အရပ်သား အတွေး၊ အစိုးရအမြင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Steven Keller/ နိုင်ငံတနိုင်ငံစီက သူတို့ ပြည်တွင်း ဥပဒေတွေကိုလဲ လေးစားလိုက်နာသင့်ပါတယ်

သူမဟာ ရက်ရက်စက်စက် အသတ်မခံရခင်မှာ မုဒိမ်းလဲ အကျင့်ခံရ ရှာပါတယ်။ သူ့အပြစ်ကတော့ အစိုးရပိုင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စီပွားရေးလုပ်ငန်းရှင်တွေအကြောင်း ဆက်စပ် သတင်းလုပ်မိတာ တဲ့။ ဒါပေမယ့် ဒီသတင်းသမား အသတ်ခံရတာကို …

 

ကျွန်တော်ဟာ တနေ့တနေ့ သတင်းတွေနားထောင်ပြီး အင်္ဂလိပ်ကို အလိုမကျလိုက်၊ အမေရိကန်ကို သဘောမတွေ့လိုက်၊ တရုပ်ကို စိတ်ဆိုးလိုက်၊ အာဆီယံကို အပြစ်တင်လိုက်၊ ကိုယ့်အစိုးရကို အားမရလိုက်နဲ့ စိတ်အလိုမကျ ရောဂါတွေ ရနေတတ်ပါတယ်။ ဒါပေမယ့် မကြာခင်က စကားစစ်ထိုးပွဲ တခုကို သေချာကြည့်မိလိုက်မိပြီး တဲ့အခါမှာတော့ ‘သြော် . . ငါ အတော် နုံသေးတာပဲ၊ ငါလို အရပ်သားက အရပ်တွေး တွေးနေတုန်း သူတို့ အစိုးရတွေဆိုတာက အစိုးရအလုပ်ကို လုပ်နေကြတာပါလား’ လို့ သတိရ ကိုယ့်ကိုယ်ကို ပြန်ဖြောင်းဖြ ပညာယူရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ မှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲမှာ ကမ္ဘာကျော် လူသတ်မှုတခု ဖြစ်သွားပါတယ်။ ကမ္ဘာ့မီဒီယာတွေမှာ အဲဒီသတင်း ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ အကြောင်းတွေကတော့ ဒီလူသတ်မှုဟာ အင်မတန် လုံခြုံရေးစနစ်ကောင်းပါတယ်ဆိုတဲ့ သံရုံးထဲမှာ ဖြစ်သွားရတာ၊ ဖြစ်ပုံကလဲ စနစ်တကျ အကွက်ချ ကြိုတင်ကြံစည်ပြီးမှ ဖြစ်တာ၊ ဖြစ်ပြီးတော့ အလောင်းပါပျောက်သွားတာ၊ အသတ်ခံရသူက လူမသိသူမသိ သာမာန်ထဲက မဟုတ်ဘဲ အမေရိကန်မှာခိုလှုံရင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ သတင်းဆောင်းပါးတွေရေးနေတဲ့ ဆာ်ဒီနိုင်ငံသား သတင်းသမား ဂျာနယ်လစ် တစ်ယောက် ဖြစ်နေခဲ့တာတွေကြောင့်ပါ။

အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း သူ့နံမည်က ဂျမဲလ်ခါရှော်ဂီ ဖြစ်ပြီး သူဟာ အင်မတန်ပွင့်လင်းပြတ်သား ဝေဖန်ရေးသား ပြောဆိုတတ်တာတွေကြောင့် သတင်းလောကမှာ နံမည်ရနေပေမယ့် တဖက်မှာတော့ ဆော်ဒီအစိုးရရဲ့ ငြိုငြင်တာကို ခံနေခဲ့ရသူပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခါရှော်ဂီဟာ သူပစ်မှတ်ထားခံနေရတယ်ဆိုတဲ့ အချက်ကို သိပ်အမှုမထားလိုက်ဘဲ စေ့ဆော်မှုတစ်ခုကြောင့် ကောင်စစ်ဝန်ရုံးထဲကို ဝင်သွားမိပါတယ်။ သူ ဝင်ရတဲ့အကြောင်းက ဆော်ဒီအစိုးရဆီက ထောက်ခံချက်လေးတစ်ခု လိုနေခဲ့တာကြောင့်ပါ။

သုတေသနပညာရှင် တူရကီနိင်ငံသူတယောက်နဲ့ အင်တာဗျူးတစ်ခုမှာ ဆုံတွေ့ခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်သိကျွမ်းချစ်ခင် ရည်ငံခဲ့ကြပါသတဲ့။ နောက်ဆုံး လက်ထပ်ဖို့၊ အတူနေဖို့ သဘောတူမျှခဲ့ကြတဲ့အခါ တရားဝင်လက်ထပ်နိုင်ဖို့ အမျိုးသမီး မိဘများဆီမှာ သူ ခွင့်ပန်ရမယ့်ကိစ္စ ရှိလာပါတယ်။ ဒါအတွက် ပထမဆုံး လိုအပ်ချက်က သူဟာ သူ့ပထမအိမ်ထောင်နဲ့ ကွဲကွာပြီးကြောင်း အထောက်အထားလေးကို ဆော်ဒီအစိုးရဆီမှာ သက်သေစာတစ်စောင် သွားတောင်းခံရဖို့ ဖြစ်ပါတယ်။

ဆော်ဒီသံရုံးမှာ ပထမတခါ သွားစုံစမ်းလိုက်တဲ့အခါ သံရုံးက လိုလိုလားလား ထုတ်ပေးမယ်ပြောလိုက်တာမို့ အားတက်ပြီး ဒုတိယအကြိမ် ချိန်းထားတဲ့အတိုင်း သွားလိုက်တဲ့အချိန်မှာ သူ လုပ်ကြံခံလိုက်ရတာပါ။ အဲဒီကိစ္စဟာ အမေရိကန်နဲ့ ဥရောပ အစိုးရတွေကို လပေါင်းများစွာ ဂယက်ရိုက်ခတ်၊ အလုပ်တွေရှုပ်၊ နိုင်ငံရေး သံခင်းတမန်ခင်း စကားတွေ များနေစေခဲ့ပါတယ်။ အဲဒီအဖြစ်ကို အရပ်သားတွေနဲ့ သတင်းဌာနတွေ၊ လူ့အခွင့်အရေးသမားတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပြောကြဆိုကြ၊ ရေးသားဝေဖန်ကြတာ တွေဟာ နေရာအနှံ့မှာ အချိန်အတန်ကြာ ဟိုးလေးတကြော် ရှိနေခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ “ ဆော်ဒီအာရေးဗျနိုင်ငံကို အနောက်နိုင်ငံတွေက အဆက်အသွယ်ဖြတ်သင့်/မသင့်” ခေါင်းစဉ်နဲ့ လန်ဒန်မြို့က အင်မယ်နျူရယ်စင်တာမှာ အထင်ကရ လူလေးယောက် စကားစစ်ထိုးပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဆက်အသွယ်ဖြတ်သင့်တယ်၊ အရေးယူသင့်တယ်ဆိုတဲ့ဘက်က (၂) ယောက်။ မဖြတ်သင့်ဘူး ဆိုတဲ့ဘက်က (၂) ယောက်။

မော်ဒရေတာ ပွဲထိန်းလုပ်သူကတော့ ဘီဘီစီက နိုင်ငံတကာသတင်းဌာန အကြီးအကဲ ဝါရင့် သတင်းသမကြီး Lyse Doucet ပါ။

အဆက်သွယ်ဖြတ် အရေးယူရမယ်ဆိုတဲ့ဘက်မှာ အယ်ဂျာဇီးယား အသံလွှင့်ဌာနက မာဒီဟာဆန်နဲ့ လန်ဒန် ( London School of Economic ) က အမျိုးသမီးပါမောက္ခ ဆော်ဒီနိုင်ငံဖွား မာဒါဝီအယ်လ်ရာရှစ်။ အဆက်အသွယ်မဖြတ်သင့်ဘူး၊ အရေးမယူသင့်ဘူး ဘက်မှာ ( London Think Tank ) ဥက္ကဌ ( London Global Stratagy Institute ) က အီဂျစ်နိုင်ငံဖွား မာမွန်ဖန်ဒီနဲ့ ပါလီမန်လွှတ်တော်မှာ လုပ်သက် (၂၁) နှစ်ရှိနေတဲ့ ကွန်ဆာဗေးတစ်ပါတီ အမတ် (သူက လွှတ်တော် နိုင်ငံခြားရေးရာ တာဝန်ခံလည်းလုပ်ဖူးတယ်) ခရစ်ပင်ဘလန့်တို့ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

ဆော်ဒီကို အဓိက လက်နက်ရောင်းနေတာ အမေရိကန်နဲ့ အင်္ဂလန်ပဲ။ ဒီတော့ လက်နက်ရောင်းတာတွေကို ရပ်ဖို့။ လူသတ်မှုမှာ ပတ်သက်နေတဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆိုတာလောက်ကို ရှင်တို့ မလုပ်သင့်ဘူးလား …

 

မာဒီဟာဆန်က အယ်ဂျာဇီးယားရုပ်သံမှာ ပင်တိုင် အသံလွှင့်ရုပ်သံသမား။ ဆောင်းပါးတွေလဲရေး၊ ဒီဘိတ်တွေမျိုးစုံကိုလည်း ဦးဆောင်နေတဲ့ နံမည်ကြီးဂျာနယ်လစ် သတင်းသမားတစ်ယောက်ပါ။ သူ ထောက်ပြတဲ့အချက်တွေမှာ ဆော်ဒီမှာ ကားမောင်းမိလို့ ထောင်ကျနေတဲ့ အမျိုးသမီးတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြမိလို့ ထောင်ကျနေတဲ့ လင်မယား၊ အစိုးရကိုဝေဖန်လို့ ကြိမ်ဒဏ် (၁,၀၀၀) နဲ့ ထောင်ဒဏ် (၁၀) နှစ် ကျနေတဲ့ ဘလောက်ဂါ ရာအစ်ဖ်ဘာဒါဝီ၊ ဆော်ဒီက ပိတ်ဆို့ထားပြီး ဗုံးကြဲနေလို့ ရောဂါဘေး၊ အငတ်ဘေး၊ စစ်ဘေးနဲ့ နေ့စဉ်သေဆုံးနေရတဲ့ ယီမင်က ကလေး (၁ ဒဿ မ ၈) သန်း အကြောင်းတွေပါ ပါတယ်။ ယီမင်က အယ်ကိုင်းဒါ အဖွဲ့တွေကို ဆော်ဒီက ကူညီနေတာဖြစ်တဲ့အကြောင်း၊ ကာတာနိုင်ငံကို ပိတ်ဆို့အရေးယူထားလို့ ပင်လယ်ကွေ့ (၄) နိုင်ငံ အကွဲအပြဲကြုံနေရတဲ့အကြောင်း၊ အမေရိကန် ထုတ်ကုန် (၁ ဒဿ မ ၁) ရာနှုန်း၊ ယူကေ ထုတ်ကုန် (၁ ဒဿ မ ၃) ရာနှုန်းကို ဆော်ဒီက နှစ်စဉ်ဝယ်နေတဲ့ ဖေါက်သည်ပေမယ့် ကမ္ဘာတဝှမ်းက အကြမ်းဖက် ဆွန်နီဝါဒီတွေကို အဓိက ငွေကြေးပံ့ပိုးနေတာဟာ ဆော်ဒီဖြစ်တဲ့အကြောင်းတွေ အပြစ်တင် ထောက်ပြသွားပါတယ်။

အမျိုးသမီးပါမောက္ခ မာဒါဝီအယ်လ်ရာရှစ်ကတော့ အာဂသတ္တိခဲ အမျိုးသမီးတယောက်ပါ။ သူ့ဘဝနောက်ကြောင်းလေးကို စကားပလ္လင်နည်းနည်းခံပြီးပြောလို့ သိရတာက သူဟာ ၁၉၈၃ မှာ အင်္ဂလန် ကင်းဘရစ်တက္ကသိုလ်ကနေ မာစတာဒီဂရီယူတယ်။ နောက်ထပ် ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ကို Social Anthropology နဲ့ ထပ်ယူတယ်။ အဲဒီမှာ သူပြုတဲ့ စာတမ်းက ဆော်ဒီအာရေးဗျ သမိုင်းကြောင်း တဲ့။ အဲဒီစာတမ်းတင်တော့ သူ့အဖေဆီကို ဆော်ဒီမင်းသား မဟာမက်ဘင်ဆလမင်က (အဲဒီတုန်းက ရီယာဒ်မြို့တော်ဝန်ဘဝမှာပဲ သူရှိသေးတယ်) အဲဒီစာတမ်းကို ပုံနှိပ်ထုတ်ဝေရင် နိုင်ငံတော်က အရေးယူမယ် ဆိုတဲ့အကြောင်း အကြောင်းကြားလာပါသတဲ့။ သူက နောက်မဆုတ်ဘူး။ အဲဒါကို စာအုပ်ထုတ်တဲ့ အပြင် နောက်ထပ်စာအုပ် ၁၄၊ ၁၅ အုပ်လောက် ရေးထုတ်ပစ်လိုက်ပါသတဲ့။ သူ ဆော်ဒီကို ပြန်ဖို့ ခက်သွားတာပေါ့။ ၂၀၀၅ ခုနှစ်မှာ တီဗွီ အင်တာဗျူးကနေ ဆော်ဒီ အမျိုးသမီးတွေဘဝဟာ ကိုယ်နေထိုင်ရာမြို့တွေ၊ ရွာတွေက မြူနီစပါယ် အုပ်ချုပ်ရေးတွေမှာတောင် ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်ခွင့် လုံးဝမရှိသေးဘူးလို့ ပြောလိုက်တာမို့ ဆော်ဒီ ဘုရင်က အမျက်တော်ရှပြီး သူ့ကို နိုင်ငံသားဖြစ်ခွင့်ကနေပါ ရုပ်သိမ်း အရေးယူလိုက်ပါသတဲ့။ ဒီတော့မှ သူလည်း အင်္ဂလန်နိုင်ငံသားခံယူရတဲ့ အဖြစ်ရောက်လာပါ သတဲ့။

“ ရှင်တို့ ဥရောပ အစိုးရတွေ ပုံဖေါ်နေသလို တကယ်တော့ ဆော်ဒီဟာ မပြောင်းလဲသေးဘူး။ ဆော်ဒီမင်းသားဟာ ပြုပြင်ပြောင်းလဲရေးသမား၊ တော်လှန်ရေးသမား မဟုတ်ဘူး။ ခုအချိန် ဆော်ဒီမှာ အုပ်ထိန်းသူပါရင်၊ အမျိုးသားပါရင် ပွဲကြည့်ခွင့်၊ ဘောလုံးပွဲကြည့်ခွင့်တွေရနေပြီ။ အမျိုးသမီးတွေလည်း ကားမောင်းခွင့် ရလာနေပြီ ဆိုပေမယ့် အမျိုးသမီးလှုပ်ရှားတက်ကြွသူ (၈) ယောက်နဲ့ သူတို့ကို ဝန်းရံတဲ့ အမျိုးသား (၄) ဦးဟာ ထောင်ထဲမှာ ခုထိရှိနေသေးတယ်၊ ကျွန်မသူငယ်ချင်း ပညာရှင်အမျိုးသမီးတစ်ယောက်လည်း ကျွန်မကို စွပ်စွဲသလိုပဲ။ အမျိုးသားသစ္စာဖေါက်၊ ဗြိတိသျှ သူလျှို ဆိုပြီး စွပ်စွဲ ထောင်ချထားတုန်း။ ကျွန်မ လွတ်လပ်စွာ စာအုပ်ထုတ်ဝေတာနဲ့ အဲဒီလိုအပြစ်ပေးရမလား။ ဥရောပအစိုးရတွေက ပြောကြတယ်၊ ဆော်ဒီကိုတော့ သွားမလုပ်ပါနဲ့၊ သူတို့က ရှာရီယားဥပဒေနဲ့ အုပ်ချုပ်နေတာ၊ နိုင်ငံတကာဥပဒေနဲ့ အုပ်ချုပ်နေတာ မဟုတ်ဘူးလို့ အကြောင်းပြနေကြပေမယ့် ဗင်နီဇွဲလား နိုင်ငံရေးတော့ ဝင်စွက်ရဲကြသတဲ့လား၊ ဗင်နီဇွဲလားကို ဘယ်တော့ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီး ရာဇသံတွေပေးရဲကြသတဲ့လား၊ ဆော်ဒီကျတော့မှ အရေးမယူရဲတော့ဘူးလား။ လီဘနွန် ပြည်တွင်းရေးဝင်နှောက်၊ ဝန်ကြီးချုပ်ကိုပြန်ပေးဆွဲ၊ နှုတ်ထွက်ခိုင်းတာ ဆော်ဒီ။ ဘာရိန်းဒီမိုကရေစီ လမ်းလွဲအောင် ၂၀၁၁ မှာလုပ်ခဲ့တာ ဆော်ဒီ။ ကာတာနိုင်ငံကို အကြမ်းဖက် အားပေးဆိုပြီး ခုထိ ပိတ်ဆို့ထားတာ ဆော်ဒီ။ ယီမင်စစ်မှာ ဝင်တိုက်နေတာ ဆော်ဒီ။ ဒါကို ခုထိ ဗြိတိန်က ချွင်းချက်မရှိ ထောက်ခံနေတာလား။ ဆော်ဒီကို အဓိက လက်နက်ရောင်းနေတာ အမေရိကန်နဲ့ အင်္ဂလန်ပဲ။ ဒီတော့ လက်နက်ရောင်းတာတွေကို ရပ်ဖို့။ လူသတ်မှုမှာ ပတ်သက်နေတဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆိုတာလောက်ကို ရှင်တို့ မလုပ်သင့်ဘူးလား။ ကျမက ပွင့်ပွင့်လင်းလင်းကြိုက်တယ်၊ တံခါးပိတ်နောက်ကွယ်မှာ ဆွေးနွေးနေပါတယ် တို့၊ အပြုသဘောဆောင် ချဉ်းကပ်နေတာပါတို့ကို မကြိုက်ဘူး” လို့ ပြောဆိုဆွေးနွေးပါတယ်။

သူမဟာ ဒီခေါင်းစဉ်နဲ့ စကားစစ်ထိုးလာတာ ဒါပါနဲ့ဆို (၃) ပွဲ ရှိနေပြီတဲ့။ (ပထမ (၂) ပွဲမှာတော့ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး အဖြေကို ရထားပါတယ်။) ပွဲတက်လာတဲ့ ပရိသတ်တွေအားလုံး ပညာတတ်တွေ ဖြစ်တာမို့ သူ့ဘက်ကထောက်ခံပြီး ဗြိတိန်အစိုးရကို ပြတ်သားတဲ့အဖြေနဲ့ ဒီပွဲကနေ သတင်းစကားပါးပေးကြဖို့ အဆုံးမှာ တိုက်တွန်းသွားပါတယ်။

အရေးမယူသင့်ဘူး ဆိုတဲ့ဘက်က အချေရှင် မာမွန်ဖန်ဒီ ပြန်လည် ချေပသွားတာမှာတော့ ဆော်ဒီကောင်စစ်ဝန်ရုံး လူသတ်မှုပြဿ နာကို သူဟာ ဧရိယာ (၃) ဘက်ကနေ သတိထား ချဉ်းကပ်သင့်တဲ့အကြောင်း ပြောပါတယ်။

ပထမဧရိယာက ဆွေးနွေးပွဲ ခေါင်းစဉ်နံမည်နဲ့ ပတ်သက်တယ်။ ဆွေးနွေးပွဲခေါင်းစဉ်မှာ အနောက်ကမ္ဘာဟာ ဆော်ဒီအစိုးရကို အဆက်အသွယ်ဖြတ်သင့်တယ်ပြောတော့ အနောက်ကမ္ဘာက စိတ်ဓါတ်ပိုင်း၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာ (အရှေ့ထက်) ပိုမြင့်မြတ်ပြည့်စုံနေလို့လား။ အာရှ အာဖရိကအစိုးရတွေက အနောက်ထက် တစ်ဆင့်နိမ့် နေလို့လား။ သူတို့ကကော အရေးမယူသင့်ဘူးလား။ အမေရိကန်တွေ အီရတ်ကို ဝင်သိမ်းတော့ အီရတ်စစ်အကျဉ်းသားများစွာကို အမေရိကန်စစ်သားတွေ သတ်ဖြတ်ညှင်းဆဲတာတွေ၊ အကျဉ်းထောင်တွေထဲမှာခုလိုပဲ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား။ (အဘူရစ်ထောင် ဥပမာပေး)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒုတိယ စဉ်းစားရမယ့် ဧရိယာက ဆော်ဒီဟာ နိုင်ငံသေးတယ်ပြောလို့ မရဘူး။ ကမ္ဘာတဝှမ်းက မူဆလင်ဘာသာဝင် သန်း တထောင်ကျော် ဘာသာရေးအထွဋ် အမြတ်ထားရာ ဝတ်ပြုရာနိုင်ငံဆိုတာ မမေ့သင့်ကြဘူး။ ဒါကို အလေးထားရမယ်။

တတိယ စဉ်းစားရမယ့် ဧရိယာက ဆော်ဒီဟာ ကမ္ဘာ့လောင်စာဆီ ထိန်းညှိရာ ဗဟိုချက်။ ၁၉၇၃ တုန်းက ဆော်ဒီက လောင်စာဆီကို လက်နက်လိုအသုံးချ ထိန်းချုပ်လိုက်တဲ့ အတွက် တကမ္ဘာလုံးမှာ စီးပွါးရေးတွေ ကသောင်းကနင်းဖြစ်ခဲ့တဲ့ ရာဇဝင်ရှိတယ်။ အဲလိုတင်ပြပြီးနောက် ဆက်ဆွေးနွေးတာတွေက ခါရှော်ဂီ အသတ်ခံရပြီးနောက်ထပ် (၂) ရက်အကြာလောက်မှာ ဘူဂေးရီးယားမှာလည်း ရုပ်သံသတင်းကြေငြာသူ အသက် (၃၀) ပဲ ရှိသေးတဲ့အမျိုးသမီး ဗစ်တိုးရီးယား မာရီနိုဗာ အသတ်ခံရပါသတဲ့။ သူမဟာ ရက်ရက်စက်စက် အသတ်မခံရခင်မှာ မုဒိမ်းလဲ အကျင့်ခံရ ရှာပါတယ်။ သူ့အပြစ်ကတော့ အစိုးရပိုင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စီပွားရေးလုပ်ငန်းရှင်တွေအကြောင်း ဆက်စပ် သတင်းလုပ်မိတာ တဲ့။ ဒါပေမယ့် ဒီသတင်းသမား အသတ်ခံရတာကိုတော့ ဘယ်နိုင်ငံကမှ ဂရုမထား အရေးတယူ မရှိကြဘူးဆိုတဲ့အကြောင်းလေး သူ ထည့်ပြောပါတယ်။ လူတွေဟာ ပြဿ နာတွေကို မတူညီတဲ့ ပေတံအမျိုးမျိုးနဲ့ တစ်နေရာတစ်မျိုး တိုင်းထွာတတ်ကြပါသတဲ့။

 

အရှေ့အလယ်ပိုင်းက နိုင်ငံရေးဟဲဗီးဝိတ် ဆော်ဒီနဲ့ အမေရိကန်ဆက်ဆံရေးဟာ ဘယ်တုန်းကမှ မပျက်ခဲ့ဘဲ စီးပွါးရေးအရရော မဟာဗျူဟာမြောက် လက်တွဲဖေါ်အဖြစ်နဲ့ ဆက်ဆံလာတာ နှစ်ပေါင်း (၇၅) နှစ်ရှိပါပြီ။ ဒီလူသတ်မှုမှာ ဘယ်သူတာဝန်ရှိသလဲ ဆိုတာထက် …

 

ဆက်ဆွေးနွေးတာတွေကတော့ အမေရိကန်က ကျူးဘားကိုပိတ်ဆို့အရေးယူတယ်။ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီး၊ ဘာအကျိုးဖြစ်ခဲ့တာတွေ ရှိသလဲ တဲ့။ ကတ်စထရို ဘာမှမဖြစ်၊ ကျူးဘားပြည်သူတွေလဲ ဘာမှမဖြစ်လာ။ အီရန်ကို ပိတ်ဆို့တယ်၊ မြောက်ကိုရီးယားကို ပိတ်ဆို့တာတွေလုပ်တယ်။ အစိုးရတွေ ဘာမှမဖြစ်ခဲ့ဘူး။ ဒီတော့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့တာကြောင့် ခုလို အမုန်းတွေ၊ လက်တုန့်ပြန်လိုမှုတွေနဲ့ အစိုးရဆိုးတရပ်ကို အရေးယူမယ်၊ တိုင်းပြည်တပြည်ကို အရေးယူမယ် ဆိုတာမျိုးတွေကို သူ မလုပ်လိုဘူး။ မကြိုက်ဘူး။ တာဝန်ရှိသူ တစ်ယောက်ချင်းအပေါ် အရေးယူတာမျိုးက ကျိုးကြောင်းဆီလျော်သေးတယ်၊ စဉ်းစားသင့်တယ်။ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာသင့်သလို နိုင်ငံတနိုင်ငံစီက သူတို့ ပြည်တွင်း ဥပဒေတွေကိုလဲ လေးစားလိုက်နာသင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လုပ်ချင်သလိုလုပ်နေကြရင် တောရိုင်းဥပဒေတွေပဲ ဖြစ်နေမယ်။ နိုင်ငံချင်း အဆက်အသွယ် ဖြတ်ကြတဲ့အထိဆိုတာ တကယ်တန်းကျတော့ အဆံမပြည့်တဲ့၊ စိတ်ကူးယဉ်ဆန်တဲ့ နိုင်ငံတကာပေါ်လစီလို့ပဲ သူ မြင်တယ်လို့ ဆွေးနွေးသွားပါတယ်။

အချေရှင်နောက်တယောက်ဖြစ်တဲ့ ကွန်ဆာဗေးတစ်အမတ် ခရစ်ပင်ဘလန့်ကတော့ သူဟာ ဆော်ဒီမင်းသား နဲ့ လူချင်းလည်း သိကျွမ်းရင်းနှီးတယ်။ ဆော်ဒီမင်းသားဟာ သူ့နိုင်ငံကို ပြုပြင်ပြောင်းလဲလိုတဲ့ အမြင်ရှိတယ်လို့ သူထင်တယ်။ အရှေ့အလယ်ပိုင်း ဒေသဟာ တည်ငြိမ်မှု မရှိဘူး။ ဆော်ဒီနိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း တည်ငြိမ်ရေးမှာ အရေးကြီးတဲ့ အဓိကဒေါက်တိုင်သဖွယ် တည်ရှိနေတာမို့ သူ မတည်မငြိမ်ဖြစ်ရင် ပိုဆိုးမယ်။ သူ့ကို ဖြစ်ချင်သလိုဖြစ်ပါစေ ဆိုပြီး အားလုံးက အဆက်ဖြတ်ထားလိုက်လို့ သူ့ ပြည်တွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာမယ်ဆိုရင် ဆီးရီးယား၊ လစ်ဗျားတို့လို့ ဆိုးဝါးသွားနိုင်တယ်လို့ သူထင်ကြောင်းပြောပါတယ်။ ဒေသတည်ငြိမ်ရေးပျက်ပြားသွားရင် ဗြိတိန်အနေနဲ့လည်း ကာကွယ်ရေးစရိတ်တွေ ပိုကုန်ကျလာနိုင်ကြောင်း၊ ခုလို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာရောက်နေတဲ့ အစိုးရတရပ်ကို ပြစ်တင်မောင်းမဲ၊ အရှက်တကွဲ ဖြစ်အောင်လုပ်၊ သံခင်းတမန်ခင်း အသံကျယ်ကျယ်ဟစ်တာတွေလုပ်၊ အဆက်အသွယ်ဖြတ် တာတွေဟာ အထီးကျန် သွားတာ၊ ဒေသတွင်းမတည်မငြိမ်ဖြစ်လာမှာကလွဲလို့ ဘာမှအကျိုးမများဘူးလို့ ဆွေးနွေးပါတယ်။

အရှေ့အလယ်ပိုင်းက နိုင်ငံရေးဟဲဗီးဝိတ် ဆော်ဒီနဲ့ အမေရိကန်ဆက်ဆံရေးဟာ ဘယ်တုန်းကမှ မပျက်ခဲ့ဘဲ စီးပွါးရေးအရရော မဟာဗျူဟာမြောက် လက်တွဲဖေါ်အဖြစ်နဲ့ ဆက်ဆံလာတာ နှစ်ပေါင်း (၇၅) နှစ်ရှိပါပြီ။ ဒီလူသတ်မှုမှာ ဘယ်သူတာဝန်ရှိသလဲ ဆိုတာထက် အမေရိကန် – ဆော်ဒီဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ အမေရိကန်သမ္မတ ထရမ့်ကလဲ အခိုင်အမာ ပြောပြီးပါပြီ။ လူသတ်မှုနဲ့ ပတ်သက်လို့ ဆော်ဒီမင်းသားရဲ့ အဓိက လက်ရုံးနှစ်ယောက်အပါအဝင် လူ (၁၇) ဦးကို အိမ်ဖြူတော်က ကန့်သတ်အရေးယူမှုတွေလုပ်ခဲ့တာကလွဲရင် ဘာမှ ဆက်လုပ်လိုပုံမရပါ။ စီအိုင်အေအစီရင်ခံစာမှာ ဆော်ဒီမင်းသား အမိန့်ပေးတယ်လို့ ယူဆပေမယ့် သမ္မတကတော့ ဒါကို အတည်မပြု ဂရုမထားပါ။ ဘီလီယံ (၁၁၀) ဘိုး လက်နက်ဝယ်ထားတဲ့ ဖေါက်သည်၊ အီရန်ကို ရင်ဆိုင်ဖို့အတွက် လက်တွဲထားရမယ့် မိတ်ဆွေအဖြစ်က ပျက်လို့ မရပါ။ မဟာဗျူဟာမြောက်ဆက်ဆံရေးနဲ့ လူ့အခွင့် အရေးမှာ ဘာကိုအလေးပေးရမယ်ဆိုတာ အမေရိကန် အစိုးရက ဆုံးဖြတ်လုပ် ဆောင်သွားမှာပါ။ ဥရောပအစိုးရတွေအဖို့မှာလည်းဆော်ဒီဟာလက်နက်ဖေါက်သည်ကြီးပါပဲ။ အမေရိကန်ပြီးရင် လက်နက်အများဆုံးရောင်းချနေတဲ့ နိုင်ငံ တွေမှာ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီတို့ဟာ အစဉ်အလိုက် ရှိနေပါတယ်။

ဒီ Intelligent Square debate ပွဲကို တက်ရောက်နားထောင်ကြတဲ့ ပရိသတ် ခန့်မှန်းခြေ (၅၀၀) ထက်မနည်း ရှိတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက လူကြီးပရိသတ်တွေကြား ၁၃၊ ၁၄ နှစ်အရွယ် ကျောင်းသားတချို့ စိတ်ဝင်တစား လာရောက်နားထောင်နေတာ တွေ့လိုက်ရတာပါ။

စကားစစ်ထိုးပွဲ အရှုံးအနိုင် မဲပေးကြတာကို ကြေငြာတဲ့အခါမှာတော့ အဆက်အသွယ် ဖြတ်သင့်တယ်ဆိုတဲ့ မဲပေးသူ က (၄၁) ရာခိုင်နှုန်း ။ အဆက်အသွယ် မဖြတ်သင့်ဘူး ယူဆသူက (၂၂) ရာခိုင်နှုန်းနဲ့ ဝေခွဲလို့မရဘူးလို့ မဲပေးသူက (၃၇) ရာခိုင်နှုန်းရှိပါတယ်။

(ဒီဆောင်းပါးကို ဖတ်ပြီး ဘာမှမပြော တွေးနေမယ့်လူတွေလဲ အခုလို (၃၇) ရာခိုင်နှုန်းထဲမှာ ပါမယ်ထင်)

အရပ်သားတစ်ယောက်ဟာ တိုင်းရေးပြည်ရာကိစ္စတွေနဲ့ ပတ်သက်လာရင် သူ့စိတ်ထဲရှိသလို တွေးလိုက်ပြောလိုက် တာဖြစ်ပြီး အစိုးရဆိုတာကတော့ လက်တွေ့ဆောင်ရွက်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေး၊ သံတမန်ရေး၊ ဒေသန္တရရေး အားလုံးကို ခြုံငုံစဉ်းစားပြီးမှ ဆောင်ရွက်ရတဲ့ တာဝန်တွေ အရပ်သားမှာ မရှိပါဘူး။ ပညာရှင်တွေမှာလဲ မရှိပါဘူး။ အစိုးရမှာသာ ရှိပါတယ်။ အရပ်က အသံတွေ၊ ပညာရှင်တွေရဲ့ အသံတွေကို နားထောင်၊ ပွင့်လင်းမြင်သာအောင် အတတ်နိုင်ဆုံးလုပ်၊ ဖြစ်လာတဲ့ ဆိုးမွေကောင်းမွေ အားလုံးကို တာဝန်ခံရမှာ ဒီ အစိုးရပါပဲ။ ဒါကြောင့် ကိစ္စတွေဖြစ်လာတိုင်း အရပ်သားက အရပ်သားလိုတွေး၊ အရပ်သားလိုပြောနေဦးမှာ ဖြစ်ပြီး အစိုးရတွေကလဲ သူတို့ မှန်တယ်ထင်တာ၊ သူတို့ လုပ်ချင်တာ၊ သူတို့ လုပ်သင့်တယ်ထင်တာတွေကို လုပ်နေကြဦးမှာပါခင်ဗျာ။ ။

ခွန်ဆိုင်း
မေ၊(၁၅)၊၂၀၁၉

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,