲ့ရတယ်။ ဒီလို ခံစားချက်က …

အဓိက က ငြိမ်းချမ်းရေး ကို အဓိက ဦးတည်နေတယ် လို့ပြောတယ်။သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကလည်း ထိရောက်သင့် သလောက် မထိရောက်ဘူး။တပ်ကိုလည်း ဖိအားမပေးနိုင်တဲ့ အနေအထား ရှိတယ်။ငြိမ်းချမ်းရေး ကလည်း တစ်စုံတစ်ရာ ထိရောက်မှု မရှိသလို တိုင်းရင်းသားအခွင့်အရေး တစ်စုံတစ်ရာ အာမခံချက် လုပ်တာတွေ၊ ရပ်တည်ပေးတာတွေ အရမ်း အားနည်းနေတာတွေ့ရတယ်။ မျှော်လင့်ထားတာက ကျမတို့ဒေသတွေမှာဆိုရင် တိုင်းရင်းသား အခွင့်အရေးတွေကို အာမခံဖို့ အတွက် ၊တိုင်းရင်းသားအရေး၊ တိုင်းရင်းသားတွေရဲ့ပါဝင်မှု၊ တန်းတူရေးတွေကို ကြိုးစားဖော်ဆောင်သွား မယ်ဆိုတဲ့ ရွေးကောက်ပွဲ မှာ သူတို့ပေးခဲ့တဲ့ကတိတွေ ကိုမျှော်လင့်လို့ပဲ ဒီအပေါ်မှာ မျှော်လင့်လို့ ကျမတို့တိုင်းရင်းသားဒေသမှာ ပုံအောပြီး မဲပေးခဲ့တာ ဖြစ်တယ်။ တိုင်းရင်းသား အမည်ခံဝင်ပြိုင်တဲ့ ပါတီတောင်မှ ကျမတို့ မပေးဘဲနဲ့ ကျမတို့ အများကြီး အားကိုးပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် ပေးနိုင် တဲ့ အနေအထားဖြစ်မယ်လို့ မျှော်လင့်လို့ ပြည်သူလူထုနဲ့ ကျမတို့ ပုံအောပြီး မဲပေးခဲ့တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ပေါ့။ဒါပေမယ့် ကျမတို့ မျှော်လင့်ထားသလို မဖြစ်ဘူးပေါ့။ ဘာကြောင့် ဖြစ်မလာတာ လဲဆိုတာ ထူးထူးထွေထွေမပြောတော့ဘူး။ဖြစ်နေတဲ့ အခင်းအကျင်း ကိုကြည့်ခြင်းဖြင့် သိနိုင်တယ်။

ငြမ်းမီဒီယာ – လူမျိုးစုအချင်ချင်းကြားမှာ အမုန်းတရာကိုအခြေခံပြီး တစ်ဖက်နဲ့တစ်ဖက် လှုံ့ဆော်တာတွေ၊ စည်းရုံးတာတွေ တိုက်ခိုက်ပြောဆိုတာတွေကို ဆိုရှယ်မီယာမှာ တွေ့လာ ရပါတယ်။ဒီလို လုပ်နေကြတဲ့ အပေါ်မှာရော ဘာများပြောချင်လဲဗျ။

MAL – ကျမထင်တယ် ၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ လူမျိုးရေးသဏ္ဍန်၊ဘာသာရေးသဏ္ဍန်ဆောင်တဲ့ ပဋိပက္ခတွေကို နောက်ကွယ်ကနေ လှုံ့ဆော်နေမယ့် အဖွဲ့ ရှိမယ်လို့မြင်တယ်။ ရွေးကောက်ပွဲနီးလာလေ လူမျိုးစုကြားမှာတွေ ၊လူမျိုးကြားမှာတွေ ပဋိပက္ခတွေ ပိုပြီး တွေ့မြင် နေရတယ်။ဒီအပေါ်မှာ ကျမတို့အနေနဲ့ကျမတစ်ယောက်တည်း အမြင်ရဆိုရင် ဘာကြောင့်ပဋိပက္ခ တွေဖြစ်လာသလဲဆိုတဲ့ အဓိကဇစ်မြစ်ကိုသိဖို့ လိုတယ်။ စိတ်ခံစားချက် တစ်ခုတည်း ကို ဦးတည်လို့ မရဘူး။ လူမျိုးရေးတို့၊ ဘာသာရေး တို့ က အရမ်းထိလွယ် ရှလွယ်တဲ့ အကြောင်းအရာြ ဖစ်တော့ ဆတ်ဆတ်ထိ မခံတာတွေ ရှိတယ်။

စစ်တပ်မှာ ဦးဆောင်တဲ့ ဗမာနဲ့ ဗမာလူမျိုးနဲ့ ခွဲခြားပြီး မပြောဘဲ ဗမာဆိုပြီ တစ်စုလုံးပြော လိုက်တယ်။ ဒီဟာကလည်း မဖြစ်သင့်ဘူး လို့မြင်တယ်။ ကျမတို့အပေါ် ရပ်တည်ပေးတဲ့ ဗမာတိုင်းရင်းသား လူငယ်တွေ …

ဒီဟာက အမှားအမှန် ကို ဝေဖန်သုံးသပ်မှု အားနည်းပြီးတော့ စိတ်ခံစား ချက်ကို ဦးစားပေးရင် ပဋိပက္ခကို ကြီးထွားစေမှာ ဖြစ်တယ်။ သတိပြုစေ ချင်တာ က ဒီလိုသဏ္ဍန် မဆောင်ဖို့ လိုတယ်။နိုင်ငံရေးအရ ရပ်တည် ဆောင်ရွက်တာ တစ်ကဏ္ဍ။ဒါပေမယ့် ဒီ ကြားမှာ မှ လူမျိုးရေးတွေ၊ မျိုးနွယ်စု သဏ္ဍန် ပဋိပက္ခတွေ ဖန်တီးတဲ့ အပေါ်မှာ မစီးမျှောဖို့တော့ လိုတယ်။ ကျမတို့ရဲ့ အသိဉာဏ်နဲ့ ချင့်ချိန်သုံးသပ်ဖို့လိုမယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေ ခံစားရတာ က လည်း ဒီဗမာတွေ၊ လူမျိုးကြီးဝါဒဒီလို သုံးတာ ရှိတယ်။ဒီဘက်မှာကလည်း မှတ်ပုံတင်မှာ ဗမာလို့တချို့ပြောပေမယ့် သွေးနှောတွေ ရှိပါတယ်။ တိုင်းရင်းသားတွေ ခံစားမှုကို နားလည် ခံစားပေးနိုင်တဲ့ လူငယ်၊လူကြီး အများကြီး ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဗမာနဲ့ပတ်သက်ပြီး မြင်တဲ့အမြင်က စိတ်မသက်မသာစရာတွေ လည်းရှိတယ်။ ငါတို့တွေလည်းဖိနှိပ် ခံရတာပဲ။ငါတို့တွေလည်း ဆုံးရှုံးခဲ့ရတာတွေ ရှိတာပဲလို့ ယူဆထားသူတွေလည်း ရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လို့ တိုင်းရင်းသားတွေ အမြင်က ငါတို့အပေါ် ဒီလိုရှိတာလဲ ဆိုတဲ့ ယူဆချက်တွေအပေါ်မှာရော ဘာပြောချင်လဲဗျ။

MAL – ကျမတို့နိုင်ငံကလေ နှစ်ပေါင်းဆယ်ချီပြီး ဗမာမှုပြုတဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့တာ။ စစ်အစိုးရတုန်း က ဗမာမှုပြုတဲ့ နေရာမှာ သိတဲ့အတိုင်းပဲ ဘာသာရေးပျံ့ပွားဖို့ အတွက်တွေ လုပ်ဆောင်ခဲ့ သလို တိုင်းရင်းသားဒေသတွေဆို လည်း ကျမတို့ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေးကို ဖျက်စီးတာတွေ ၊ကျမတို့တိုင်းရင်းသားတွေ အလုပ်လျောက်တဲ့နေရာမှာ အများကြီး ကန့်သတ် ပိတ်ပင်တာတွေ ရှိတယ်။ ဗမာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေနဲ့ မတူတာ က ဗမာတိုင်းရင်းသားတွေက စစ်အစိုးရ လက်အောက်မှာ ဖိနှိပ်ခံရတာခြင်း အတူတူ ကျမတို့ တိုင်းရင်းသားတွေလို ပြည်တွင်းစစ်တော့ မခံရဘူး။

လုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်၊ ပဋိပက္ခတွေ ကို ဖန်တီးနေတဲ့ လူပုဂ္ဂိုလ်တွေကို ပဲ ကျမတို့ပြောဖို့ လိုတယ်။ဗမာလို့ သုံးရင် ဗမာ တိုင်းရင်သား တစ်ခုလုံး ကို ထိခိုက်စေသလို ဖြစ်တယ်။ဒါက …

ကျမတို့ တိုင်းရင်းသားတွေ က ပြည်တွင်းစစ်ဒဏ် ကို နှစ်ပေါင်း ခြောက်ဆယ်၊ ခုနှစ်ဆယ်ဝန်းကျင် ခံနေရတာ ဖြစ်တယ် ။ပြည်တွင်းစစ် ဆိုတာက အသက်အိုးအိမ် ပျက်စီးခဲ့ရ တယ်။သတ်ဖြတ် ခံခဲ့ရတယ်။မုဒိမ်းကျင့် ခံရတယ်။ ဘဝတွေအများကြီး ဖျက်ဆီး ခံခဲ့ရတယ်။ ဒီလို ခံစားချက်က တိုင်းရင်းသားတွေပဲ သိတာဖြစ်တယ်။ ဗမာ တိုင်းရင်းသားတွေက ဒီလိုအခင်းအကျင်းကို မဖြတ်သန်းခဲ့ လိုက်ရဘူး။ အများစုကတော့ မဖြတ်သန်းခဲ့ လိုက်ရဘူး။တစ်ဖက်မှာပြန်ကြည့်ရင် ပြည်တွင်းစစ် အနေအထားမှာ ဦးဆောင်ပြီး တိုက်နေတဲ့ ခေါင်းဆောင် လယ်ဗယ်မှာ ဗမာ လူမျိုးတွေဖြစ်နေတယ်။ တိုင်းရင်းသားတွေ အနေနဲ့ ဗမာဆိုတဲ့ဟာကို အရမ်းပဲ ခံစားချက်က စိတ်ဒဏ်ရာကြီး ဖြစ်နေတယ်။ နှိပ်စက်ခံခဲ့ ရတာတွေ များ တယ်။ဖိနှိပ်ခံခဲ့ ရတာတွေ များတယ်။ ကြာလာ တော့ စိတ်ဒဏ်ရာ ရလာတယ်။ ကျမတို့ အားနည်းချက်က ဘယ်လိုမြင်လဲလို့ပြောရင် အရင်က ဗမာလို့ပြောရင် စစ်တပ်လို့ပဲ ကျမတို့ မြင်တာ။ ကျမတို့ ဒေသကို စစ်ဝတ်စုံတွေနဲ့ လာတာ၊ ဗမာစကား ပြောတာ။ ကျမတို့ အနေနဲ့ ဗမာဆိုတဲ့ ဟာကို နာကျည်း သွားတာတော့ ဖြစ်တယ်။ ကျမတို့ အားနည်းချက် က စစ်တပ်မှာ ဦးဆောင်တဲ့ ဗမာနဲ့ ဗမာလူမျိုးနဲ့ ခွဲခြားပြီး မပြောဘဲ ဗမာဆိုပြီ တစ်စုလုံးပြော လိုက်တယ်။ ဒီဟာကလည်း မဖြစ်သင့်ဘူး လို့မြင်တယ်။ ကျမတို့အပေါ် ရပ်တည်ပေးတဲ့ ဗမာတိုင်းရင်းသား လူငယ်တွေ ၊ကျမတို့ အပေါ် ဝန်းရံပေးတဲ့ ဗမာတိုင်းရင်းသား လူငယ်တွေ အများကြီး တွေ့ရတယ်။ ဒါကလည်း တနည်းအားဖြင့် သူတို့ တိုင်းရင်းသားတွေ ရဲ့အနေအထား ကို နားလည်လာတယ်။ လက်သင့်ခံပေးတဲ့ အနေအထားဖြစ်တယ်။ ကျမတို့ တိုင်းရင်းသားေတွ အနေနဲ့ သတိ ထားရမှာက လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ အပိုင်းမှာ ဆိုရင် စနစ်ကိုထောက်ပြ ဝေဖန်ဖို့ လိုတယ်။ နောက်တစ်ခု က လုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်၊ ပဋိပက္ခတွေ ကို ဖန်တီးနေတဲ့ လူပုဂ္ဂိုလ်တွေကို ပဲ ကျမတို့ပြောဖို့ လိုတယ်။ဗမာလို့ သုံးရင် ဗမာ တိုင်းရင်သား တစ်ခုလုံး ကို ထိခိုက်စေသလို ဖြစ်တယ်။ဒါက နောက်ပိုင်း ကျမတို့ သတိထားရမယ့်အပိုင်။ကျမတို့ တစ်ခါတလေ ရည်ရွယ်ချက် မရှိဘဲနဲ့ သုံးလိုက်တဲ့ အသုံးအနှုန်းက ဗမာ တိုင်းရင်းသားတွေအတွက် ခံစားချက်မကောင်းတာတွေ ဖြစ်သွား စေနိုင်တယ်။ ဒါကလည်း ခံစားလာရတဲ့ နှစ်အဆက်ဆက်ဝေဒနာတွေကြောင့် စိတ်ဒဏ်ရာတွေကြောင့် ပြောထွက်လိုက်မိတဲ့ အရာတွေလို့ ကျမမြင်တယ်။

ငြမ်းမီဒီယာ – အခု ကရင်နီလူငယ်တွေ ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သက်ရောက်မှု ဘာတွေ ရှိမလဲဗျ။

MAL – နောက်ဆက်တွဲ ကတော့ သေချာတာက ၂၀၂၀ရွေးကောက်ပွဲမှာ မှာ NLD ပါတီ ဟာ ကရင်နီြ ပည်နယ်မှာ၂၀၁၅ လောက်ကလောက် အနိုင်ရှိမှာ မဟုတ်တော့ဘူးလို့ ကျမမြင်တယ်။ ဒါက နောက်ဆက်တွဲပေါ့။

ငြမ်းမီဒီယာ – အခု လူမျိုးစုတစ်စုနဲ့တစ်စုကြားမှာ ရှိနေတဲ့ အမုန်းတရား အခြေခံမှုနဲ့ လှုံ့ဆော်နေ သူတွေ၊ ဒီအမုန်းတွေ မဖြစ်လာ အောင်၊ေ လျှာ့ချဖို့ လူငယ်မျိုးဆက်သစ်တစ်ယောက်အနေနဲ့ ဘယ်လိုစဉ်းစားထား လဲဗျ။ဘာတွေလုပ်ကြမလဲဗျ။

MAL – အမုန်းတရားတွေ လျှော့ချဖို့ကလည်း ကျမတို့ကြားမှာ စဉ်းစားဆင်ခြင်မှု ဉာဏ်က လည်း လိုတယ်။အရင်က လူမျိုးရေး၊ ဘာသားရေး ပဋိပက္ခအသွင်ဆောင်တဲ့ ဟာတွေ မြန်မာနိုင်ငံအနှံ့မှာဖြစ်ခဲ့တယ်။ ကျမတို့ကရင်နီ ပြည်နယ်မှာ မဖြစ်ခဲ့ဘူး။ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေမဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်လာမယ့် အနေအထားမှာ ကျမတို့ကြို တင် ကာကွယ်တယ်။ အရပ်ဘက် အဖွဲ့အစည်း သော် လည်းကောင်း၊ တစ်သီးပုဂ္ဂလ ခေါင်းဆောင်သော် လည်းကောင်း ကျမတို့ညှိနှိုင်းဆွေးနွေး တိုင်ပင်တယ်။ကျမတို့တွေ လူထုကိုဝေမျှပေးတယ်။ ပဋိပက္ခအသွင် မဆောင်တဲ့ အပြုအမူတွေ ပြုမူဖို့လိုတယ် ဆိုတာ၊ပဋိပက္ခ အသွင်သဏ္ဍန်ဆောင်တဲ့ အရာတွေကို ရှောင်ရှားဖို့ လိုတယ်ဆိုတာ သေသေချာချာ ဆွေးနွေး ပေးတယ်။အဓိက က ကျမတို့ကိုယ်တိုင်က အဓိက ဇစ်မြစ်ကို လေ့လာဖို့ လိုသလို၊ဒီလို အသွင်သဏ္ဍန် ဆောင်သလား ၊မဆောင်ဘူးလား ဆိုတာ ကျမတို့ သေချာစုံစမ်းဖို့ လိုတယ်။ တစ်ဖက်မှာ ကျမတို့ ကိုယ်တိုင် အပြုအမူတွေ ကို ဆင်ခြင်ဖို့ လိုတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခဖန်တီးမှု အောက်မှာ ရောထွေးပြီးပါ မသွားဖို့ လူထုကြားမှာ၊ကျမတို့ အသိုင်းအဝန်းကြားမှာ သေသေချာချာ  ဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်လို့ မြင်တယ်။

ငြမ်းမီဒီယာ – ကျေးဇူးပါခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,