အိုင်စီဂျေအမိန့်နှင့်သူတို့အမြင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /sl/ndhm/kbc

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်းစွပ်စွဲချက်နဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြထားတဲ့အမှုကို ICJ က ကြားဖြတ်လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်တွေ ယနေ့ ချမှတ်ခဲ့ပါတယ်။ ဒီ ကြားဖြတ် လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်ရမယ့် အချက်လေးချက်ပါဝင်ပြီး မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်အောင် အစိုးရအနေနဲ့ ကာကွယ်ပေးရမယ့် အစီအမံများအပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန် အောင် တပ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ စီမံဆောင်ရွက်ဖို့၊ သက်သေအထောက်အထားတွေ မဖျောက်ဖျက်ပစ်ဖို့၊ လေးလအတွင်း အစီရင်ခံစာတင်ဖို့တို့ ပါဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးက ယနေ့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိပါသလဲ . . ။ လူပုဂ္ဂိုလ်အသီးသီးရဲ့အမြင်တွေကို ငြမ်းမီဒီယာက မေးမြန်းထားပါတယ်။

ငြမ်း / ဦးမြအေး

ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုတည်ထောင်သူ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်)

အကောင်းဘက်က တွေးရင် ဒီဆုံးဖြတ်ချက် လေးချက်က ကျနော်တို့ကို နိုင်ငံတကာအခင်းအကျင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းပေးထားတယ်လို့ ယူဆလို့ရတယ်။ ဒါက Genocide ဆိုတဲ့ အဆုံးအဖြတ်မတိုင်ခင်မှာ အစီရင်ခံစာ တင်ရမယ့် ကိစ္စတွေပါလာတယ်။ စီမံဆောင်ရွက်ရမယ့်ကိစ္စတွေ ပါလာတယ်။ ကျနော်တို့က ဒါကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတစ်ခုအနေနဲ့ အသုံးချနိုင်င်ရင် ကျနော်တို့အတွက် အကျိုးရှိလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အကုန်လုံးကို အကန်နဲ့ငြင်းပယ်ပြီး သွားမယ်ဆိုရင်တော့ဖိအားက အဲဒီအချိန်ကျမှဝင်လာမှာ။ လောလောဆယ် ဆုံးဖြတ်ချက် လေးချက်ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မှန်တယ်တို့၊ မှားတယ်တို့၊ ဘယ်လိုလုပ်တယ်တို့ ဒီအပေါ်မှာ Blame Game သွားမကစားစေချင်ဘူး။ သွားကစားရင် အကြီးအကျယ် ပြဿနာတက် လာနိုင်တယ်။ အခု …

လေးချက်ကို သေသေချာချာပြန်ကြည့်ရင် Genocide ဖြစ်စေတဲ့ အကြောင်းတရားတွေကို ဆက်မလုပ်ဖို့၊ တပ်မတော်အပါအဝင် ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်း ဘယ်သူဖြစ်ဖြစ် ဒီဟာတွေကိုမလုပ်ဖို့ အစိုးရအနေနဲ့ ထိန်းသိမ်း ဆောင်ရွက်ဖို့၊ သက်သေခံ အထောက်အထားတွေကို မဖျောက်ဖျက်ဘဲ ဒီအတိုင်းထားဖို့၊ ဘယ်လိုစီမံ ဆောင်ရွက်နေလဲဆိုတာ အစီရင်ခံစာတင်သွင်းဖို့။ ဒီကာလတစ်ရပ် မှာ ဒီအခြေအနေတွေကို ကျနော်တို့ စိတ်ရှည်လက်ရှည် ကျော်ဖြတ်ရမယ်။ မှန်တယ်တို့၊ မှားတယ်တို့၊ ဘယ်လိုလုပ်တယ်တို့ ဒီအပေါ်မှာ Blame Game သွားမကစားစေချင်ဘူး။ သွားကစားရင် အကြီးအကျယ် ပြဿနာတက် လာနိုင်တယ်။ အခု လေးချက်လောက်က သိပ်ပြီးအကြီးအကျယ် ပြဿ နာတက်စရာမဖြစ်သေးဘူး။ ချုပ်ပြောရရင် ဒီလေးချက် ချလိုက် တာ နိုင်ငံအတွက် ကျနော့်အနေနဲ့ စိတ်မကောင်းဘူး။ ကျနော်တို့နိုင်ငံမှာ ဒီလို ပြဿ နာကြီးရှိလို့ ဒီလို Provisional Measure အချက်တွေကျလာတယ်ဆိုတာ တစ်ကမ္ဘာလုံးအနေနဲ့ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ Image ကတော့ ပျက်သွားတာအမှန်ပဲ။ ကြာပါပြီဗျာ။ ဒါတွေက ပြန်တည့်ဖို့ လုပ်ရမယ့်ကိစ္စတွေပါ။

SL / ဦးစိုင်းလိတ်

ဦးစိုင်းလိတ် (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ)

ကျတော်တို့နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာကနေပြီးမှ ဒီလိုမျိုးဟန့်တားလာတဲ့အပေါ်မှာ ချိုးဖောက် ခံရတဲ့လူတွေဘက်က ကြည့်ရင်တော့ ဒါကိုလက်သင့်ခံရမှာပေါ့။ ဒါပေမယ့် အဲဒီလိုအရေးယူဆောင် ရွက်မှု လုပ်တဲ့အချိန်မှာ အစိုးရနဲ့ တပ်မတော် ပိုမိုနီးစပ်သွားပြီးတော့ လက်တွဲလုပ်ကိုင်နိုင်တဲ့ အနေအထားတွေ ပေါ်ပေါက်လာကောင်း ပေါ်ပေါက် လာလိမ့်မယ်။

တပ်မတော်ကပဲဖြစ်ဖြစ်၊ ပြည်သူ့စစ်ကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တစ်ခုခုကဖြစ်ဖြစ် လူမျိုးတုံး သတ်ဖြတ်မှု တွေမကျူးလွန်အောင် အစိုးရကထိန်းချုပ်ပေးရမယ်ဆိုတာမှာ အစိုးရကိုယ်၌က တပ်မတော်အပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးနိုင်သလဲဆိုတာက အရေးကြီးပါတယ် …

ဥပမာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဆက်မလုပ်ဖို့၊ တပ်မတော်ဘက်က ကျူးလွန်ခဲ့ဖူးတဲ့ကိစ္စတွေကို နောက်နောင် မဖြစ်အောင် ဆင်ခြင်သွားနိုင်ဖို့ဆိုတဲ့ကိစ္စမျိုးမှာ တော့ မျှော်လင့်ချက်ကောင်းတာပေါ့။ ကျနော်တို့အတွက် ကောင်းတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့်တစ်ချိန် တည်းမှာပဲ တပ်မတော်နဲ့ NLD အစိုးရ တအားကြီးနီးကပ်သွားရင် ကျနော်တို့ တိုင်းရင်းသား တွေ လိုအပ်နေတဲ့ တန်းတူညီမျှရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ကိစ္စတွေမှာ တော့ ပိုပြီးတော့ ခက်ခဲသွားနိုင်တယ်လို့ မြင်ပါတယ်။ အခုချမှတ်လိုက်တဲ့အချက် လေးချက်က လောလောလတ်လတ်ကြားကာလမှာ ဆောင်ရွက်ရမယ့်အချက်တွေပေါ့။ အဲဒီလေးချက် ထဲမှာ အဓိက တပ်မတော်ကပဲဖြစ်ဖြစ်၊ ပြည်သူ့စစ်ကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တစ်ခုခုကဖြစ်ဖြစ် လူမျိုးတုံး သတ်ဖြတ် မှုတွေမကျူးလွန်အောင် အစိုးရကထိန်းချုပ်ပေးရမယ်ဆိုတာမှာ အစိုးရကိုယ်၌က တပ်မတော်အပေါ်မှာ ဘယ်လောက် ထိလွှမ်းမိုးနိုင်သလဲဆိုတာက အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရဆိုရင် အစိုးရ ကိုယ်၌က တပ်မတော်ကို လွှမ်းမိုးပိုင်ခွင့် မရှိဘူး ဆိုတဲ့ အနေအထားမျိုးရှိတော့ ဒီအပေါ်မှာ ထင်သာမြင်သာတဲ့ ထိန်းချုပ် နိုင်မှုမျိုး ရှိနိုင်လိမ့်မယ်လို့ ကျနော်မမြင်ဘူး။ နောက်တစ်ခု သက်သေအထောက်အထားတွေကို မဖျောက်ဖျက်ရဘူး၊ ရှိထား တဲ့သက်သေအထောက်အထားတွေကို ထိန်းသိမ်းပေး ရမယ် ဆိုတဲ့ကိစ္စပေါ့နော်။ အဲဒါတွေက ရှိရော ရှိနေသေးရဲ့လားဆိုတာကို ကျနော်ကသံသယဖြစ်မိပါတယ်။ မဖျက်နဲ့ဆိုတာကို အခုမှပြောတာလေ။ ဖျက်ပြီးသားဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ကျနော် ဆိုလိုတာက။ အဲဒီတော့ လေးလအတွင်းမှာ အစီရင်ခံစာ တင်ရမယ်ဆိုတဲ့ကိုစ္စမှာ ဖြစ်ပေါ်တိုးတက်မှုက ဘယ်လောက်ထိ အားရစရာ၊ ကျေနပ်လောက်စရာ ရှိလာမှာလဲပေါ့နော်။ အစိုးရဘက်က လုပ်ဆောင်မှုပေါ့။ အဲဒီလိုမျိုး အားရစရာလုပ်ဆောင်မှု မပေါ်ပေါက်ဘူး ဆိုရင် ဒီအမှုကြီးဟာ ဆက်ပြီး တော့သွားမှာပဲ၊ ရေရှည်သွားမှာပေါ့။ အဲဒီအခါကျရင် ငွေရေးကြေးရေးကလည်း အများကြီးကုန်မယ်၊ နောက်တစ်ခါ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ ဒီထက်မကလည်း ပိုပြီးရှုပ်ထွေးလာနိုင်တယ်၊ အရှိန်ပိုမြင့်လာနိုင်တယ်လို့မြင်တယ်။

NDHM / ဒေါက်တာနန္ဒာလှမြင့်

ဒေါက်တာနန္ဒာလှမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ)

ကျနော်တို့နိုင်ငံအနေနဲ့ကတော့ နိုင်ငံတကာတရားရုံးတစ်ခုမှာ တရားစွဲဆိုခံရပြီဆိုကတည်းက ကောင်းတာ ဘာမှမရှိဘူး။ တစ်သက်လုံးက ကျနော်တို့က တရားစွဲခံခဲ့ရတာမဟုတ်ဘူး၊ ဒါ ဒီအချိန်မှာတရားစွဲဆိုခံရခြင်းသည် ကျနော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ နိုင်ငံရဲ့ဂုဏ် သိက္ခာ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ နောက်တစ်ခါ တရာစွဲဆိုခံရတဲ့ အကြောင်းတရားကကျပြန်တော့လည်း လုပ်ကြံစွပ်စွဲထားတဲ့ တစ်ဖက် သတ်စွပ်စွဲချက်နဲ့ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ Facts Finding Mission ကို ကျနော်တို့က လက်မခံထားဘူး။ အစိုး ရအနေနဲ့လည်း အသိအမှတ် ပြုမထားဘူး။ သို့သော် Facts Finding Mission ရဲ့ Report အပေါ်မှာ အခြေခံပြီးတော့ မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့၊ စွပ်စွဲထားတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့နိုင်ငံတရားစွဲခံရတယ်၊ နောက်ပြီး ဒီလိုအမိန့်တွေ ချလာမယ်ဆို တာကိုလည်း ကျနော် တို့ကကြိုမြင်ပြီးသားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဇာတ်က ဆင်ထားတဲ့ဇာတ် ကြီး ဖြစ်နေတာကိုး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့အစိုးရနဲ့၊ ကျနော်တို့တပ်မတော်က လုပ်တာ ဆိုလို့ရှိရင် ထွက်ပြေးစရာ ခုနစ်သိန်းတွေဘာတွေ တောင် ရှိမှာမဟုတ်ဘူး။ အကုန်လုံး အသတ်ခံနေရမှာ။ တကယ်တမ်းအသတ်ခံရတာက …

ဒါကိုတော့ ကျနော်တို့အနေနဲ့ လက်ခံစရာလည်းမလိုဘူး။ လက်ခံလို့လည်းမရဘူး။ သို့သော်လည်း ဖြစ်လာမှတော့ ရှောင်လွဲလို့ မရရင် ရင်ဆိုင်ရမှာပေါ့။ သို့သော် ဒီနေရာမှာ ကျနော်တို့ သူ့ကြောင့်၊ ငါ့ကြောင့်၊ သူအသုံးမကျလို့၊ ငါအသုံးမကျလို့ ဆိုတာထက် နိုင်ငံသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်နဲ့ ဒီနိုင်ငံတကာဖိအားတွေကို တွန်းလှန်ရင်ဆိုင်သွားရမယ့် အချိန်ရောက် ပြီလို့ပဲ ကျနော်ပြောချင် ပါတယ်။ နောက် တစ်ခုက ဒီကိစ္စဟာ ကျနော်တို့နိုင်ငံမှာမရှိတဲ့ လူမျိုးတစ်မျိုးကို၊ ရိုဟင်ဂျာ ဆိုပြီး သုံးနေတာကိုအရင်ဆုံး ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ အရေးယူခြင်း မယူခြင်းက ဒုတိယအဆင့်ပေါ့။ နိုင်ငံတကာ တရားရုံးမှာ ရိုဟင်ဂျာဆိုပြီးသုံးနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်တို့ရဲ့သမိုင်း ကြောင်းမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ဘူး။ မှတ်တမ်းမှတ်ရာတွေထဲမှာလည်း မရှိခဲ့ဘူး။ ခေတ်အဆက်ဆက် အင်္ဂလိပ် အစိုးရ လက်ထက်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှတ်တမ်းတွေထဲမှာလည်း မရှိခဲ့ဘူး။ အဲဒီ မရှိတဲ့ရိုဟင်ဂျာဆိုတာကို “ရိုဟင်ဂျာ၊ ရိုဟင်ဂျာ” လို့ နှစ်ဘက်ရှေ့နေတွေကရော၊ တရားရုံးကရော ရိုဟင်ဂျာ ဆိုတဲ့နာမည်သုံးပြီး ဒီရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သတ်ဖြတ် ခံရမှုမဖြစ်အောင် ကြိုတင်တားဆီးပါဆိုတဲ့ ကြားဖြတ်အမိန့်ချမှတ် တဲ့ကိစ္စမှာ အဲဒီအမိန့်ကို လက်ခံခြင်း မခံခြင်းက ဒုတိယအဆင့်၊ လောလောဆယ် ရိုဟင်ဂျာမရှိဘူးဆိုတာကို အရင်ဆုံးပြတ်ပြတ်သားသားပြောရမယ်။ မဟုတ်ရင် အဲဒီရိုဟင်ဂျာလို့ သုံးရင်းသုံးရင်း နဲ့ ရိုဟင်ဂျာလူမျိုးစုရှိတယ် ဆိုတာကို ကျနော် တို့လက်ခံလိုက်ရလိမ့်မယ်။ ရိုဟင်ဂျာလူမျိုးစုကို တိုင်းရင်းသားအဖြစ် ရှိပါတယ်လို့ လက်ခံလိုက်ရရင်၊ ကျနော်တို့နိုင်ငံက ဒီမရှိတဲ့တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်ရတာနဲ့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ရိုဟင်ဂျာလို့ခေါင်းစဉ်တပ်ထားတဲ့ ဘင်္ဂါလီတွေအကုန်လုံး ကျနော်တို့နိုင်ငံကို ပြန်ရောက်လာလိမ့်မယ်။

ကျနော်တို့နိုင်ငံသား မွတ်စလင်ဘာသာ ဝင်တွေ၊ ကျနော်တို့နိုင်ငံသား ဟိန္ဒူဘာသာဝင်တွေ ရာနဲ့ချီပြီးတော့ ယောက်ျားတွေကို လိင်အင်္ဂါဖြတ်၊ မိန်းမတွေကိုရင် သားဖြတ်ပြီးတော့မှ မြေမြှုပ်ခဲ့တာကို ARSA အကြမ်းဖက် အဖွဲ့ကလုပ်ခဲ့တာ …

ကျနော်တို့နိုင်ငံက ဒီဟာကြီးကိုတာဝန်ယူရလိမ့်မယ်။ ဒီအထုတ်ကြီးကိုတာဝန်ယူရရင် ကျနော်တို့တိုင်းပြည်က တစ်ချိန်မှာ လူမျိုးပါပျောက် သွားလိမ့်မယ်။ ဒီဒဏ်ကို ကျနော် တို့နိုင်ငံခံရမယ်။ အမိန့်ချ ခြင်း မချခြင်းထက် လောလောဆယ် ရိုဟင်ဂျာ မရှိဘူးဆိုတာကို ကျနော်တို့ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ ပြီးတော့ အမိန့်ချတာသည် တရားမျှတမှန် ကန်မှုမရှိလို့ ကျနော်တို့ လိုက်နာ စရာမလိုဘူး။ သူတို့စွပ်စွဲချက်သည် တရားမျှတ မှန်ကန်မှုမရှိဘူးဆိုတာကို ကမ္ဘာကသိအောင်လုပ်ရမယ်။ လူမျိုးစုလိုက် သုတ်သင်တယ်၊ Genocide လုပ်တယ်ဆိုတာကို ကျနော်တို့လုပ်တာမဟုတ် ဘူး။ ကျနော်တို့အစိုးရနဲ့၊ ကျနော်တို့တပ်မတော်က လုပ်တာ ဆိုလို့ရှိရင် ထွက်ပြေးစရာ ခုနစ်သိန်းတွေဘာတွေ တောင် ရှိမှာမဟုတ်ဘူး။ အကုန်လုံး အသတ်ခံနေရမှာ။ တကယ်တမ်း အသတ်ခံရတာက ကျနော်တို့နိုင်ငံသား မွတ်စလင်ဘာသာ ဝင်တွေ၊ ကျနော်တို့နိုင်ငံသား ဟိန္ဒူဘာသာဝင်တွေ ရာနဲ့ချီပြီးတော့ ယောက်ျားတွေကိုလိင်အင်္ဂါဖြတ်၊ မိန်းမတွေကိုရင် သားဖြတ်ပြီးတော့မှ မြေမြှုပ်ခဲ့တာကို ARSA အကြမ်းဖက် အဖွဲ့ကလုပ်ခဲ့တာလေ။ လူမျိုးတုံးသတ်ဖြတ်မှုကို ARSA အကြမ်းဖက်အဖွဲ့က သတ်ခဲ့တာလေ။ ဒီဖြစ်စဉ်အမှန်တွေကို ကမ္ဘာက သိအောင် ကျနော်တို့အစိုးရကရော၊ ကျနော်တို့နိုင်ငံ သားတွေကရော၊ မီဒီယာတွေကရော စုပေါင်းပြီး ‘ငါတို့ လုပ် တာ မဟုတ်ဘူး။ ARSA ကလုပ်တာ။ ငါတို့အပေါ်မှာ မတရားစွပ်စွဲထားတာဖြစ်တယ်’ ဆိုပြီး ပြန်ချေဖျက်ရမယ်။ ‘ငါတို့နိုင် ငံမှာ ရိုဟင်ဂျာမရှိဘူး’ ဆိုတဲ့စကားကို ပြတ်ပြတ်သားသား ကျနော်တို့ပြောရမယ်။ အဲဒီလိုပဲ ကျနော်သုံးသပ်ချင်တယ်။ အဲဒီချမှတ် လိုက်တဲ့ ဆုံးဖြတ် ချက် လေးခုကို လက်ခံပြီးဆောင်ရွက်ပါမယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့က လူမျိုးတုံးသတ်ဖြတ်ပါတယ်လို့ ဝန်ခံသလိုဖြစ်သွားမယ်။ ရှင်းတယ် နော်။ ဒီအချက်လေးချက်ကို လိုက်နာဆောင်ရွက်ပါမယ်လို့ အစိုးရကလက်ခံ လိုက်မယ်ဆိုရင် ဒီလူမျိုးတုံး သတ်ဖြတ် တာကို ကျနော်တို့ ဝန်ခံပြီးသားဖြစ်သွားမယ်။ ကျနော်တို့က သတ်မှ မသတ်ခဲ့တာ၊ ဘာမှလက်ခံစရာမရှိဘူး။ ကျနော်ပြောချင် တာက။ ကျနော်တို့မသတ်ခဲ့ဘူး။ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ငန်းစဉ်တွေကို ကျနော်တို့မလုပ်ခဲ့ဘူး။ လုပ်တာက ARSA ကလုပ်ခဲ့ တာ။ ARSA က ကျနော်တို့နိုင်ငံသား တွေကိုလုပ် တာ မပေါ်ဘူး၊ ဖော်ပြမယ့်သူ မရှိဘူး။ ကျနော်တို့မလုပ်တာကို လုပ်ပါ တယ်လို့ စွပ်စွဲတာကို သွားရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုအမိန့်ချလိုက်တာကို ကျနော်တို့အစိုးရသာ လက်ခံလိုက်နာကျင့်သုံးပါမယ်၊ လုပ်ပါမယ်လို့ ကတိကဝတ်ပေးလိုက်တာနဲ့ ကျနော်တို့သည် လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းတာကို လက်ခံ လိုက်သလိုဖြစ်မယ်။ တစ်အချက်က Genocide လုပ် တာကို လက်ခံလိုက်သလိုဖြစ်သွားမယ်။ နှစ်အချက်က မရှိတဲ့ရိုဟင်ဂျာတွေကို Genocide လုပ်ပါ တယ်ဆိုတဲ့ စွပ်စွဲချက် ကို လက်ခံလိုက်ရသလို ရိုဟင်ဂျာလူမျိုးကိုလည်း လက်ခံပေးလိုက်ရမယ်။ ကျနော်တို့က ဒီဆုံးဖြတ် ချက် ဟာ လုံးဝတရားမျှတမှုမရှိဘူးဆိုတာကို ပြတ်ပြတ်သားသားငြင်းရမယ်။ လက် ခံဆောင်ရွက်လို့မရဘူး။ ကျနော်တို့က တစ်ချက် မှကို လက် ခံဆောင်ရွက်လို့မရဘူး။ လက်ခံဆောင်ရွက်လိုက်တာနဲ့ ကျနော်တို့က ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်သလိုဖြစ်ပြီပဲ။

KBC / Dr.ခလမ်ဆမ်ဆွန်

Dr.ခလမ်ဆမ်ဆွန် (ဥက္ကဌ၊ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်)

အမှန်တရားအတွက်ဖြစ်ပေါ်လာတဲ့အဖြေကိုတော့ အားလုံးအတွက်ကောင်းမှာပဲလို့ ကျနော်အဲဒီလိုပဲ ယုံကြည်ပါတယ်။ အမှန်တရား ဖြစ်ဖို့တော့ လိုတာပေါ့နော့။ နှစ်ဦးနှစ်ဖက် ဘာမှနစ်နာခြင်းမရှိစေဘဲနဲ့ အမှန်တရားကို ဖြစ်စေတဲ့အဖြေကတော့ အားလုံးအတွက်ကောင်းသွားမယ်လို့ ကျနော်အဲဒီလိုပဲ ယုံကြည်တယ်။ အခုကတော့ ဆက်ပြီးလေ့လာပြီးမှ ခိုင်မာတဲ့ အထောက် အထားတွေနဲ့ ဆုံးဖြတ်ချက်ချရင်တော့ ပိုပြီးတော့ လေးနက်သွားမှာပါ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,