ဦးဇင်းတို့ကျောင်းမှာ လက်ဆေးဖို့ရေမပြောနဲ့ ရေသောက်ဖို့ တောင် မရှိဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ALP ၏ ငြိမ်ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ COVID -19 ကပ်ရောဂါ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များ ၏ အခြေအနေ နှင့် ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများဆက်လက်ဖြစ်ပွားနေပါက စစ်ရှောင် ဒုက္ခသည်များ ယခုထက် ပိုများလာမည် ကို စိုးရိမ်ကြောင်း ကြေညာချက်တစ်စောင်ကို ဧပြီလ (၁၂) ရက်နေ့ က ထုတ်ပြန်ခဲ့ပါသည်။ COVID -19 ကပ်ရောဂါ တတိုင်း တပြည်လုံး တညီတညွတ်တည်း တိုက်ပွဲဝင်ရန်နှင့် စစ်ပွဲများ ဆက်လက်မဖြစ်ပေါ်ရေး သက်ဆိုင်သူ အားလုံးမှ စဉ်းစား ရပ်ဆိုင်း ပေးရန် လည်း ALP က တိုက်တွန်းထားသည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့သည်။

ပူပြင်းတဲ့နေရာမှာ အမိုးအကာ လုံလုံလောက်လောက်မရှိတဲ့ ဒုက္ခသည်တွေလည်း ရှိနေ ပါတယ်။ ဒါဟာပကတိ လက်တွေ့ ခံစားနေရတဲ့ အဖြစ်တွေပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် …

ငြမ်းမီဒီယာ – ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP ) က နေ ဧပြီ၊ ၁၂ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန် တာ တွေ့ရပါ တယ်။ အဲဒီကြေညာချက်ကနေ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ကို သိခွင့်ရတာ ရှိပါတယ်။ ဒေါ်စောမြရာဇာလင်း အနေနဲ့ လည်း အခု ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုပြောပြပေးပါ။ အထူးသဖြင့် စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခြေအနေ ကိုပြောပြပေးပါ။

DSMYZL – စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် လူတွေက ကျပ်သိပ်ပြီး နေရပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတစ်ခုက ကျမ ဆီဖုန်းဆက်ပါတယ်။ ပေ (၃၀) လောက်ရှိတဲ့နေရာတစ်ခုမှာ မိသားစု ရှစ်စုလောက်နေရ တယ်။အဲဒီမှာ အကာအရံလည်း မရှိဘူး။ ရေချိုးရတာလည်း အခက်အခဲ ရှိတယ်။ COVID -19 နဲ့ပတ်သက်ပြီး ဒုက္ခသည်စခန်းတစ်ခုကို ပညာပေးဖို့သွားတော့ ဆရာတစ်ပါးက မိန့်ပါတယ်။ ဒကာမကြီးတို့ ဒီမှာ လက်ဆေးဖို့ပညာလာပေးတာလား စသည်အားဖြင့်ပေါ့။ ဟုတ်ပါတယ် လို့ကျမ ပြန်လျောက်တယ်။ အဲဒီမှာ ကျောင်းထိုင်ဆရာတော်ကြီးက ဘာပြောလဲဆိုရင် ဦးဇင်းတို့ကျောင်းမှာ လက်ဆေးဖို့ရေမပြောနဲ့ ရေသောက်ဖို့ တောင် မရှိဘူး။ အိမ်သာတက်စရာလည်း ရေမရှိဘူး။ စေတနာရှိလို့ ရေလာလှူတဲ့ လူတွေတောင်မှ ရေထည့် ထားရမယ့် နေရာ မရှိလို့ ဦးဇင်းတို့ အကြီးအကျယ်ဒုက္ခရောက်နေတယ်ဆိုပြီး ဆရာတော်က ကျမတို့ကို မိန့်ကြားပါတယ်။ အဲဒီနေရာဆိုရင် လူဦးရေ (၉၀) ကျော်ရှိတယ်။ အခန်းကျဉ်းလေးတွေမှာ နေကြတာပေါ့။ အိမ်သာကလည်း အခက်အခဲ ရှိတယ်။စားနပ်ရိက္ခာက လည်း မလုံလောက်ဘူး။ အရမ်းကို အခက်အခဲ ရှိပါတယ်။ ဒါ့အပြင် အခုဆိုရင် နွေရာသီက အရမ်း ပူပြင်းတယ်။ အဲဒီလောက်ပူပြင်းတဲ့နေရာမှာ အမိုးအကာ လုံလုံလောက်လောက်မရှိတဲ့ ဒုက္ခသည်တွေလည်း ရှိနေ ပါတယ်။ ဒါဟာပကတိ လက်တွေ့ ခံစားနေရတဲ့ အဖြစ်တွေပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပညာပေးမှုတွေကို ဒုက္ခသည်တွေက မရပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါက်တာအေးမောင်တို့၊ စာရေးဆရာ ဝေဟင်အောင်တို့ လွတ်လားမလား ဆိုပြီး မျှော်လင့်ကြတာ ရှိပါတယ်။ သူတို့တွေ…

ဘာကြောင့်လဲဆိုတော့ ကျမတို့ရခိုင်ပြည်မှာ အင်တာနက်တွေ ဖြတ်တောက်ထားတာရှိတယ်။ ရခိုင် အပါအဝင်ချင်းပြည်နယ် ပလက်ဝမှာဆိုရင် အင်တာနက်ဖြတ်တောက်တာ ခံနေရတယ်။ ဒီနေ့ကမ္ဘာကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ရေဒီယို၊တယ်လီဗေးရှင်း၊အင်တာနက်ကနေ အစုံလွှင့်ပေးတဲ့ နေရာမှာ ကျမတို့ပြည်သူတွေက အဲဒီလိုအခွင့်အရေးကို မရပါဘူး။ တခြားစီဖြစ်နေတယ်။ အဲဒါကြောင့်မို့ ကျမတို့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ရခိုင်လွတ်မြောက်ရေးပါတီက ထုတ်ပြန်တဲ့ကြေညာချက်က (၁၂) ရက်နေ့က ထုတ်တာ။ ဒီနေ့ဆို ဧပြီ (၁၇)၊ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ရောက်ပြီ။ အဲဒီတော့ ကြောညာချက်ထုတ်ပြန်ပြီးနောက်မှာ ဘာထူးခြားတာရှိလဲ။

DSMYZL – ထူးခြားမှု နှစ်ခုရှိတာကိုတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့်ဖြစ်လာတယ်လို့တော့ ကျမ တပ်အပ် မပြောပါဘူး။ ဒါပေမယ့် ကျမတို့ ဦးတည်ပြီး ထုတ်ပြန်ထားတဲ့ အရာနှစ်ခုကတော့ အောင်မြင်သွားတာ တွေ့ရပါတယ်။ တစ်ခုက တစ်ဖက်နိုင်ငံ ဖြစ်တဲ့ အနောက်ဘက်တံခါးလို့ ကျမတို့ပြောပါတယ်။ မောင်တော ဒေသဂိတ်ပေါ့။အဲဒီ မောင်တောဒေသဂိတ်ကနေပြီးတော့ မင်္ဂလာဈေးဘက်က လမ်းကြောင်းတစ်ကြောင်း၊ ပြီးတော့ သရက်အုပ်က လမ်းကြောင်းတစ်ကြောင်း။ အဲဒီလမ်းကြောင်းတွေကနေ တစ်ဖက်နိုင်ငံကို ရောက်ရှိ နေကြတဲ့ ပုဂ္ဂိုလ်တွေက ဝင်လာကြတယ်။ ဝင်နေကြတယ်ဆိုတာ ကျမတို့ ကြားသိရတာပေါ့။

ရန်ကုန်၊မန္တလေး၊ မြန်မာနိုင်ငံတဝှမ်း လုပ်နေတာထက်စာရင် ကျမတို့ ရခိုင်ပြည်နယ်ဘက်မှာ တကယ့်ကို အားနည်းနေသေးတယ်။ ပြင်ဆင်တာတွေ …

အဲဒီလိုမျိုး ကြားသိရတဲ့ အခါမှာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နေခဲ့တဲ့နေရာကို လာချင်ကြမှာ၊ လွမ်းကြမှာပဲ။ ဒါကိုတော့ ကျမတို့အနေနဲ့ လူသားချင်း စာနာတယ်။ ဒါပေမယ့် ပြန်လာတဲ့သူတွေမှာ ရောဂါပိုး ပါခြင်း၊မပါခြင်း။ သူတို့တွေကို ဘယ်လိုနေရာ ချထားမလဲ ဆိုတာ မျိုး ကျမတို့ သက်ဆိုင်ရာအစိုးရဆီကို ဖုန်းနဲ့ လှမ်းအကြောင်း ကြားတာ ရှိသလို မောင်တောဂိတ်ကိုတော့ လူဝင်၊လူထွက် အသေအချာ ပိတ်ပေးဖို့ လိုအပ်တယ် ဆိုတာ ဒီထုတ်ပြန်ချက်မှာ ရေးပါတယ်။ (၁၃)ရက်နေ့မှာ အစိုးရက ဂိတ်တွေကို ပိတ်လိုက် တယ်။ အဲဒါမျိုးသိရတယ်။ အဲဒီလိုဆိုတော့ ကျမတု့ိထုတ်ပြန်ချက်မှာ ကျမတို့တောင်းဆိုထားတဲ့ အချက် တစ်ခု ရသွားပြီဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့။ အဲဒီလိုတောင်းဆိုရာမှာ ဒီနေ့ အကျဉ်းသားတွေ လွတ်လာတာကို ကျမတို့ တယ်လီဗေးရှင်းမှာရော၊သတင်းတွေမှာရော တွေ့မြင်နေရပါတယ်။ ဒါကလည်း ဝမ်းသာစရာဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ ရခိုင်ပြည်က မျှော်လင့်နေတဲ့ တချို့နိုင်ငံရေးသမားတွေကတော့ ပါမလာသေးပါဘူး။ ဒါကိုလည်း ကျမတို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီနေ့ဒီအချိန်မှာ အားလုံးက အပြစ်ကို လျှော့ပေါ့ စဉ်းစားပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါသွားရင်တော့ အားလုံး နှစ်လိုဝမ်းသာဖြစ်ကြမှာပါ။

စစ်ပွဲတွေ ရပ်ပြီးတော့ ဒီရောဂါအန္တရာယ်ကို တညီတညွတ်တည်းကာကွယ်နိုင်ကြရင် ပိုကောင်းတယ် …

ငြမ်းမီဒီယာ – အခု ဒီနေ့လွတ်တဲ့အထဲမှာ ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတွေ မပါဘူးပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာကြားလဲခင်ဗျ။

DSMYZL – ပြည်သူတွေရဲ့ မျှော်လင့်သံကိုတော့ ကျမတို့ အများကြီးတွေ့နေရပါတယ်။ ဒေါက်တာအေးမောင်တို့၊ စာရေးဆရာ ဝေဟင်အောင်တို့ လွတ်လားမလား ဆိုပြီး မျှော်လင့်ကြတာ ရှိပါတယ်။ သူတို့တွေ လွတ်လာတာ၊ ပါလာတာတော့ ကျမ မတွေ့ရသေးပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်တဲ့အခြေအနေမှာ လူမျိုး၊ဘာသာ၊နယ်မြေဒေသ မကြည့်ဘဲ အတူတကွ တွန်းလှန် ရင်ဆိုင်ဖို့ ပြောဆိုလုပ်ဆောင်နသူတွေလည်း တွေ့ရပါတယ်။ အခု ALP ရဲ့ ထုတ်ပြန်ချက် ကို ကြည့်ရတာ စစ်ဘေး ရှောင်တွေမှာ ဒီကပ်ရောဂါ ကာကွယ်ရေးမှာ ရသင့်ရထိုက်တာတွေမရဘဲ သီးသန့် ခွဲခြားဖယ်ခံရသလိုဖြစ်နေတယ်။ ဒီအခြေအနေ ကို ရော ဘာပြောချင်လဲ။

DSMYZL – ရောဂါတိုက်ဖျက်ရေးဟာ မြန်မာနိုင်ငံတွင်သာမကဘူး တစ်ကမ္ဘာလုံးကပါ လက်တွဲ ပြီး ရောဂါအန္တရာယ် ကင်းဝေး အောင် ဆောင်ရွက်ရမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ ဒီရောဂါက မြို့ပေါ်မှာပဲဖြစ်မယ်။ တောမှာ မဖြစ်ဘူး အဲဒီလို ပြောလို့မရဘူး။ ဘယ်နေရာမှာမဆို ဖြစ်လာတတ်တယ်။ အဲဒီလိုအနေအထားမှာ ကျမတို့ တိုင်းပြည်ရဲ့အနေအထားဆိုရင် စစ်ပွဲတွေ ရှိနေ တယ်။ အဲဒီစစ်ပွဲ တွေ မှာပါဝင်နေကြတဲ့ လူတွေကလည်း စိတ်ပူပန်စရာတွေဖြစ်မှာပါ။ ပြီးလို့ရှိရင် စစ်ရှောင် စခန်းမှာ ရှိနေတဲ့ လူတွေကလည်း သောကတွေနဲ့ အများကြီးဖြစ်မှာပါ။ ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ကြည့်လိုက် ရင် ဘယ်နေရာကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွေ၊ပညာပေးတွေ လုပ်လိုက်လို့ အေးချမ်းပြီ ။တချို့ နေရာတွေကတော့ ဘာမှမသိဘူး။ ရောဂါအန္တရာယ် မကျရောက်ဘူးလို့ ပြောလို့မရပါဘူး။ အဲဒါကြောင့် ရောဂါကို ကာကွယ်ဖို့ဆိုရင် အသားအရောင် မခွဲခြား၊လူမျိုးမခွဲခြား ၊ဘာသာမခွဲခြား စသည်အားဖြင့် ဘာမှ ခွဲခြားစရာမရှိဘဲ လူသားအားလုံးက ဒီရောဂါကြီးကို တညီတညွတ်တည်း ကာကွယ်ဖို့ အင်မတန် အရေးကြီး ပါတယ်။ အဲဒီလိုပဲမြင်လို့ ဒီထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင် အားလုံး က စစ်ပွဲတွေ ရပ်ပြီးတော့ ဒီရောဂါအန္တရာယ်ကို တညီတညွတ်တည်းကာကွယ်နိုင်ကြရင် ပိုကောင်းတယ်လို့ ကျမတို့ အမြင်ရှိပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်းတွေအပါအဝင် တခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စစ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူထုအသိပညာပေးကိစ္စတွေ ဘယ်လောက်အထိ ဆောင်ရွက်နိုင်တာတွေ့ရလဲ ခင်ဗျ။

DSMYZL – တယ်လီဗေးရှင်းနဲ့ တယ်လီဖုန်းကနေ ကြားနေရတဲ့ ဒေသတွေတော့ ရှိပါတယ်။ အဲဒီဒေသတွေမှာ လူဝင်လူထွက် ပိတ်နေကြတာ ရှိတယ်။ ဒါပေမယ့် ဖုန်းကတော့ ရပါပြီ။ ဒါပေမယ့် လက်တွေ့ လုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင်ရမလဲ။ လက် ဆေးရည်က ဘယ်လို ရမလဲ။ အယ်လ်ကိုဟော ဘယ်လောက်ပါတဲ့ လက်ဆေးရည်ကိုမှ သုံးရမှာလဲ။ တစ်နေ့ ဘယ်နှကြိမ် လောက်သုံးရမလဲ ။အဲဒီလို အသေးစိတ်ကတော့ ပြောပြဖို့ လိုပါသေးတယ်။ ဆပ်ပြာဆိုရင် ဘယ်လိုဆပ်ပြာတွေကို သုံးရမလဲ။ အဲဒီလိုပညာပေးမှုက အများကြီး လိုအပ်ပါသေးတယ်။ ဒုက္ခသည်စခန်းဆိုရင် (၁၂၀) ကျော်သွားပြီ လို့ ထုတ်ပြန်ချက်တွေ အရ ကျမတို့ ကြားသိနေရပါတယ်။ COVID – 19 နဲ့ပတ်သက်ပြီး ပညာပေးမှုတွေကို လက်တွေ့အားဖြင့် ကျန်းမာရေး ဌာနတွေက နယ်စုံ အောင်မရောက်နိုင်ပါဘူး။ အဲဒါကတော့ လုံးဝသေချာတယ်။ မြို့ပေါ်မှာရောက်မယ်။ တယ်လီဗေးရှင်းတွေက ကြေညာ မယ်။ ဒါပေမယ့် ပြည်သူအားလုံးဆီကိုရောက်ဖို့က တကယ်ခက်ပါတယ်။ ရိက္ခာကျတော့ ဘယ်လို ရမှာလဲ။ဘာနဲ့စားပြီး အသက် ရှင်မှာလဲ။ အဲဒီစဉ်းစားချက်က ကျမတို့ရင်ကို ခံစားချက်ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အစိုးရကတော့ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေ၊ လက်လုပ်လက်စားပြည်သူတွေကို ဆန်။ဆီ၊ဆား၊ပဲ ရိက္ခာ အခမဲ့ ဝေငှထောက်ပံ့နေတာရှိတယ်။ ရခိုင်ပြည်နယ်မှာရော ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေတာ တွေ့ရလဲခင်ဗျ။

DSMYZL – ဒီနေ့ ကျောက်ဖြူမှာလုပ်တယ်လို့ ကျမကြားတယ်။ ဒါပေမယ့် တချို့နေရာတွေကို မရောက်တာတွေ အများကြီး ရှိသေး တယ်။ ရောက်တာလည်း တအားနည်းတယ်။ အမေရိကမှာဆို လူကြီး ဒေါ်လာ ၁၂၀၀၊လူငယ် ဒေါ်လာ ၅၀၀ ။စားလို့ လုံလောက် နိုင်အောင်ထောက်ပံ့တာ။ ကျမတို့ဘက်မှာ ဆန်က ဘယ်နှပြည် ထောက်ပံ့ဖို့ လျာထားချက်ရှိလဲ။ ဆီ က ဘယ်လောက် လျာထားလဲ။ ငရုတ်သီး၊ ငပိ၊ဆား၊ အခြေခံစားသောက်ကုန်တွေ ဘယ်လောက်ရနိုင်မလဲဆိုတာ လက်တွေ့နယ်ပယ်မှာ တကယ့်ကို လုံလောက်မှု မရှိတာ သေချာတယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေက လက်လုပ်လက်စား တွေက ဟင်းမရောင်းရင် မစားရဘူး။ မုန့်မရောင်းရင် မစားရဘူးဆိုတဲ့ လူတွေက အခက်အခဲ အများကြီး ရှိနိုင်ပါတယ်။တစ်ဖက်မှာ ဆိုရင် ဒုက္ခသည် စခန်းတွေမှာ ပိုပြီးတော့ အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ ကျမ သုံးသပ်တယ်။ ကြားလည်းကြားနေရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မကြာသေးခင်က နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ ရခိုင်လူငယ်တွေ လည်း အမြောက်အမြား ရှိမှာပါ။ အဲဒီလို ပြန်လာတဲ့ သူတွေကို Quarantine ဘယ်လို လုပ်ဆောင်ကြလဲ။ ဒေသခံတွေကရော ဘာတွေ လုပ်ဆောင်တာရှိသလဲ။

DSMYZL – Quarantine လုပ်တာတော့ ကြားရတယ်။ ဒါပေမယ့် Quarantine လုပ်တာ ကျယ်ကျယ်ပြန့်ပြန့် တော့ ကျမ မကြားမိဘူး။ လုံလောက်တဲ့အနေအထား ရှိလိမ့်မယ်လို့ ကျမမထင်မှတ်ဘူး။ ဒါပေမယ့် နိုင်ငံခြားက ပြန်လာတဲ့သူ Quarantine ထဲ ပါသွားတယ်။ အဲလိုကြားတာရှိတယ်။ စစ်တွေမှာတော့ Quarantine တစ်ခု ရှိတယ်လို့ ကျမထင်တယ်။ ကျေးရွာတွေမှာ ဆိုရင် ကိုယ့်နည်း ကိုယ့်ဟန်အရ ရွာက အရပ်လူကြီးတွေက Quarantine လုပ်ဖို့ရန်အတွက် ပြင်ဆင်နေကြတယ်လို့ တချို့ရွာတွေကနေကြားရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိပြင်ဆင်မှုတွေ ရှိသလဲဆိုတာက တော့ ကျမအနေနဲ့ အသေးစိတ်ပြောဖို့ခက်ပါတယ်။

ငြမ်းမီဒီယာ – အခုစစ်ရှောင်စခန်း၊ဒုက္ခသည်စခန်းတွေမှာ အခုကာလလတ်တလောလိုအပ်ချက်က ဘာတွေဖြစ်မလဲခင်ဗျ။

DSMYZL – အခု ကိုရိုနာဗိုင်းရပ်စစ်ဖြစ်နေတဲ့ကာလမှာ နံပါတ်တစ် ရေလိုတယ်။ ပြီးရင် လက်ဆေးရည်၊ အယ်လ်ကိုဟော စံချိန်မီပါတဲ့လက်ဆေးရည်ပေါ့။ နောက် အဖျားတိုင်းကိရိယာ၊ ဒီဂျစ်တယ် အဖျားတိုင်း ကိရိယာတွေ လိုပါလိမ့်မယ်။ ခန္ဓာ ကိုယ်ခုခံအားအတွက် အစာအာဟာရ ဒါတွေက ကျမတို့ ဒုက္ခသည် စခန်းတွေကို အမြန်ဆုံး အရေးတကြီး ဖြည့်ဆည်းပေးရမယ့် အရာတွေ ဖြစ်ပါတယ်။ ဆေးဝါး။ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ဒီကိစ္စကို အများကြီး စဉ်းစားသင့်တဲ့အချိန်ရောက်နေပြီ။

ငြမ်းမီဒီယာ – အခု ရခိုင်မှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတယ်။ တချို့ ကျေးရွာတွေမှာ ဆိုရှယ်မီဒီယာပေါ်က သတင်းအချက်အလက်တွေ မျှဝေရင်း Quarantine ကိစ္စကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်တာတွေ့ရတယ်။ ရခိုင် ပြည်နယ်မှာရော ကိုဗစ် ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး Quarantine ကိစ္စက အစပေါ့ ဘယ်လောက်အထိလုပ်နိုင်တာ တွေ့ရလဲ။

DSMYZL – ရန်ကုန်၊မန္တလေး၊ မြန်မာနိုင်ငံတဝှမ်း လုပ်နေတာထက်စာရင် ကျမတို့ ရခိုင်ပြည်နယ်ဘက်မှာ တကယ့်ကို အားနည်း နေသေးတယ်။ ပြင်ဆင်တာတွေ ရှိတယ်လို့တော့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် လက်တွေ့ အနေအထားမှာ မြို့တိုင်း။ နေရာတိုင်းမှာ Quarantine လုပ်နေသလဲဆိုတာ ကျမအနေနဲ့ သေသေချာချာတေ့ မပြောနိုင်ပါဘူး။ ဒါပေမယ့် စစ်တွေမှာတော့ Quarantine တစ်ခုလုပ်တယ်လို့တော့ ကျမကြားသိရပါတယ်။ ရွာတွေမှာ ကိုယ့် အသိနဲ့ကိုယ်ပြင်ဆင်နေရတာရှိတယ်။ တစ်ဖက် မှာကျတော့ ဗော်လန်တီယာတွေ ဖြစ်ဖြစ် Quarantine တွေမှာ ပါဝင်ထမ်းဆောင်ဖို့အတွက် လူဦးရေ ဘယ်လောက် ကောက်ထား ပြီးပြီလဲ။ ဒီလူတွေ ဘယ်လောက်အထိ အလုပ်လုပ်နေကြပြီလဲ။ ဆေးဝါးပစ္စည်းတွေ ဘယ်လောက်အထိပို့ထားပြီးပြီလဲ ဆိုတာကတော့ တပ်အပ်ကြီး ပြောဖို့က တော်တော်ကို ခက်ပါသေးတယ်။ ဒီကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် မဖြစ်သေးဘူး၊ဖြစ်တယ်ဆိုတာကတော့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဒီရောဂါပိုးရဲ့ လက္ခဏာက တစ်ပတ်နှစ်ပတ်ကြာမှ ပြတယ်ဆိုတော့ ဘယ်နေရာမှာ ဘယ်သူတွေ ဖြစ်နေလဲ ဆိုတာ သိဖို့ ကျမတို့မှာ လုံလုံလောက်လောက်အခြေအနေမရှိပါဘူး။ အရေးပေါ်လူနာတွေရောက်လာရင်စစ်တွေကို ပို့တယ်။ စစ်တွေမှာ စစ်ဆေးတယ်။ ပိုးမတွေ့သေးဘူး စသည်အားဖြင့် အဲလို ကြားသိ ရပါတယ်။ ဘယ်လောက်အထိစစ်တယ် ဆိုတာ ကျမတို့ မပြောနိုင်သေး ပါဘူး။ဒါပေမယ့် အခြားနေရာတွေမှာ လုပ်သလို ဒီနေရာမှာ လည်း ကြိုးကြိုးစားစား လုပ်ဖို့ လိုအပ်တယ်။ အထူးသဖြင့် ကျေးလက်တောရွာတွေ ရောက်ဖို့ လိုအပ်တယ်။ ဒုက္ခသည်စခန်းတွေ ကို ကိုရိုနာဗိုင်းရပ်စစ် ကာကွယ်ရေး ပညာပေးတွေ ရောက်ဖို့လိုအပ်တယ်။ အဲဒါကိုတော့ ကျမအဓိက ထားပြီး ပြောချင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,