အောင်ပွဲခံနေမယ်ဆိုရင်တော့ အန္တရာယ်များပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိနေလို့ အောင်ပွဲခံနေတဲ့ လူအုပ်ကြီးကို ရန်ကုန်၊ မန္တလေးအပါအဝင်နေရာအနှံ့တွေ့နေရပါတယ်။ ရပ်ကွက်တွေမှာလည်း အောင်ပွဲခံတဲ့အနေနဲ့ စတုဒီသာ ကျွေးပွဲတွေ၊ လူစုလူဝေးနဲ့လှည့်လည်ပွဲခံနေတာတွေတွေ့နေရပါတယ်။

ခုလိုအောင်ပွဲခံနေတာက လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးကိုအခက်တွေ့နိုင်သလို မြေပြင်မှာဗိုင်းရပ်စ်နဲ့ရင်ဆိုင်လုပ်ကိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အလုပ်ပိုများသွားပြီး အခက်တွေ့စေနိုင်ပါတယ်။

ခုလိုလူစုလူဝေးလုပ်နေတာဟာ ရောဂါကူးစက်ခံရနိုင်မှုအန္တရာယ်ပိုများတယ်လို့ ကျန်မာရေးဝန်ထမ်းတွေက ဆိုရှယ်မီဒီယာမှာရေးသားနေကြတာတွေ ရှိနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါကြောင့် လူစုလူဝေးနဲ့အောင်ပွဲ ခံနေတာနဲ့ပတ်သက်ပြီး ဆရာဝန်တွေ၊ လူပုဂ္ဂိုလ်အချို့ရဲ့သဘောထားတွေကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

အနိုင်ရတဲ့ပါတီကို ဦးဆောင်တဲ့လူကြီးတွေကတော့ သေသေချာချာ တစ်နေ့ပြောမရရင် နေ့တိုင်းပြောပါ။ နေ့တိုင်းမီဒီယာတွေကနေ ပြောပေးနေပါ။ အဲဒီလိုဆိုရင်တော့ …


ဒေါ်ခင်လေး (Founder)
Triangle Women Organization

ကျမတို့ပြည်သူလူထုက ဒီရွေးကောက်ပွဲအပေါ်မှာ တစ်ကယ်ကိုမှ တာဝန်သိတဲ့ပြည်သူတွေအနေနဲ့ ကျန်းမာရေး စိုးရိမ်ချက်တွေရှိတဲ့ အပေါ်ကနေ ထွက်ပြီးမဲပေးတယ်။ ဒီလိုမဲပေးခဲ့ကြတော့လည်း ခုလိုတစ်ကယ်သိသိသာသာထင်ထင်ရှားရှားနဲ့ ရွေးကောက်ပွဲရလဒ်တစ်ခုပေါ့။ ထောက်ခံသူတွေဝမ်းသာရမယ့် ရွေးကောက်ပွဲရလဒ်တစ်ခုကို အာဏာရပါတီက ရရှိခဲ့တယ်။ ဒါကို ခုလိုမျိုးအောင်ပွဲခံတယ်ဆိုတာ ကိုယ်နှစ်သက်တဲ့ ကိုယ်ကြိုက်တဲ့ပါတီတစ်ခုအောင်မြင်ရင်ဝမ်းသာကြတာပဲ။

ဒါပေမယ့် ကျမတို့ကြည့်ရမှာက လက်ရှိအနေအထားက ဒီလိုမျိုးလုပ်သင့်သလား၊ လမ်းပေါ်ကိုထွက်သင့်သလား၊ အကယ်၍ဟုတ်ပြီ သာမန်ပြည်သူတွေက သူတို့က ပျော်ချင်တဲ့ စိတ်နဲ့ထွက်ရင်တောင် တာဝန်ရှိတဲ့သူတွေက မီဒီယာတွေကနေ တစ်ခုခုကိုထိန်းကျောင်းတဲ့ ပုံစံမျိုးနဲ့ပြောတဲ့ဟာကိုလည်း မလုပ်သင့်ဘူးလား။ ဒါမျိုးကိုလည်း ကျမတို့မေးခွန်းထုတ်စရာဖြစ်တယ်။

ခုဆိုရင်လည်း လူမှုစာမျက်နှာမှာ သိနိုင် တယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဗော်လန်တီယာလုပ်နေတဲ့သူတွေကလည်း ဒါတွေကိုမလုပ်သင့်ဘူးဆိုပြီး စိုးရိမ်ပူပန်မှု တွေလည်းရှိနေတဲ့အတွက် ကိုယ့်မိသားစုကိုယ် မစာနာနိုင်ရင်နေ ခုကူညီနေကြတဲ့ လုပ်ပေးကြသူတွေ အလှူရှင်တွေကို တော့ လူပီသတဲ့စိတ်လေးနဲ့တော့ ဆင်ခြင်သင့်တယ်လို့မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတွေက ပြောရခက်နိုင်တယ်။ သို့ပေမယ့် အဲဒီအနိုင်ရတဲ့ပါတီကို ဦးဆောင်တဲ့လူကြီးတွေကတော့ သေသေချာချာ တစ်နေ့ပြောမရရင် နေ့တိုင်းပြောပါ။ နေ့တိုင်းမီဒီယာတွေကနေ ပြောပေးနေပါ။ အဲဒီလိုဆိုရင်တော့ အရှိန်က ရပ်သွားမယ် ထင်တယ်။ ဟုတ်တယ်။ အရင်ငါးနှစ်တုန်းကလည်း ကျမတို့အောင်ပွဲတွေခံတယ်။ စတုဒီသာတွေ ကျွေးတယ်။ အခြားနယ်မြို့တွေမှာလည်းတွေ့နေရတယ်။ ဒီခေတ်ဒီချိန်ခါမှာလည်း လုပ်သင့်လား မလုပ်သင့်လားဆိုတာ ဦးဆောင်သူတွေ လုပ်မယ်လို့ သတင်းကြားရင်တောင် ပါတီကမဟုတ်ဘဲ တခြားပြည်သူတွေကလုပ်နေတယ် ဆိုရင်တောင် တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အောင်နိုင်တဲ့သူတွေက သွားပြီးတော့ သတိပေးသင့်တယ်လို့မြင်တယ်။

သဘာဝဘေးကပ်ရောဂါဖြစ်တဲ့ ကာလမှာတော့ တတ်နိုင်သလောက် မိဘပြည်သူတွေအနေနဲ့ ကျန်းမာအောင်နေစေချင်တာပေါ့။ ဒီရောဂါက …

ဒေါက်တာကျော်စွာဦး
(အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကိုယ့်ရဲ့အောင်ပွဲ၊ ပြည်သူတွေရဲ့အောင်ပွဲအတွက် အောင်ပွဲလုပ်ချင်တာကတော့ ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့စိတ်ထဲမှာရှိတာပေါ့။ သို့သော်လည်း သဘာဝဘေးကပ်ရောဂါဖြစ်တဲ့ ကာလမှာတော့ တတ်နိုင်သလောက် မိဘပြည်သူတွေအနေနဲ့ ကျန်းမာအောင်နေစေချင်တာပေါ့။ ဒီရောဂါက ဘာပဲပြော ပြောလူစုလူဝေးများရင်တော့ ကူးစက်မှုရှိနိုင်တယ်။ တတ်နိုင်သလောက် မိဘပြည်သူတွေ တစ်ဦးချင်းပြန်ပြီးတော့ ကျန်းမာအောင်နေဖို့တော့ အရေးကြီးပါတယ်။

အများကြီးဆိုးဆိုးဝါးဝါး တိုးလာတာ မဟုတ်ပေမယ့် တန့်လာတဲ့အချိန် မှာ ဒါကိုထိန်းထားဖို့လိုတယ်။ လူစုလူဝေးတွေကြောင့် ပြန် တိုးလာတာ ဒီနေ့ကူးတာနဲ့ …

ဒေါက်တာသန်းဝင်း
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ စာတွေ ထုတ်ထားပါတယ်။ အောင်ပွဲခံတာတွေ လူစုလူဝေးတွေ မလုပ်ဖို့။ ဘာလို့လဲဆိုတော့ တောက်လျှာက်လည်းရွေးကောက်ပွဲမတိုင်မီက ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာပဲ။ အဓိကရင်ဆိုင်ရမှာ ရွေးကောက်ပွဲ။ နောက်တစ်ခုက ကိုဗစ်ပေါ့။ ရွေးကောက်ပွဲက ဘာပဲပြောပြော အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ပြီးသွားပြီ။

ရလဒ်ပဲစောင့်နေတဲ့အချိန်မှာ ကိုဗစ်ကတော့ ဒီတိုင်းပဲဖြစ်နေတာ အခြေအနေမဆိုးပေမယ့် ပြည်သူလူထုအနေနဲ့တော့ ဒါကို အာရုံလျော့ မသွားစေချင် ဘူး။ ပျော်တာလည်းပျော်တာပေါ့။ အောင်ပွဲခံတာဆိုပေမယ့် လည်း ကိုဗစ်အန္တရယ်ကိုသတိမလျော့သွားစေချင်ဘူး။ သတိပေးချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အထူးသဖြင့် ကျနော်ဆရာဝန်တစ်ယောက် လည်းဖြစ်နေတော့ ဒုတိယလှိုင်းမှာတော Mask တပ်တာလည်း ကျနော်တို့ မန္တလေးမှာ အများကြီး တိုးတက်လာတာပေါ့။ ရန်ကုန်မှာလည်း တပ်ကြမှာပါပဲ။ ဒါပေမယ့် လူစုလူဝေးက အန္တရာယ်တော်တော်များပါတယ်။ ရွေးကောက်ပွဲနေ့တုန်းကလည်းဘာပဲဖြစ်ဖြစ် တချို့မဲရုံတွေမှာဆိုရင် ကျဉ်းတာလေးတွေ၊ နေရာပူးကပ်လာတာလေးတွေရှိတာပေါ့။ အဲဒါတွေနဲ့မှ ခုအောင်ပွဲဆိုပြီး တစ်ပတ်လောက်ဆက်ပြီး အောင်ပွဲခံနေမယ်ဆိုရင်တော့ အန္တရာယ်များပါတယ်။ ဒီအတွက်ဆင်ခြင်ဖို့၊ သတိထားဖို့ အားလုံးကိုတောင်းပန်ချင်ပါတယ်။

လက်ရှိကိုဗစ်အခြေအနေက တန့်နေတဲ့သဘောပဲရှိတာ။ ဒါကိုစိတ်ပူလို့လည်း အစ်မဒေါ်အောင်ဆန်းစုကြည်က မနေ့က တစ်နိုင်ငံလုံးကို သတိပေးစကားပြောသွားတာပဲ။ အများကြီးဆိုးဆိုးဝါးဝါး တိုးလာတာ မဟုတ်ပေမယ့် တန့်လာတဲ့အချိန် မှာ ဒါကိုထိန်းထားဖို့လိုတယ်။ လူစုလူဝေးတွေကြောင့် ပြန် တိုးလာတာ ဒီနေ့ကူးတာနဲ့ မနက်ဖြန်ကူးတာမှ မဟုတ်တာ။ ရောဂါဖြစ်တယ်ဆိုတာ လူစုလူဝေးပြီး တစ်ပတ်နှစ်ပတ်လောက်နေမှာ တက်လာတာ။ ဒါကိုဆင်ခြင်သတိထားဖို့လိုတယ်လို့ အဓိကပြောချင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,