အလုပ်သမားလယ်သမားတွေအရေးကို အာဏာရပါတီခေါင်းဆောင်က စိတ်ပါဝင်စားမှုမရှိတာပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

WGN / အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဌေး

အာဏာရ လက်တစ်ဆုပ်စာလူတန်းစားကပဲ သူတို့ပါတီရဲ့ရည်မှန်းချက်ကိုလုပ်နေကြတာ။ ပြီးခဲ့တဲ့သက်တမ်းမှာရော ဒီဘက်သက်တမ်းမှာပါ အလုပ်သမားလယ်သမားတွေက ပါဝင်ခွင့်မရဘဲ …

အလုပ်သမားလယ်သမားအရေးအတွက် လွှတ်တော်တွင်းမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အလုပ်သမား လယ်သမားအရေး ကျွမ်းကျင်သူများကို တစ်သီးပုဂ္ဂလအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် စေမည် ဖြစ်ကြောင်း ယခုလ (၅) ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့သည်။ ၎င်းအခြေအနေများနှင့်ပတ်သက်ပြီး အလုပ်သမားလယ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေဦးဌေးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အလုပ်သမားလယ်သမားအရေး ကျွမ်းကျင်သူတွေကို တစ်သီးပုဂ္ဂလအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်တစ် တိုင်းလုံးမှာ မဲဆန္ဒနယ်ဘယ်နှခုလောက်အထိ ဝင်ပြိုင်ဖို့စီစဉ် ထားတာလဲ။

UH – ခန့်မှန်းခြေကတော့ လက်တွေ့အားဖြင့် အဓိက လှိုင်သာယာမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိပါတယ်။ လှိုင်သာယာ မြို့နယ်က မဲဆန္ဒနယ်တွေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ဆောင်ရွက်ထားတာရှိပါတယ်။ လက်ရှိတော့အဲဒီအတိုင်း ဆုံးဖြတ်ထားတယ်။ စက်မှုဇုံအခြေပြု အလုပ်သမား အများစုကလည်း ဒီလှိုင်သာယာမှာရှိနေတယ်၊ ကျနော်တို့ အလုပ်သမားအရေးကို ဆောင်ရွက်ခဲ့တာကလည်း ၂၀၁၂ လောက် ကတည်းကဆိုတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော် တို့ပထမဆုံး စဉ်းစားဆုံးဖြတ်ခဲ့တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အာဏာနိုင်ငံရေးလုပ်လာရင် အာဏာက လူကိုဖျက်ဆီးတဲ့အတွက် လူထုလူတန်းစားတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးတတ်သလို ပါတီ ….

အခု အကြမ်းဖျဉ်း လျာထားတဲ့ (၆) ဦးက အလုပ်သမားလယ်သမားကိုယ်စားပြုပြီး တစ်သီးပုဂ္ဂလအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ အလုပ်သမားတွေအားကောင်းတဲ့၊ အလုပ်သမားသမဂ္ဂတွေ စည်းရုံးမှုအားကောင်း တဲ့ နယ်မြေတွေမှာ လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးထားတာတော့ရှိပါတယ်။ သို့သော်လည်း လတ်တလောအားဖြင့် လှိုင်သာယာကလွဲလို့ တခြားမြို့နယ်တွေအတွင်း သမဂ္ဂတွေက ကိုယ်စားပြုထားတာ မရှိသေးလို့သာဖြစ်ပါတယ်။ ဆိုတော့ ကျနော် တို့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်တဲ့ကိစ္စမှာ ဆုံးဖြတ်ချက်အရ မူအားဖြင့်သာဆုံးဖြတ်ထားတာ၊ လက်တွေ့ အားဖြင့်တော့ ဒီသမဂ္ဂတွေကကိုယ်စားပြုတဲ့သူတွေ အဆိုတင်သွင်းရပါတယ်။ အဆိုတင်သွင်းတဲ့ အပေါ်မူတည်ပြီးတော့ ကျနော်တို့ က စိစစ်ပြီးတော့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်တာဖြစ်တဲ့အတွက် သမဂ္ဂတွေဘက်က ဘယ်လောက် အဆို ပြုသလဲဆိုတဲ့အနေအထား၊ ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်တဲ့အဖွဲ့အစည်းတွေအပေါ် မူတည်ပါတယ်။ အဲဒါကြောင့် မူ အားဖြင့်တော့ အလုပ်သမားအင်အားများတဲ့၊ အလုပ်သမားသမဂ္ဂအားကောင်းတဲ့ မြို့နယ် တွေမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူ ထားပေမယ့် လက် တွေ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိစ္စတွေမှာတော့ သက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့ အလုပ်သမား သမဂ္ဂ တွေနဲ့ CSO တွေက အဓိကကျပါတယ်။ သူတို့ကိုယ်တိုင်က အဲဒီလိုဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချထားမှ မူအားဖြင့် သဘော တူညီပြီး လက်တွေ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ပါတီတစ်ခုအနေနဲ့မတည်ထောင်ဘဲ တစ် သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာက ဘယ် လိုရည်ရွယ်ချက်ကြောင့်လဲ။

UH – တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာက ကျနော်တို့အလုပ်သမားသမဂ္ဂ CSO တွေကိုကိုယ်စားပြုပြီး တိုင်းပြုပြည်ပြု အလုပ်သမားလယ်သမားအကျိုးကို ဆောက်ရွက်ဖို့သက်သက်ပဲဖြစ်ပါတယ်။ အဲဒီတော့ မဏ္ဍိုင်ကြီးသုံးရပ်မှာ အဓိကအားဖြင့် ဥပဒေပြုရေးမဏ္ဍိုင်အားကောင်းရင်ဒီမိုကရေစီအရေးကလည်း အောင်မြင်ပြီး အားကောင်းမောင်းသန် ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် ဥပဒေပြုရေးမဏ္ဍိုင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ပါဝင်ခွင့်ရလာခြင်းအားဖြင့် ဥပဒေပြုဆောင်ရွက် နိုင်တဲ့ အခွင့်အလမ်းတွေရှိလာနိုင်သလို၊ ကျန်တဲ့မဏ္ဍိုင်တွေကို ထိန်းကျောင်းဖို့လည်း ဖြစ်လာနိုင်တဲ့အတွက် တစ်သီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ရွေးကောက်ပွဲ ဝင်တယ် ဆိုတာက သမဂ္ဂကနေ အလုပ်သမားထု လယ်သမားထုကိုကိုယ်စားပြုတဲ့ပုဂ္ဂိုလ်များ ဝင်ရောက်ယှဉ်ပြိုင်တာဟာ အာဏာနိုင်ငံရေး အတွက် မဟုတ်သလို ပါတီနိုင်ငံ ရေးအတွက်မဟုတ်ပါဘူး။ အလုပ်သမားလယ်မားတွေရဲ့ အကျိုးစီးပွား၊ အလုပ်သမား လယ်သမား တွေရဲ့ အခွင့်အရေး အတွက် တနိုင်အားဖြင့်ဆောင်ကျဉ်းဖို့သာ ရည်ရွယ်တာ ဖြစ်ပါတယ်။ အာဏာနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးတွေကို စွန့်လွှတ် ထားနိုင်စေဖို့ အခုလိုဆောင်ရွက်တာဖြစ်ပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ အာဏာနိုင်ငံရေးလုပ်လာရင် အာဏာက လူကိုဖျက်ဆီးတဲ့အတွက် လူထုလူတန်းစားတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးတတ်သလို ပါတီနိုင်ငံရေးလုပ်ရင်လည်း ပါတီမူဝါဒနဲ့ လူထုလူတန်းစားအကျိုးစီးပွား ယှဉ်လာတဲ့အခါ ပါတီမူဝါဒတွေက လွှမ်းသွားတတ်ပြီး လူထုလူတန်းအကျိုးစီးပွားက ဆုတ်ယုတ်လေ့ ရှိပါတယ်။

အာဏာရပါတီ၊ အတိုက်အခံပါတီတွေက ကိုယ်စားလှယ်တွေရဲ့ အမြဲတမ်းမေ့လျောထား ခြင်းခံနေရတဲ့ အလုပ် သမားလယ်သမားထုကြီးရဲ့အကျိုးစီးပွားကို မမေ့အောင် …

ဒါကြောင့် ကျနော်တို့က လူထုလူတန်းစားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် ပါတီမထောင်ဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အလုပ်သမားလယ်သမားတွေဆိုတာ ပြည်သူလူထုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလုပ်သမားလယ်သမားတွေရဲ့ အကျိုးကိုဆောင်ရွက်တာဟာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ အခွင့်အလမ်းတွေအတွက် ရည်ရွယ်ပြီးလုပ်တာလည်းမည်ပါတယ်။ ပြည်သူလူထု အဖိနှိပ်ခံဘဝကလွတ်မြောက်ရင် အလုပ်သမား လယ်မားတွေ အဖိနှိပ်ခံ ဘဝက လွတ်မြောက်တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအောင်ပွဲခံရင် အလုပ်သမား လယ်သမားထုကြီး အောင်ပွဲခံတာပဲဖြစ်တယ်။ ဒါကြောင့် အလုပ်သမားလယ်သမားထုက ပြည်သူလူထုရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ်ပါဝင်နေတဲ့အတွက် မိမိတို့ပါဝင်နေတဲ့ မိမိတို့ဒေသကပြည်သူလူထု အကျိုးစီးပွားသက်သက်အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။

အမေ့လျောခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားလယ်သမားတွေရဲ့ အကျိုးစီးပွားကို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးသမားတွေ မမေ့မလျောအောင် …

ဒါကြောင့်မို့လို့ အာဏာနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ကျနော်တို့ အလုပ်သမားလယ်သမား လူထု လူတန်းစားနိုင်ငံရေးက ပါဝင် ပတ်သက်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီကြီးတွေရဲ့ အခန်းကဏ္ဍကို ဝင်ရောက်တုပဖို့လည်း မရည်ရွယ် ပါဘူး။ ကျနော်တို့က အလုပ်သမားလယ်သမား လူတန်းစားရဲ့ အကန့်အသတ်နဲ့ အကျိုးစီးပွားအတွက် လွှတ်တော်ထဲမှာ ပြောရေး ဆိုခွင့် ရှိသူအနေနဲ့ အာဏာရပါတီတွေ၊ အတိုက်အခံပါတီတွေ မေ့လျောနေတဲ့ အလုပ်သမားလယ်သမားထုရဲ့နိုင်ငံရေးကို အသိပေးဖို့၊ ဖြည့်ဆည်းပေးဖို့၊ ဆောင်ရွက်ပေးဖို့၊ လွှတ်တော်ထဲမှာထိန်းကျောင်းပေးဖို့ရည်ရွယ်ပြီး ရွေးကောက်ပွဲ ဝင်မှာဖြစ်ပါတယ်။ ကျနော်တို့က အကန့်အသတ်နဲ့၊ ခြွင်းချက်နဲ့ ဝင်ပြိုင်မှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အကယ်၍ အခုဝင်ပြိုင်ကြမယ့် အလုပ်သမားလယ်သမားအရေး ကျွမ်းကျင်သူတွေ အမတ်အဖြစ်နဲ့ လွှတ်တော်ထဲ ရောက်သွားခဲ့ရင် အလုပ်သမားလယ်သမားထုအတွက်ဘယ်လောက်ထိ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ထားသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UH – လက်ရှိအစိုးရသက်တမ်းမှာရော၊ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာပါ အလုပ်သမားလယ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းပြင်ဆင်တာတွေ ဆောင်ရွက်တဲ့အခါ အလုပ်သမားလယ်သမားတွေရဲ့ဆန္ဒကို လက်တွေကျကျထင် ဟပ်ပြီး ပြင်ဆင် ပြဌာန်းနိုင်တာတွေနည်းပါတယ်။ ပါတီတွေဟာ အများအားဖြင့် သူတို့အကျိုးစီးပွားနဲ့ယှဉ်ပြီးတော့ ပြင်ဆင်တာတွေ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အလုပ်သမားလယ် သမားတွေ နစ်နာဆုံးရှုံးရတာရှိပါတယ်။ အဲဒါကြောင့် အလုပ်သမား လယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ပေးဖို့ဖြစ်စေ၊ အလုပ်သမားလယ်သမားတွေရဲ့ အကျိုးစီးပွားနဲ့ဆက်စပ်တဲ့ ဥပဒေတွေ ပြဌာန်းတဲ့အခါမှာဖြစ်စေ အလုပ်သမားလယ်သမားထုရဲ့ ဆန္ဒသဘောထားတွေကို လက်တွေကျကျပါဝင်နိုင်အောင် ကျနော်တို့ ကသတိပေးနိုင် မှာပေါ့။

ပါတီရဲ့အလုပ်သမားရေးရာကော်မတီနဲ့ တွေ့ခွင့်တောင်းခဲ့တာ ဒီနေ့တိုင်တွေ့ခွင့် မရသေးပါဘူး။ အဲဒီတော့ ၂၀၁၉ မှာ အလုပ်သမား …

အာဏာရပါတီ၊ အတိုက်အခံပါတီတွေက ကိုယ်စားလှယ်တွေရဲ့ အမြဲတမ်းမေ့လျောထား ခြင်းခံနေရတဲ့ အလုပ်သမားလယ်သမား ထုကြီးရဲ့ အကျိုးစီးပွားကို မမေ့အောင် သတိပေးနိုင်မှာပေါ့။ ကျနော်တို့က မဲပေးလိုက်၊ သူတို့က အစိုးရ ဖြစ်လိုက်။ လက်တွေ့လည်း အစိုးရဖြစ်ရော ကျနော်တို့ အလုပ်သမားလယ်သမားတွေကို ပြန်မကြည့်တော့ဘူး။ ဆိုတော့ အလုပ်သမား လယ်သမားထုကြီးက အမြဲတမ်း အမေ့လျောခံလူတန်းစားဖြစ်နေရတယ်။ အဲဒါကြောင့် အလုပ်သမားလယ်သမားတွေကို အမြဲတမ်း မေ့တတ်တဲ့ ပါတီ နိုင်ငံရေး လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့အလုပ်သမားလယ်သမားထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေက အမြဲတမ်းသတိပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့ရည်ရွယ်ချက်ကိုကလည်း အလုပ်သမား လယ်သမားတွေ ဖက်က Initiative လုပ်ဖို့ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင် တာဖြစ်တယ်။ အာဏာနိုင်ငံရေး၊ ပါတီ နိုင်ငံရေးတွေအတွက် မဟုတ်သလို အာဏာယူဖို့လည်း လုံးဝစိတ်ကူးမရှိပါဘူး။ အမေ့လျောခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားလယ်သမားတွေရဲ့ အကျိုးစီးပွားကို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးသမားတွေ မမေ့မလျောအောင် တစ်စိတ် တစ်ဒေသအားဖြင့် ဆောင်ရွက်နှိုးဆော်နိုင်ဖို့၊ အမြဲတမ်း သတိပေးဖို့၊ အသိပေးဖို့အတွက်သာ ကျနော်တို့ရည်ရွယ်တာပါ။

ငြမ်းမီဒီယာ – “လက်ရှိရွေးကောက်ခံအမတ်တွေက အလုပ်သမားအရေး၊ လယ်သမားအရေးကို တင်ပြနိုင်မှု အားနည်းတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာပြောတာသတိပြုမိတယ်။ လက်ရှိလွှတ်တော်ထဲမှာ NLD ပါတီက အမတ်ဦးရေအများဆုံးဆိုတော့ NLD အမတ်တွေဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို စိတ်မဝင်စားဘူးလို့ ပြောချင်တာလား။

UH – ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ NLD တစ်ခုတည်း သီးခြားကွက်ပြီးပြောတာမဟုတ်ပါဘူး။ သက်တမ်း နှစ်ခုပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲရှိတယ်၊ ၂၀၁၅ ရွေးကောက်ပွဲရှိတယ်။ သက်တမ်းနှစ်ခုစလုံးမှာ ဖြစ် တဲ့အခြေအနေအပေါ် မူတည်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ သက်တမ်းအတွင်းမှာလည်းကျနော်တို့ ကြုံပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ သက်တမ်း ကလည်း အခုဖြတ်သန်းဆဲပေါ့။ ကြုံနေရတယ်။ အလုပ်သမားလယ်သမား ဥပဒေ တွေပြဌာန်းတိုင်း ပြဌာန်းတိုင်း အခက်အခဲ တွေရှိ တယ်။ ကျနော်တို့ တင်ပြချက်တွေဟာ နောက်ဆုံးကျတော့ ပြုတ်ကျတာများပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာလည်း ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းနဲ့ ပြည်သူလူထု ထောက်ခံတဲ့ပါတီတစ်ရပ်ကို ပါတီစွဲနဲ့ မဟုတ်ဘဲ အပြောင်းအလဲ လုပ်မယ် ဆိုတဲ့ ကတိကိုယုံကြည်ပြီး အလုပ်သမားလယ်သမားထုတွေ ဆန္ဒမဲတစ်ခဲနက်ပေးဖို့ ကျနော်တို့ ကိုယ်တိုင် ဆော်သြခဲ့ကြ တယ်။ လက်တွေ့အာဏာရလာတဲ့အခါကျတော့ကျနော်တို့အလုပ်သမားလယ်သမားတွေရဲ့ အကျိုးစီးပွား ကို ဆောင်ရွက် ပေးဖို့ မေ့လျောနေတယ်။ အလုပ်သမားလယ်သမားထုတွေက အမေ့လျောခံဖြစ်ခဲ့ရတယ်။ ဘယ်လောက်ထိ ဖြစ်လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင် ၂၀၁၉ တစ်နှစ်လုံး ပါတီရဲ့အလုပ်သမားရေးရာကော်မတီနဲ့ တွေ့ခွင့်တောင်းခဲ့တာ ဒီနေ့တိုင်တွေ့ခွင့် မရသေးပါဘူး။

အာဏာများများရရင် များများဖိနှိပ် တတ်တယ်ဆိုတာ၊ ဆိုတော့ အာဏာနိုင်ငံရေးက ကြောက်စရာကောင်းပါတယ်။ မိမိတို့မဲပေးလိုက်တဲ့ အာဏာရပါတီက …

အဲဒီတော့ ၂၀၁၉ မှာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းတွေမှာ ပြင်ဆင်အကြံပြုချက်တွေ တင်ပြနိုင်အောင် တွေ့ ခွင့်လေးရဖို့ ကျနော်တို့က (၆) လကျော်လောက်ကြိုးစားရတယ်။ ပြီးတော့ အမျိုးသားလွှတ်တော်က ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီနဲ့ တွေ့ခွင့်တော့ရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာသူတို့ ဆုံးဖြတ်ပြီးတဲ့အချိန်ကျမှ အဲဒီလို တွေ့ခွင့်ရခဲ့တာ။ အဲဒီတော့ ဥပဒေပြင်ဆင်ချက်က အတည်ပြုဆုံးဖြတ်ပြီးဖြစ်နေတော့ ကျနော်တို့ကတွေ့ခွင့်သာရတာ ကျနော်တို့ တင်ပြအကြံပြုချင်တဲ့အချက်တွေကအချည်းအနှီး ဖြစ်သွား ရတာပေါ့။ကျနော်တို့မှာ အဲဒီလိုတွေ့ခွင့်ရဖို့ အလုပ်သမား ကိုယ်စားလှယ် တွေ၊ CSO ကိုယ်စားလှယ်တွေနဲ့သွားခဲ့ရတော့ တည်းခိုနေထိုင်စရိတ်တွေ၊ ခရီးစရိတ်တွေ အများကြီး ကုန်ပါတယ်။ ဒါပေမယ့် အဲဒီလိုအကုန်အကျတွေနဲ့ တွေ့ ခွင့်ရပြန်တော့လည်း ဆုံးဖြတ်အတည်ပြုပြီးတဲ့အချိန်ဖြစ်နေတော့ အလဟသပဲဖြစ်ခဲ့ရတယ်။ ဆိုတော့ တွေ့ခွင့်ဆိုတာ မည်ကာမတ္တပဲ၊ ကျနော်တို့တင်ပြချင်တဲ့အချက်တွေက သဲထဲရေသွန်ပဲ ဖြစ်ခဲ့ရတယ်။ ဒါတွေက ကျနော်တို့ ကိုယ်တိုင် ကြုံရတာတွေဖြစ်တယ်။ အဲဒီလိုမျိုးတွေချည်းပဲများပါတယ်။ အနည်းဆုံးအခကြေးငွေ သတ်မှတ်တော့လည်း Forum တွေမှာ၊ Workshop တွေမှာ ၅၆၀၀ နဲ့ပတ်သက်လို့ တင်ပြခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ၄၈၀၀ ပဲရတယ်။ အဲဒီလို ၂၀၁၈ မှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်စဉ်က သတ် မှတ်ရမယ့်ကာလကို ဥပဒေအရ နှစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပေမယ့် (၁၅၅) ရက်ကျော်ပြီးမှ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်ရာရောက်တယ်။ ရပြန်တော့လည်း အလုပ်သမားထုရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ အနည်းဆုံးအခကြေးငွေ မဟုတ်ဘဲ ၄၈၀၀ သာဖြစ်နေတယ်။ ၄၈၀၀ ဆိုတာ (၃) ဒေါ်လာပဲ။ ဆိုတော့ ၂၀၁၅ ခုနှစ်တုန်းက သတ်မှတ်ပေးတဲ့ ၃၆၀၀ ဆိုတာလည်း အဲဒီတုန်းကငွေလဲလှည်နှုန်းအရ (၃) ဒေါ်လာပဲ။ ၂၀၁၈ မှာ အမိန့် ကြော်ငြာစာအရ အနည်းဆုံးအခကြေးငွေသတ်မှတ်တော့လည်း (၃) ဒေါ်လာပဲ။ အဲဒီတော့ လက်တွေ့အားဖြင့် ကျနော်တို့မှာ ဘာမှ တိုးတက် ရလာတာမရှိဘူး။ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနဲ့အတူ ကျနော်တို့မှာနစ်နာတယ်။ တစ်ဖက်ကကြည့်ပြန် တော့လည်း အမိန့်ကြော်ငြာစာမှာ အားနည်းချက်တွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပထမအကြိမ် ၂၀၁၅ တုန်းက အမိန့်ကြေညာစာမှာ အလုပ်သမား (၁၅) ဦးနဲ့အထက် အကျုံးဝင်တယ်၊ ၂၀၁၈ ကျတော့ အလုပ်သမား (၁၀) ဦးနဲ့အထက် အကျုံးဝင် တယ်၊ (၁၀) ဦးအောက်တွေက အကျုံးမဝင်တော့ဘူး။ နည်းဥပဒေမှာပါပြီးသားပါ၊ ၁၉ မှာ၊ အလုပ်သမား (၅) ဦးနဲ့အထက်ဆိုရင် အကျုံးဝင်ရမှာ။ ဆိုတော့ နည်းဥပဒေကို ဝန်ကြီးဌာနနဲ့ အမျိုးသားကော်မတီပင်လျှင်မလိုက်နာဘူး။

အာဏာရပြီးရင် မေ့လျောတတ်တဲ့ သဘာ ဝရှိတော့ ‘မဲပေးခဲ့တဲ့အလုပ်သမားလယ်သမားတွေကို ပြန် ကြည့်ပါ ပြန်ကြည့်ပါ’ ဆိုပြီး ကျနော်တို့က အသိပေးဖို့၊ သတိ ပေးဖို့ …

ဥပဒေအရဆိုရင် အဲဒီမှာ ထောင်ဒဏ်ရော၊ ငွေဒဏ်ရော ပါပါတယ်။ အဲဒီတော့ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ ပင်လျှင် အနည်းဆုံး အခကြေးငွေဆိုင်ရာ တည်ဆဲဥပဒေနဲ့ နည်းဥပဒေကိုမလိုက်နာတာ။ ကျနော်တို့က သတ်မှတ်ထားတဲ့ အခကြေးငွေ နည်းတာက တစ်ပိုင်း၊ အဲဒီလို ဥပဒေနဲ့မညီတဲ့ဟာဖြစ်လို့ နစ်နာတာကတစ်ပိုင်း အဲဒီလိုဖြစ်နေတာ။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာပါပေမယ့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ဥပဒေကို မိမိတို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားကော်မတီကတောင် မလိုက်နာဘူး။ ဒါကြောင့် ကျနော်တို့ အလုပ်သမား လယ်သမားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာကြောင့် ဒီအခြေအနေတွေကို သင်ခန်းစာယူပြီး တရား ဥပဒေ စိုးမိုးမှုရှိအောင် ထိန်းကျောင်း နိုင်ဖို့အတွက်လည်း ကျနော်တို့ရည်ရွယ်ပါတယ်။ အဆိုအမိန့်တွေရှိပါတယ် အာဏာများများရရင် များများဖိနှိပ် တတ်တယ်ဆိုတာ၊ ဆိုတော့ အာဏာနိုင်ငံရေးက ကြောက်စရာကောင်းပါတယ်။ မိမိတို့မဲပေးလိုက်တဲ့ အာဏာရပါတီက အလုပ်သမားလယ်သမားလူတန်းစားတွေရဲ့ အကျိုးစီးပွားကိုမေ့လျောထားတဲ့အခါ လွှတ်တော်ထဲမှာ ထိန်းကျောင်းနိုင်ဖို့ အလုပ်သမားလယ်သမားအရေးကျွမ်းကျင်သူ ကိုယ်စားလှယ်တွေရှိဖို့လိုပါတယ်။ အာဏာရပြီးရင် မေ့လျောတတ်တဲ့ သဘာ ဝရှိတော့ ‘မဲပေးခဲ့တဲ့အလုပ်သမားလယ်သမားတွေကို ပြန် ကြည့်ပါ ပြန်ကြည့်ပါ’ ဆိုပြီး ကျနော်တို့က အသိပေးဖို့၊ သတိ ပေးဖို့၊ အလုပ်သမားလယ်သမားအကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်ဖို့အတွက်သာဖြစ်ပါတယ်။ ကျနော်တို့က အာဏာ နိုင်ငံရေးအတွက် စိန်ခေါ်မှာလဲမဟုတ်ပါဘူး၊ ဝင်ရောက်ပတ် သက်မှာလည်းမဟုတ်ပါဘူး။ အဲဒီအတွက်လည်း နိုင်ငံရေးပါတီများအနေနဲ့ ကျနော်တို့အပေါ်မှာ ဘာမှစိုးရိမ်သောက ဖြစ်စရာမလိုပါဘူး။ ကျနော်တို့ အလုပ်သမားလယ်သမား ကိုယ်စားပြုသူတွေ ဝင်ရောက်မယှဉ်ပြိုင်တဲ့ တခြားသောမဲဆန္ဒနယ်တွေမှာလည်း အလုပ်သမားလယ်သမားအကျိုးစီးပွားကို ဆောင်ရွက်နိုင်မယ့် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ် စားလှယ်တွေကိုသာ ကျနော်တို့ အလုပ်သမားလယ်သမား လူထုလူတန်းစားတွေက မဲပေးသွားမှာဖြစ်ပါတယ်။ ကျနော် တို့ကိုယ်တိုင် တစ်သီးပုဂ္ဂလဝင်ပြိုင်နိုင်ခြင်းမရှိတဲ့ ကျနော်တို့ အလုပ်သမား လယ်သမားတွေ အများစုရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာလည်း အလုပ်သမားလယ်သမားအကျိုးစီးပွားကို ကတိ ပြုဆောင်ကျဉ်း ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုပဲ ကျနော်တို့ အလုပ်သမားလယ်သမား မဲဆန္ဒရှင်တွေက မဲပေးရွေးချယ် သွားမှာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရွေးကောက်ပွဲကြေညာစာတမ်းတွေ၊ ပါတီဆိုင်းဘုတ်တွေကိုကြည့်ပြီး ကျနော်တို့မဲပေးမှာမဟုတ်သလို ပါတီခေါင်းဆောင် ကိုကြည့်ပြီး လည်း ကျနော်တို့မဲပေးမှာမဟုတ်ပါဘူး …

အလုပ်သမားလယ်သမား အကျိုးစီးပွားအတွက် ကတိခံဝန်မပြုနိုင်တဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေ ကို ကျနော်တို့ မဲပေးမှာမဟုတ်ပါဘူး။ ကျနော်တို့က အဲဒီအချက်နဲ့တိုင်းတာမှာပဲဖြစ်ပါတယ်။ တစ်ပြည်လုံးမှာ အာဏာရပါတီ ဖြစ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ရွေးချယ်တဲ့နေရာမှာလည်း အလုပ်သမားလယ်သမား၊ တိုင်းရင်းသား ပြည်သူ လူထု အကျိုးစီးပွားကို ဆောင်ရွက်နိုင်ချေဘယ်လောက်ရှိသလဲဆိုတဲ့မှတ်ကျောက်နဲ့ ရွေးချယ်ပြီး ကျနော်တို့မဲပေးသွားမှာပါ။ သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေ၊ ပါတီဆိုင်းဘုတ်တွေကိုကြည့်ပြီး ကျနော်တို့မဲပေးမှာမဟုတ်သလို ပါတီခေါင်းဆောင် ကိုကြည့်ပြီး လည်း ကျနော်တို့မဲပေးမှာမဟုတ်ပါဘူး။ ကျနော်တို့ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေမှာရော ကျနော်တို့ ဝင်မပြိုင် နိုင်ပေမယ့် ကျနော်တို့ အလုပ်သမားလယ်သမားတွေအများစုရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာပါ ကျနော်တို့မဲပေးဖို့ ရွေးချယ် မယ့် မှတ်ကျောက်ကတော့ အလုပ်သ မားလယ်သမား တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကိုအဓိကထား ဆောင်ရွက် ပေးဖို့ ကတိပြုနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိဖြစ်နေတဲ့ အလုပ်သမား ပြဿနာတွေရဲ့ရင်းမြစ်နဲ့ ပြေလည်အောင်မဖြေရှင်းနိုင်ရတဲ့ အကြောင်းအရင်းက ဘာတွေများလဲ။

UH – အဓိကကတော့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိတာပါ။ အလုပ်သမားလယ်သမားတွေ တောင်း နေတာက တည်ဆဲဥပဒေပါအခွင့်အရေးတွေကို တောင်းနေတာပါ။ ဥပဒေမစိုးမိုးတဲ့အခါကျတော့ အလုပ်သမားလယ်သမားတွေမှာ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ အဲဒီတော့ တည်ဆဲဥပဒေပါ အလုပ်သမားလယ်သမားအခွင့်အရေးတွေရရှိဖို့၊ တစ်ဖက်က လည်း အလုပ်သမားတွေမှာအနည်းဆုံး အခကြေးငွေတွေ နည်းနေတယ်။ နည်းနေတဲ့အခါကျတော့ ဥပဒေနဲ့အညီပေါ့၊ အနည်းဆုံး အခကြေးငွေဥပဒေ ပုဒ်မ ၇ (ဃ) မှာပါတယ်။ အလုပ်သမားနဲ့ အလုပ်သမားမိသားစုရဲ့ လိုအပ်ချက်၊ နောက် ILO Convention (၁၃၁) မှာလည်း ပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၃) မှာလည်းပါတယ်။ အလုပ်သမားနဲ့ အလုပ်သမားမိသားစုရဲ့ လိုအပ်ချက် တွေပြည့်မီဖို့။ တကယ်တော့ လက်ရှိတွက်ချက်နေတာ အလုပ်သမားတစ်ယောက်အတွက်တောင် မလုံလောက်ပါဘူး။ တစ်ဖက်ကကြည့်ရင် အလုပ်သမားအခွင့်အရေးဆိုတာ လူ့အခွင့်အရေးပါပဲ။ ဒါကြောင့် အလုပ်သမားအခွင့်အရေးချိုးဖောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်။ ဒီလို လူ့အခွင့်အရေးချိုးဖောက်တာကို အားမပေးချင်တဲ့အတွက် ကျနော်တို့ ဆောင်ရွက် နေတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ခုနကမေးတဲ့မေးခွန်းထဲမှာ ဒီ ပြဿနာတွေတွေကို ပြေလည်အောင်မဖြေရှင်းနိုင်ရတဲ့ အကြောင်းအရင်းက ဘာတွေဖြစ်မလဲ ဆိုတာလည်း ပါပါတယ်။

UH – ပြေလည်အောင်မဖြေရှင်းနိုင်ရတဲ့ အဓိကအားနည်းချက်က အလုပ်သမားလယ်သမားတွေရဲ့ အရေးကို အာဏာရပါတီရဲ့ ခေါင်းဆောင်က စိတ်ပါဝင်စားမှုမရှိတာပဲဖြစ်တယ်။ တစ်ဖက်ကလည်း အလုပ်သမားလယ်သမားတွေနဲ့ ပတ်သက်တဲ့ ဝန်ကြီး ဌာနတွေကို ဒီမိုကရေစီအင်အားစုဘက် က ပုဂ္ဂိုလ်တွေကိုတာဝန်ပေးခြင်းမရှိပါဘူး။ အဲဒီတော့ အလုပ်သမားနဲ့ဆိုင်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို တာဝန်ယူရသူဟာ ဒီမိုကရေစီအင်အားစုကို ကိုယ်စားပြုသူ မဟုတ်သလို လယ်သမားတွေနဲ့ဆိုင်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုဂ္ဂိုလ်ကလည်း လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် ရပ်တည်တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။ ဒါတွေကလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ပတ်သက် နေတဲ့ မူဝါဒနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ရင်း ဆောင်ရွက်ရင်းနဲ့ လက်တွေ့မှာ ကျနော်တို့ အလုပ်သမား လယ်သမား တွေက ကြားညပ်နေတယ်။ သူဖွဲ့စည်းထားတာက ကျန်တဲ့ပါတီများနဲ့ အရင်ယန္တရားကလူဟောင်းများနဲ့ ဖွဲ့စည်းတာဖြစ် ပါတယ်။ တစ်ဖက်ကလည်း လက်ရှိမှာအားလုံးသိကြတဲ့ အတိုင်း ဒီလိုညွှန့်ပေါင်းဆန်ဆန်ဖွဲ့စည်းမှုကို လက်မခံသလို မဟာမိတ်ရပ်တည်မှုကိုလည်း လက်မခံဘူးဆိုတာ မီဒီယာတွေမှာပါပြီးဖြစ်ပါတယ်။ သို့သော် လက်တွေ့အားဖြင့် ကျနော် တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရက ညွှန့်ပေါင်းအစိုးရပုံသဏ္ဍန်ပါပဲ။ တပ်မတော်ကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေပါသလို ကျန်တဲ့ပါတီက အရင်အစိုးရအဖွဲ့ထဲမှာလုပ်ခဲ့တဲ့ အရာရှိကြီးတွေကလည်း ဒီအစိုးရအဖွဲ့ထဲမှာပါနေတဲ့အခါကျတော့ ဝန်ကြီးအားလုံးက ကျနော်တို့မဲပေးထားတဲ့၊ ကျနော်တို့ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ သူက ညွှန့်ပေါင်းအစိုးရဖြစ်နေတယ်။ သို့သော် အဓိကအားနည်းတာတော့တိုင်းပြည်မှာ အရေးကြီးတဲ့ တိုင်းရင်းသား ပါတီတွေကို ကိုယ်စားပြုတဲ့လူတွေကအဲဒီညွှန့်ပေါင်းအစိုးရ အဖွဲ့မှာပါဝင်ခွင့် မရတာပဲဖြစ်တယ်။ ဆိုတော့ လက်တွေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကို ညွှန့်ပေါင်းအစိုးရပါပဲ။ ပြီးတော့ ရှစ်ဆယ့်ရှစ်နောက်ပိုင်း ကိုးဆယ်ပြည့်နှစ်ရွေးကောက်ပွဲကစပြီး မဟာမိတ် အဖြစ်ရပ်တည်ခဲ့တဲ့ပါတီတွေက ကိုယ်စားလှယ်တွေလည်း ၂၀၁၅ အနိုင်ရချိန်မှာ အစိုးရအဖွဲ့ထဲ ပါဝင်ဆောင်ရွက်ခွင့်မရပါဘူး။ ဒါအပြင် ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာလည်း ရည်ရွယ်ထားတာမရှိပါဘူး။ အဲဒီတော့ ဖက်ဒရယ် ဖက်ဒရယ်ပြောနေပေမယ့် လက် တွေ့သာ ဖက်ဒရယ်လို့ရည်ရွယ်ရင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီက ပုဂ္ဂိုလ်တွေလည်း ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပါဝင်ရမှာပဲ။ ပြီးတော့ မဟာမိတ်လည်းလက်မခံဘူး၊ ညွှန့်ပေါင်းလည်းလက်မခံဘူးဆိုတော့ တိုင်းရင်းသားပါတီတွေကို ကိုယ်စား ပြုတဲ့ ပုဂ္ဂိုလ်တွေပါဝင်ခွင့်မရဘဲ ပါတီတစ် ခုတည်းက လွှမ်းမိုးမယ့်သဘောရှိတယ်။ အဲဒီတော့ ဖက်ဒရယ်သဘောအရ ဒီလို အာဏာခွဲဝေမှုမရတဲ့ တိုင်းရင်းသားပါတီတွေက လက်ရှိအနေအထားမှာ ယုံကြည်မှုအားနည်းလာမယ့်အခြေအနေရှိတယ်။

ကျနော်တို့မဲပေးတဲ့ပြည်သူလူထုကို မေ့လျောပစ်ထားခဲ့ပြီး သူတို့ပါတီရဲ့ရည်မှန်းချက်၊ ခေါင်းဆောင်ရဲ့ရည်မှန်းချက်ပဲ စဉ်းစား တယ်။ အဲဒီတော့ တစ်ဖက်က …

သူတို့မြင်တာက တပ်မတော်မှာလည်း ဗမာလူမျိုးတွေလွှမ်းမိုးပြီး ဗမာတပ်မတော်အဖြစ်မြင်နေတယ်။ နိုင်ငံရေးပါတီကို ကြည့်လိုက်ရင်လည်း ဗမာလူမျိုးတွေလွှမ်းမိုးတဲ့ ဗမာပါတီအဖြစ်မြင်ပါတယ်။ အဲဒီတော့ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာရော၊ တပ်မှာရော ဗမာလူမျိုးတွေကလွှမ်းမိုးပြီး ဗမာလူမျိုးကြီးဝါဒကိုထူထောင်တယ်ဆိုပြီး မြင်လာနေကြတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ပြီး တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေကိုမြှင့်တင်ပေးရင်း အာဏာခွဲဝေမှုတွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ အဲဒီတော့ အာဏာရပါတီကြီးက ဖက်ဒရယ်ကိုတကယ်ယုံရင် သူ့ရဲ့အစိုးရယန္တရားမှာ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုခွင့်ပေးပြီး အာဏာခွဲဝေကျင့်သုံးရမှာဖြစ်ပါတယ်။ အထက်အောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဗဟိုချုပ်ကိုင်မှုလျော့ချပေးသင့်ပြီး ကိုယ့်ရဲ့ အစိုးရအဖွဲ့အသီးသီးမှာလည်း တိုင်းရင်းသားတွေကို ကိုယ် စားပြုတဲ့ပါတီတွေက ပုဂ္ဂိုလ်တွေကိုပါဝင်ခွင့်ပေးပြီး အာဏာခွဲဝေကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သို့ပင်အားနည်းချက်တွေရှိရှိ အာဏာရအစိုးရက၊ အာဏာရပါတီရဲ့သမ္မတက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ခန့်အပ်တဲ့အခါ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက လက်ခံသဘောတူတဲ့လူကို ခန့်အပ်မယ်ဆိုရင်လည်း ဒါဟာ ဖက်ဒရယ်အတွက် ဥပဒေမပြင်နိုင်သေးသည့်တိုင်အောင် တည်ဆဲဥပဒေအရအဲဒီလိုလုပ်နိုင်ရင် ဗဟိုချုပ်ကိုင်မှုကို လျော့ချရာရောက်ပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာလည်း တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်တဲ့ပုဂ္ဂိုလ်တွေကို ခန့်အပ်တာဝန်ပေးပြီး အာဏာခွဲဝေကျင့်သုံးရင်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ဖို့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရလာနိုင်ပါတယ်။ လက်ရှိမှာ အဲဒီလိုမဆောင်ရွက်တဲ့အခါကျတော့ အာဏာရပါတီအပေါ် တိုင်းရင်းသားတွေက အမြင် တစ်မျိုး ဖြစ်လာသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်း မပြည့်စုံမှုတွေရှိတော့ ဒါတွေဟာ အာဏာရပါတီရဲ့ အားနည်းချက်၊ ပါဝင်တဲ့တပ်မတော်ရဲ့ အားနည်းချက်လို့မြင်လာကြတယ်။ တစ်ခါ တပ်မတော်ကလည်း ဗမာများတယ်၊ အာဏာရ ပါတီက လည်း ဗမာများတယ်ဆိုတော့ ဗမာတွေလွှမ်းမိုးတယ်ဆိုတဲ့အမြင် ပိုဖြစ်လာပြီးတော့ တဖြည်းဖြည်း Confederation ကို ရှေးရှုလာကြတယ်။ ဒါတွေက လက်ရှိ အာဏာရပါတီနဲ့ တပ်မတော်မှာတာဝန်ရှိပါတယ်။ ဒါတွေကို ဝေဖန်ထောက်ပြဖို့က အလုပ်သမားလယ်သမား တိုင်းရင်းသား လူထုလူတန်းစားတွေကို ကိုယ်စားပြုသူတွေ လွှတ်တော်မှာပါဝင်ဖို့လိုပါတယ်။ အခုဖြစ်နေတာက အလုပ်သမား လယ်သမား ကိုယ်စားပြုသူတွေက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်မရသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာလည်း ပါဝင်ခွင့်မရှိပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာလည်း အလုပ်သမားလယ်သမားကိုယ် စားပြုသူတွေ ပါဝင်ခွင့်မရပါဘူး။ ဆိုတော့ တိုင်းပြည်မှာလူအများဆုံးဖြစ်တဲ့၊ (၇၀) ရာခိုင်နှုန်းကျော်ရှိတဲ့ အလုပ်သမားလယ်သမားတွေဟာ တိုင်းပြည်အတွက်စဉ်းစားတိုင်း မည်သည့်အခန်းကဏ္ဍကမှ ပါဝင်ခွင့်မရကြပါဘူး။ အာဏာရလက်တစ်ဆုပ်စာ လူတန်းစားကပဲ သူတို့ပါတီရဲ့ရည်မှန်းချက်ကိုလုပ်နေကြတာ။ ပြီးခဲ့တဲ့သက်တမ်းမှာရော ဒီဘက်သက်တမ်းမှာပါ အလုပ်သမားလယ်သမားတွေက ပါဝင်ခွင့်မရဘဲဖိနှိပ်ခံ၊အုပ်ချုပ်ခံလူတန်းစားတွေပဲ ဖြစ်နေရတယ်။ အဲဒါသည်ပင် အလုပ်သမားလယ်သမားတွေရဲ့ ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ရခြင်း အကြောင်းအရင်း ဖြစ်တယ်။ အစိုးရတစ်ရပ်က ကျနော်တို့လည်း ရွေးကောက် တင်မြှောက် လိုက် ရော ကျနော်တို့မဲပေးတဲ့ပြည်သူလူထုကို မေ့လျောပစ်ထားခဲ့ပြီး သူတို့ပါတီရဲ့ရည်မှန်းချက်၊ ခေါင်းဆောင်ရဲ့ရည်မှန်းချက်ပဲ စဉ်းစား တယ်။ အဲဒီတော့ တစ်ဖက်က ဖွဲ့စည်းပုံအားနည်းချက်ကြောင့် အလုပ်သမားလယ်သမား အခွင့်အရေးတွေဆုံးရှုံးပြီး ပြဿနာတွေ ဖြစ်ရတာရှိသလို အာဏာရပါတီရဲ့အမျိုးသား ရင်ကြားစေ့ရေးမှာပိတ်မိပြီးတော့ အလုပ်သမားလယ် သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးပြီး ပြဿနာတွေ ဖြစ်ရတာလည်းရှိပါတယ်။ အဲဒီတော့ ဒါတွေကို အမြဲတမ်းအသိပေးနေဖို့ အလုပ်သမား လယ်သမား လူတန်းစား ဘက် ကရပ်ပြီး လွှတ်တော်တွင်း လွှတ်တော်ပ ဆောင်ရွက်နိုင်အောင် ကျနော်တို့အခုလို ရည်ရွယ်ပြီး ဆောင်ရွက် ရတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,