အလုပ်သမား တွေအတွက် တရားမျှတမှု ရှိရဲ့လား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TTA / အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်သက်သက်အောင်

ညှိနှိုင်း တိုင်ပင်ပြီးဖြေရှင်းမယ့် အစား သပိတ်စခန်းကိုဖြိုခွင်းတယ်၊ ချက်ချင်းဖမ်း၊ ချက်ချင်းရုံးတင်၊ ချက်ချင်းထောင်ချတယ် ဆိုတာ …

လုပ်ခလစာမရသဖြင့် ဆန္ဒထုတ်ဖော်နေသော အလုပ်သမားများနှင့် ဝန်းရံသူများ အရေးယူခံရမှု အပါအဝင် လက်ရှိ အလုပ် သမားထု၏ အခြေအနေတချို့အား အလုပ်သမားအရေးဆောင်ရွက်နေသူ Future Light Center ၏ ဒါရိုက်တာဒေါ်သက်သက်အောင်  ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဧပြီလအတွက် လုပ်ခလစာမရလို့ သပိတ် မှောက်တောင်းဆိုနေကြတဲ့ Blue Diamond အိတ်ချုပ်စက်ရုံက အလုပ်သမား သပိတ်ခေါင်းဆောင်တွေနဲ့ ဝန်းရံသူ (၄) ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၈၈ နဲ့ ထောင် (၃) လ ချမှတ်ခဲ့ပေမယ့် အလုပ်သမားတွေရဲ့ လုပ်ခလစာ ကိစ္စကိုတော့ ဥပဒေအရ ဖြေရှင်းပေးမှု မရှိတဲ့ တာဝန်ရှိသူတွေရဲ့ ဒီလုပ်ရပ် အပေါ် ဘယ်လို သုံးသပ်မှတ်ချက်ပြုချင်ပါသလဲ။

အလုပ်သမားတွေကပဲအမြဲမှားနေတယ်လို့ တွေးနေရင် ဒါတွေက တစ်ဖက် စောင်းနင်း ဆန်တဲ့ပုံစံမျိုးဖြစ်လာတာပေါ့။ ဒီအချိန် …

DTTA – ကျမအမြင်အရတော့ ဒီကိစ္စမှာ တရားဥပဒေစိုးမိုးရေးကိုပဲ ပြောရမှာပေါ့။ တရားဥပဒေစိုးမိုးရေးအရ ပြောရင် ဥပမာ လက်ရှိ ကာလမှာ သက်ဆိုင်ရာကစစ်ဆေး အတည်ပြုချက် မရသေးရင် စက်ရုံတွေဖွင့်ခွင့်မရှိဘူး၊ သက်ဆိုင်ရာက စစ်ဆေး ခွင့်ပြုချက်မရဘဲဖွင့်ရင် အရေးယူမယ်ဆိုတာ ဒါနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောထားပေမယ့် တစ်ဖက်မှာ အလုပ်ရှင်တွေရဲ့ ဒီကြေညာချက်ကို ချိုးဖောက်နေမှုတွေရှိတယ်။ တချို့လုပ်ငန်းရှင်တွေကကျတော့ စက်ရုံတွေကို လကုန် အထိပိတ်ထားမယ်တို့၊ ဘယ်အချိန်မှဖွင့်မယ်ဆိုတာမပြောနိုင်ဘူးတို့ ဒီလိုမျိုးပြောကြတဲ့ လုပ်ငန်းရှင်တွေလည်း အများကြီးပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလုပ်သမားတွေကို “ မင်းတို့ဒါမျိုးမလုပ်နဲ့၊ ဘယ်လိုပဲဖိနှိပ်ဖိနှိပ် ခံရမယ်” ဆိုပြီးတစ်ဖက်သတ်တွန်းပို့သလို ခံစားရ …

ဆိုတော့ တရားဥပဒေက တစ်ဖက်မှာပဲစိုးမိုးပြီး တစ်ဖက်မှာမစိုးမိုးနိုင်တာကို ကျမကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူး လို့ပဲ မြင်ပါတယ်။ တရားမျှတမှုမရှိဘူးပေါ့။ နောက်တစ်ခု က ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာရင် အခုလိုဖြေရှင်းတာမျိုးကို မှားယွင်း တယ်လို့ပဲ ကျမမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေဆန္ဒထုတ်ဖော်တဲ့ကိစ္စတွေမှာ အရင်းအမြစ်ကို သေသေ ချာချာသိဖို့တော့လိုပါတယ်။ အခု အလုပ်ရှင်ဘက်က လုပ်ခလစာ မပေးလို့ အလုပ်သမားတွေဆန္ဒဖော်ထုတ်ကြတယ်၊ ဒီကိစ္စမှာ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းပေးရမယ့်အစား အခုလို သပိတ်ဖြိုခွဲတယ်၊ ချက်ချင်းပဲဖမ်းတယ်၊ ချက်ချင်းပဲ ထောင်ဒဏ် (၃) လချလိုက်တယ်ဆိုတဲ့ဟာက တစ်ဖက်စောင်းနင်းဖြစ်တာပေါ့။ ဆို လိုတာက အစိုးရရဲ့ ဖြေရှင်းတဲ့နည်းလမ်းမမှန်ရင်၊ အလုပ်ရှင်တွေရဲ့ဖြေရှင်းတဲ့ နည်းလမ်း မမှန်ရင်၊ အလုပ်သမားတွေကပဲအမြဲမှားနေတယ်လို့ တွေးနေရင် ဒါတွေက တစ်ဖက် စောင်းနင်း ဆန်တဲ့ပုံစံမျိုးဖြစ်လာတာပေါ့။ ဒီအချိန် ဒီကာလမှာ ကပ်ရောဂါကို အားလုံးစုစုစည်းစည်းနဲ့ ဝိုင်းပြီး တွန်းလှန်ရမယ့် ကာလဖြစ်တယ်။ ဒီလို ကာလမျိုးမှာ အခုလိုပြသနာတွေ ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်း တိုင်ပင်ပြီးဖြေရှင်းမယ့် အစား သပိတ်စခန်းကိုဖြိုခွင်းတယ်၊ ချက်ချင်းဖမ်း၊ ချက်ချင်းရုံးတင်၊ ချက်ချင်းထောင်ချတယ် ဆိုတာမျိုးက အလုပ်သမား တွေအတွက် တရားမျှတမှု ရှိရဲ့လားဆိုတာမေးခွန်း ထုတ်စရာဖြစ်လာတာပေါ့။ ကောင်းပြီဒါဆိုရင် အလုပ်သမားတွေဘက် ကဆန္ဒထုတ်ဖော်တာ ဥပဒေနဲ့မညီညွှတ်လို့ အရေးယူတယ် ဆိုရင် တစ်ဖက်က ဥပဒေကိုလေးစားလိုက်နာမှု မရှိဘဲ ဥပဒေကိုချိုးဖောက်နေတဲ့ တချို့သော လုပ်ငန်းရှင်တွေ ကိုတော့ အရေးယူတာမျိုး ကျမတို့မမြင် တွေ့ရတာ ဘာကြောင့်လဲ။ ဒီအချိန်မှာ အလုပ်သမားတွေအနေနဲ့ သူတို့ အခွင့်အရေး အကြောင်းမပြောကြနဲ့ဆိုရင် ကျမတို့အလုပ်သမားတွေက ဘာနဲ့စားရမလဲ၊ အဆောင်ခ တွေကို ဘယ်လိုဖြေရှင်းကြမလဲ။ တကယ့် လက်တွေ့ဘဝမှာ အကြပ်အတည်းတွေကိုရင်ဆိုင် နေကြရတဲ့ အလုပ်သမားတွေရဲ့ COVID ကိုပဲကြောက်ရမလား၊ လက်တွေ့ကြုံနေရတဲ့အခက်အခဲတွေကိုပဲ ဖြစ်သလိုကြုံသလို ရင်ဆိုင်လိုက် ရမလားဆိုတဲ့ အခြေအနေ မျိုး ဖြစ်နေချိန်မှာ အကောင်းဆုံး ညှိနှိုင်းဖြေရှင်းမပေးဘဲ အခုလို လုပ်တာမျိုး ကိုတော့ မလုပ်သင့်ဘူးလို့ပဲ ကျမမြင်ပါတယ်။

ငြမ်းမီဒီယာ – လုပ်ခလစာကိစ္စပြဿနာဖြစ်တာ ဒီ Blue Diamond စက်ရုံသာမကတနေ့က လည်း လစာ ထုတ်မပေးလို့ဆိုပြီး ရွှေပြည်သာက ——— စက်ရုံရှေ့မှာ အလုပ်သမားတွေစုပြုံနေကြတာ တွေ့ရပါတယ်။ ဆိုတော့ ဒီလိုအကြပ်အတည်းကာလမှာ အလုပ်သမားတွေအတွက် မြွေပူရာကင်းမှောင့်ဆိုသလို COVID – 19 ကို စိုးရိမ်ရတာက တစ်ဖက်၊ လုပ်ခလစာမရလို့ အကြပ်အတည်း ကြုံရတာကတစ်ဖက်ဖြစ် နေတော့ အလုပ်သမားတွေ အတွက် ဥပဒေရဲ့ အကာအကွယ်ပေးမှုအနေအထားကို ဘယ်လိုမြင်ပါသလဲ။

DTTA – အလုပ်သမားတစ်ယောက်အနေနဲ့ တစ်ရက်ပဲအလုပ်လုပ် သူရဲ့လုပ်ခလစာကို ပေးရမှာပါ။ မပေးဘူးဆိုရင် ဒါဟာ လုပ်အားခေါင်းပုံဖြတ်တာလို့ ကျမပြောချင်ပါတယ်။ ဆိုတော့ လနဲ့ချီပြီးလုပ်ထားတဲ့ သူတို့လုပ်အားခလစာတွေကို ဘယ်သူကမှ မပေးဘဲနေလို့မရသလို ဖြတ်တောက်လို့ လည်းမရပါဘူး။ ဒီလိုအချိန်မှာ လူစုလူဝေးဖြစ်တာ အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာ အလုပ်သမားတွေသိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ခလစာကို ပေးရမယ့်အချိန်မှာ မပေးတဲ့ အလုပ်ရှင်ရဲ့တာဝန် ပျက်ကွက် မှုကြောင့် အခုလို အန္တရာယ်ကြီးတဲ့ လူစုလူဝေးပုံစံမျိုးတွေ မလွှဲသာမရှောင်သာ ဖြစ်လာကြရတယ်။ ဒီလိုတာဝန်ပျက်ကွက်မှု တွေကို အစိုးရက ကြီးကြပ်စစ်ဆေးမှုတွေလုပ်သင့်တာပေါ့။ တရား ဥပဒေ စိုးမိုးရေးလို့ ပြောကြတဲ့အခါ အလုပ်ရှင်မို့လို့၊ အလုပ်သမားမို့ လို့ဆိုတာမျိုးထက် တကယ့်တရားဥပဒေစိုးမိုးမှု ပီပီပြင်ပြင် မှန်မှန်ကန် ဖြစ်ဖို့လိုပါတယ်။ အလုပ်ရှင်တွေ ဘက်ကလည်း ဒီလိုအချိန်မှာအကြပ်အတည်း အခက်အခဲ ရှိနေတယ် ဆိုရင်တောင် အလုပ်သမားတွေကို ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာသင့်တယ်။ ဆိုလိုတာက အသိပေးရမယ်၊ ပွင့်ပွင့်လင်းလင်းပြောရမယ်၊ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရမယ်။ အလုပ်သမား ဖက်မှလည်း ဒီလုပ်အားခမရရင် သူတို့ရဲ့ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒီအခြေအနေကို အစိုးရရော အလုပ်ရှင်ရော က အထူးအလေး ထားဖို့ လိုတယ်လို့ ကျမမြင်တယ်။ တစ်ဆက်တည်းမှာပဲ ကျမတို့တိုင်းပြည်မှာ စီးပွားရေး ပြိုလဲလို့ မဖြစ်ဘူး၊ ပြိုလဲသွားရင် ပြန်လည်ရုန်းကန် ထူထောင်ရတာ အင်မတန်ခက်တယ်ဆိုတာ ကျမတို့လက်မခံလို့မရဘူး။

ညွှန်ကြားချက်တွေကို လေးစားလိုက်နာမှုမရှိတဲ့၊ စီစဉ်ဆောင်ရွက်မှု မရှိတဲ့စက်ရုံတွေကို အလုပ်သမား ဝန်ကြီးဌာနက အရေးယူတယ်ဆိုတာ ကျမဒီအချိန်ထိ မတွေ့ရ …

ဒါဟာလည်း ကျမတို့ အလေးအနက်ထားပြီး စဉ်းစားရမယ့် အချက် တစ်ခုဖြစ်တယ်။ သို့သော်လည်း တစ်ဖက်မှာ အလုပ်သမားထု က အခုလို COVID -19 ကိုစိုးရိမ်ရတာကတစ်မျိုး၊ အဲဒီ COVID -19 ရဲ့သက်ရောက်မှုကြောင့် သူတို့ရဲ့လုပ်ခလစာ မရတာတွေ၊ ခွဲခြား ဖိနှိပ်ခံနေရတာတွေ ဖြစ်နေမယ်ဆိုရင် အလုပ်သမားတွေအတွက် အများကြီးနစ် နာဆုံးရှုံးစေ ပါတယ်။ အဲဒါကြောင့် တရား ဥပဒေ အရ မျှမျှတတ စဉ်းစားမယ် ဆိုရင် ချိန်ခွင်လျှာက ဘယ်ဘက်ကိုမှမယိုင် ဖို့လိုပါတယ်။ တချို့ကပြောကြတယ်။ ဒီလို အချိန်မှာ အလုပ် သမားတွေ အနေနဲ့ ဆန္ဒ မပြသင့်ဘူးပေါ့။ ဟုတ်ပြီ ဒါဆိုရင် သူတို့ပင်ပန်းကြီးစွာ လုပ်ကိုင်ထားတဲ့ လုပ်အားခ မရလို့ သူတို့ စားသောက်နေထိုင်ဖို့အတွက် ဖြစ်နေတဲ့ အခက်အခဲ ကို ဘယ်လိုရှင်းမလဲ။ အဆောင်ခမပေးနိုင်ရင် ဒီ အလုပ်သမားတွေ ဘယ်မှာ နေရမလဲ။ ဘယ်လိုစားမလဲပေါ့။ ဒါကို အစိုးရ ရော လုပ်ငန်းရှင်ရောက ထည့်စဉ်းစားပြီး အကောင်းဆုံးညှိနှိုင်းအဖြေရှာသင့်တယ်လို့ ကျမမြင်တယ်။

ငြမ်းမီဒီယာ – တရားဥပဒေစိုးမိုးရေးဆိုတဲ့အချက်ကို ပြောတာတွေ့ရတော့ လက်ရှိမြန်မာနိုင်ငံကအလုပ်သမား ဥပဒေတွေဟာ အလုပ်သမားတွေအတွက် ဘယ်လောက်အထိ အားထားရတယ်၊အကာအကွယ် ပေးနိုင်တယ်လို့ ပြောလို့ရနိုင်ပါသလဲ။

လက်တွေ့မှာတော့ အလုပ်သမားထုကပဲ ခံနေရတာများတယ်။ ဥပဒေနဲ့ယှဉ်လာပြီဆိုရင် လည်း အကာအကွယ်မပေးနိုင်မှုတွေ၊ နစ်နာမှုတွေကို အလုပ်သမားထုကပဲခံရ …

DTTA – ကျမတို့အမြဲတမ်းထောက်ပြပြောဆိုနေတာတွေရှိပါတယ်။ ဥပဒေတစ်ခု ပြဌာန်းတာကအစပြင်ဆင်တအထိကိုပေါ့။ ကျမတို့ရဲ့ အလုပ်သမားဥပဒေမှာ အားနည်းချက် တွေရှိသလို အားကောင်းတာတွေလည်းရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ကျမ ပြောချင်တာက လက်ရှိအလုပ်သမား ဥပဒေမှာပြဌာန်း ထားချက်တွေကိုတောင် လက်တွေ့အကောင်အထည် မဖော်နိုင်ဘဲ အားနည်းနေတာတွေပေါ့။ ဥပမာဆိုပါစို့ . . . ထုတ်ပြန်ကြေညာ ချက်တွေ ထုတ်တယ်။ အဲဒီထုတ်ပြန်ကြေညာချက်တွေကို လေးစား လိုက်နာမှုမရှိတဲ့သူတွေကို ဘယ်လိုအရေးယူသလဲ။ အရေးယူတာမှာလည်း တစ်ဖက် ကိုပဲအရေးယူပြီး တစ်ဖက်ကို အရေးမယူတဲ့ ကိစ္စမျိုးတွေ။ နောက်တစ်ခါ အလုပ်သမားဥပဒေတွေကရော အလုပ်သမား တွေကို ဘယ်လောက်အထိ အကာအကွယ် ပေးသလဲ ဆိုရင် ၂၀၁၂ အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ဥပဒေမှာဆိုရင် စထွက်ကတည်းက နည်းဥပဒေမှာ ဘယ်နေရာ တွေက အားနည်းနေပါတယ် ဆိုတာ ကျမတို့ အကြိမ်ကြိမ်ပြောဆို ထောက်ပြခဲ့ပေမယ့် ဒုတိယအကြိမ်ပြင်ဆင်ချက်ထွက် လာတဲ့အထိ အားရကျေနပ်ဖွယ် မတွေ့ရဘူး။ ပြီးတော့ လူမှုဖူလုံရေးနဲ့ ပတ်သက်ရင်လည်း အခု (၁၅) ရက်နေ့အထိ အလုပ်သမားတွေကို ဖူလုံရေး (၄၀) ရာခိုင်နှုန်းပေးမယ်ပေါ့၊ (အရင်ကတော့ (၆၀) ရာခိုင်နှုန်းဆိုပြီးပြောခဲ့ပေမယ့် အခုတော့ (၄၀) ရာခိုင်နှုန်းဖြစ်သွားတယ်) အဲဒါကို ကျမတို့အကြိမ် ကြိမ်တိုက်တွန်းခဲ့ပေမယ့် ပထမကျမတို့ ကြားသိရတဲ့ သတင်းအရ ဆိုရင် ဥပဒေပြင်ဆင်ပြီးမှ ပဲပေးနိုင်မယ် ဆိုတာမျိုးကြားခဲ့ရတယ်။ ဒါမျိုးတွေက တကယ့် အရေးကြီးတဲ့အချိန်တွေမှာ ဥပဒေအတိုင်း လုပ်ဆောင်ပါဆိုရင်တောင် ဥပဒေတွေက အားနည်းနေတော့ အလုပ်သမားတွေအတွက် အကာအကွယ်မဲ့ဖြစ်စေပါတယ်။ ဆိုတော့ လက်ရှိမှာ အလုပ်သမားတွေ အကာအကွယ် ရဖို့ အတွက် ဘယ်ဥပဒေကိုပဲကိုင်ပြီးပြောပြော အဲဒီ ဥပဒေတွေထဲမှာကို က အားနည်းမှုတွေ ရှိနေသေးတယ်။ အဲဒီရှိတဲ့ဥပဒေတွေကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း မျှတမှုကို အလုပ်သမားတွေ လက်လှမ်း မမီနိုင်သေးပါဘူး။ အဲဒီတော့ ဥပဒေအကြောင်း ချုပ်ပြောရရင် ရှိတဲ့ ဥပဒေတွေကအားနည်းနေတဲ့အပြင် အဲဒီရှိတဲ့ဥပဒေတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း အားနည်းနေတာကျမတို့တွေ့ရတယ်။ ဥပဒေအကြောင်းပြောရင် အဲဒီနှစ်ချက်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အလုပ်သမားတွေအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ အလုပ်သမား ဝန်ကြီးဌာနကရော အလုပ်သမားတွေအတွက် အားထားရနိုင်တဲ့ ဌာနတစ်ခုလို့ ပြောလို့ရနိုင်ပါသလား။

DTTA – ကျမမြင်တာကတော့ လက်ရှိကျမတို့အလုပ်သ မားဝန်ကြီးဌာနကို လက်ရှိအခြေအနေနဲ့ ချိန်ထိုးပြောမယ် ဆိုရင်တောင် အလုပ်သမားဝန်ကြီးဌာနအောက်က အလုပ် သမားဆက်ဆံ ရေးဦးစီးဌာနကနေ ၃၀/ က နဲ့တရားစွဲထားတာ အလုပ်သမားတွေ၊ ဝန်းရံ သူတွေ အယောက် (၇၀) လောက်ရှိနေပြီ။ ဆိုတော့ အခု အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ပေါင်းပြီး စက်ရုံတွေကို စစ်ဆေးပြီးမှဖွင့်ဖို့ကြေညာချက်ထုတ်ထားတယ်။ တစ်အချက် ကျမမေးချင် တာက မစစ်ဆေးရသေးဘဲဖွင့်နေတဲ့စက်ရုံတွေကို ဘာကြောင့် အရေး မယူတာလဲ။ နှစ်အချက်က စစ်ဆေးပြီးဖွင့်ခွင့် ပေးထားတဲ့ စက်ရုံတွေက လုပ်ငန်းခွင်တွေမှာ အလုပ်သမား တွေဟာ Safety ဖြစ်ဖြစ်နဲ့ လုပ်နေရပြီလား။ ကျမတို့တွေ့နေရတဲ့ စက်ရုံတွေမှာတော့ Social Distancing ကို စက်ရုံတွေမှာပဲ လုပ်နိုင်ပြီး ဖယ်ရီတွေ၊ အဝင်အထွက်တွေမှာ အင်မတန် အားနည်း နေသေးတာ တွေ့နေရတယ်။ ဖြစ်ပြီဟေ့ဆို အစုလိုက်အပြုံလိုက် ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးတွေပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လေးစားလိုက်နာမှုမရှိတဲ့၊ စီစဉ်ဆောင်ရွက်မှု မရှိတဲ့စက်ရုံတွေကို အလုပ်သမား ဝန်ကြီးဌာနက အရေးယူတယ်ဆိုတာ ကျမဒီအချိန်ထိ မတွေ့ရသေးဘူး။ တစ်ဖက်မှာကတော့ အလုပ်သမားဆိုရင် တရားစွဲတာအရမ်းမြန်တယ်၊ ထောင်ချတာ အရမ်းမြန်တယ်။ ဆိုတော့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ စည်းကမ်း ချက်တွေ၊ ညွှန်ကြားချက်တွေ၊ တရားဝင်ဥပဒေတွေကို လေးစားလိုက် နာမှုမရှိတဲ့ အလုပ်ရှင်တွေကိုလည်း ဒီလိုမြန်မြန်ဆန်ဆန် စိစစ်ဖော်ထုတ်အရေးယူနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါဟာ အလုပ်ရှင်တွေကိုထိခိုက်ပါစေဆိုတဲ့ စိတ်စေတနာနဲ့ပြောနေ တာ မဟုတ်ဘူး။ အလုပ်ရှင်တွေ ထဲမှာလည်း စိတ်စေတနာကောင်း တဲ့ ဥပဒေတွေကိုလေးစားလိုက်နာတဲ့ အလုပ်ရှင်တွေ ရှိပါတယ်။ ကျမတို့ကစဉ်းစားတဲ့နေရာမှာ အလုပ်ရှင် ဘက်ကရော အလုပ်သမားဘက်ကပါရှုထောင့် နှစ်ခုလုံးက စဉ်းစားပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အလုပ်သမားထုကပဲ ခံနေရတာများတယ်။ ဥပဒေနဲ့ယှဉ်လာပြီဆိုရင် လည်း အကာအကွယ်မပေးနိုင်မှုတွေ၊ နစ်နာမှုတွေကို အလုပ်သမားထုကပဲခံရတာပါ။ ဒါကြောင့် အကောင်အထည်ဖော် တဲ့ လုပ်ငန်းစဉ်တွေမှာလည်း အလုပ်သမားတွေ ကို မြန်မြန်ဆန်ဆန်အရေးယူသလို စည်းကမ်းညွှန်ကြားချက်တွေကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေ ကိုလည်း ထိရောက်မြန်ဆန် စွာ အရေးယူဆောင်ရွက်သင့်တာပေါ့။ အလုပ်သမားတွေက အာဏာလည်းမရှိသလို ငွေကြေးလည်းမရှိကြဘူး။ သူတို့နစ်နာ ဆုံးရှုံး ရတာတွေအတွက် တိုင်ကြားတဲ့ အခါမှာတောင် အဲဒီ တိုင်ကြားရေး Mechanism ကအလုပ် မဖြစ်တာတွေေ တွ့ရပါတယ်။ တကယ်လက်တွေ့ စည်းစနစ်တကျတိုင်ကြား လာတဲ့အခါ Complain Mechanism ရှိဖို့လိုတယ်။ ဒါဆိုရင် အလုပ်သမားတွေက အားကိုးလာနိုင်တာပေါ့။ အခု Complain Mechanism မအောင်မြင်တာ အလုပ်သမားတွေ အတွက် အားကိုးလို့မရလို့ပဲ။ ဥပဒေက ငါတို့ကိုအကာအကွယ် မပေးဘူးလို့ အလုပ်သမားတွေ က ယူဆနေကြပြီလေ။ ညှိနှိုင်းဖြေရှင်းရေး နည်းလမ်းက သူတို့ကို အကာအကွယ်မေ ပးဘူးလို့ အလုပ်သမားတွေ က မြင်လာကြတဲ့ အခါ သူတို့ရဲ့ ထွက်ပေါက်က ဆန္ဒထုတ်ဖော်ဖို့ ဖြစ်လာကြတယ်။ ဆန္ဒထုတ်ဖော်ဖို့ဆိုတာလည်း အလုပ်သမားတွေမှာ Risk တွေအများကြီးရှိပါတယ်။ သူတို့မှာလည်းထိခိုက် ဆုံးရှုံးမှုတွေ အများကြီး ရှိတာပါ။ အလုပ်ရှင်ပဲထိခိုက်တာ မျိုးမဟုတ်ပါဘူး။ အလုပ်သမားတွေဆန္ဒထုတ်ဖော်လို့ ရင်းနှီးမြှုပ်နှံမှုတွေ မလာတာဆိုတဲ့ အချက်က ကျမတို့နိုင်ငံမှာ ဂျင်းကြီးကြီး ထည့်ထားတာပဲ။ အခုအချိန်မှာ အထည်ချုပ် လုပ်သားတွေကို EU ကတောင်ထောက်ပံ့ ကူညီနေတယ်ဆိုတာ ကျမတို့နိုင်ငံ က အလုပ်သမားတွေရဲ့ အခြေအနေကို သူတို့ ကောင်းကောင်း သိထား လို့ပေါ့။ ရင်းနှီးမြှုပ်နှံမှု တွေမလာတာ ဒီအလုပ်သမားတွေကြောင့် ဆိုတဲ့ စကားကတော့ အတွေးအခေါ် တော်တော် မှားယွင်း တယ်လို့ ကျမမြင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာစေဖို့ အချက်တွေ အများကြီးရှိတယ်။ အဲဒီအချက်တွေ ကို အစိုးရက အကောင်အထည် ဖော်ရမှာ လည်း အများကြီးပဲ။ လမ်းပန်း ဆက်သွယ်ရေးလား၊ အခွန် ကိစ္စလား၊ ရင်းနှီးမြုှပ်နှံမှု Investment Law လား စသဖြင့်ပေါ့။ အဲဒီလို အစိုးရက လုပ်ဆောင်ရမယ့် အခြေခံအဆောက်အအုံတွေ ဘာတစ်ခုမှ အားမကောင်းလို့ ဝင်မလာတဲ့ ကိစ္စကို အလုပ်သမားတွေဆန္ဒပြလို့ မလာတာပါလို့ ပြောတာ ကတော့ အလုပ်သမားတွေကို “ မင်းတို့ဒါမျိုးမလုပ်နဲ့၊ ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ခံရမယ်” ဆိုပြီး တစ်ဖက်သတ် တွန်းပို့သလို ခံစား ရပါတယ်။ ဒီအချက်တွေကို ကြည့်ရင် ရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ ကျမတို့ အများကြီးပြင်ဆင်ဖို့ လိုအပ် နေသေးတယ် ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့် အလုပ်သမားတွေ ဆန္ဒပြလို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတာပါဆိုတဲ့ စကားကို ကျမတို့ အလုပ်သမားအရေး လုပ်နေတဲ့သူတွေရော၊ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေရော၊ အလုပ်သမားထုကပါ လုံးဝလက်မခံပါဘူး။

ငြမ်းမီဒီယာ – COVID – 19 ရောဂါကလည်း ဘယ်အချိန် လောက်ဆိုပြီးမယ်ဆိုတာ ခန့်မှန်းဖို့ ခက်နေသလိုတစ်ဖက်မှာ လည်း အလုပ်သမားတွေမှာ လုပ်ခလစာမရကြတဲ့ပြဿနာတွေ၊ အလုပ်ဆုံးရှုံးရတာတွေ ရှိနေတော့ ရှေ့လာမယ့် လပိုင်းတွေ မှာ ဖြစ်လာနိုင်တဲ့ အလုပ်သမားတွေရဲ့ မြေပြင် အခြေအနေကို ဘယ်လို ခန့်မှန်းပြောနိုင်မလဲ။

DTTA – ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ၊ မတ်လတွေကတည်းက ကျမတို့ တော်တော်လေးဆွေးနွေးဖြစ်ခဲ့ပါတယ်။ COVID – 19 အတွက် ကာကွယ်ဆေးလည်း မထွက်သေးဘူး၊ ကုသဆေးလည်းမထွက်သေးဘူး။ ဆိုတော့ ဧပြီမတိုင်ခင် ကတည်းက အဓိက မကျတဲ့ စက်ရုံအလုပ်ရုံတွေ ကို ဧပြီတစ်လယာယီ ပိတ်ပေးသင့်ကြောင်း ကျမတို့အကြံပြု ခဲ့ပါတယ်။ အလုပ်သမားတွေ အတွက်လည်း ဖူလုံရေးက ထောက်ပံ့တာမျိုး၊ အစိုးရနဲ့ အလုပ်ရှင်ကလည်းတတ်နိုင်သမျှ ထောက်ပံ့တာမျိုး လုပ်ဖို့ ကျမတို့အကြံပြု တိုက်တွန်း ခဲ့တာတွေ ရှိပါတယ်။ ဒါဆိုရင်ရောဂါကူးစက် ပျံ့ပွားမှုကိုထိန်းချုပ်နိုင်မယ်ပေါ့။ ဒါပေမယ့် ဧပြီ (၁၉) ရက်နေ့အထိ ပုံမှန် ရက်ရှည် ရုံးပိတ်ရက်လောက်ပဲ ပိတ်နိုင်ခဲ့တယ်။ အခုဆို ဖွင့်တဲ့စက်ရုံတွေလည်းဖွင့်နေကြတယ်။ ပိတ်တဲ့စက်ရုံတွေလည်းပိတ်တာပေါ့။ တချို့လည်း စစ်ဆေးပြီးလို့ဖွင့်တာရှိသလို မစစ်ဆေးရသေးဘဲ ဖွင့်နေကြ တာတွေလည်းရှိတယ်။ တချို့လုပ်ငန်းခွင်တွေ က ကျန်းမာရေး ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ မကိုက်ညီတာ တွေလည်းတွေ့ နေရတယ်။ ဆိုတော့ ဒီဧပြီ၊ မေလတွေမှာ တကယ်လုပ် ခဲ့နိုင်ရင် ပိုကောင်းတာပေါ့။ ရှေ့ ဇွန်လဆို မိုးတွင်းလာတော့မယ်။ မိုးတွင်းဆို ရာသီတုပ်ကွေးတွေ၊ တခြားဖြစ်နေကြအဖျား ရောဂါတွေနဲ့ ပိုပြီးရှုပ်ထွေးနိုင်တာပေါ့။ မေလကုန် ဇွန်လဆန်းမှာ နောက်ထပ် Impact တစ်ခုဖြစ်လာမှာ စိတ်ပူမိတယ်။ မဖြစ်ရင်တော့အကောင်းဆုံးပေါ့။ လူတိုင်းကတော့ ဒီကပ်ဘေးကို မြန်မြန်ပြီးပါစေပဲဆုတောင်းနေကြတာလေ။ ဒါပေမယ့် အဲဒီလိုမဖြစ်ဘဲ Out Break ဖြစ်သွားမယ်ဆိုရင်တော့ အလုပ်သမားတွေအတွက်၊ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် အများကြီး ထိခိုက်ဆုံးရှုံးနိုင်တာပေါ့။ အလုပ်သမားတွေ အတွက်ဆိုလည်း ပိုစိုးရိမ်စရာကောင်းတာက သူတို့က လူစုလူဝေးကြီးနဲ့ လုပ်ကိုင် နေရတာ ဆိုတော့လေ။ ပြီးတော့ သူတို့နေတဲ့အဆောင်တွေပေါ့။ နောက် စက်မှုဇုန်တွေဆိုတာ လူနေသိပ်သည်းတဲ့ နေရာတွေ ဆိုတော့ ဖြစ်ခဲ့ရင် မတွေးရဲ စရာပါ။ အခုကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိ ပေးချက်တွေ ထုတ်ပြန်နေတာတွေ ရှိတယ်။ တစ်ဖက်က နေရပ်ပြန်လာတဲ့ ရွေ့ပြောင်းလုပ်သားတွေရှိတယ်။ သူတို့ကိုတော့ အစိုးရက Quarantineတွေ ထားပေးပြီး စနစ်တကျ စီစဉ်နေတာတွေရှိတာပေါ့။ တဆက်တည်းမှာ စက်ရုံအလုပ်ရုံတွေ ပြန်လည်ပတ်နေတာရှိတော့ အဲဒီအတွက် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်ဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ချက်တွေ ထုတ်တာရှိတယ်။ ကျမတို့ ကိုယ်တိုင်လည်း စိတ်ပူမိပါတယ်။ အဲဒီအတွက် Impact တစ်စုံတစ်ရာဖြစ်လာခဲ့ရင် ကျမတို့နိုင်ငံအနေနဲ့ ဘယ်လို ရုန်းကန်ကြ မလဲဆိုတာ စိုးရိမ်စရာကောင်းတယ်လို့ ကျမအနေနဲ့သုံးသပ်မိပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,