ဦးဝီရသူကို တိုက်နေတာမဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဦးဆောင်သူ ဦးမြတ်ကျော်

အဓမ္မဝါဒက ဘာလဲလို့မေးရင် လောကငြိမ်းချမ်းခြင်းကို ဖျက်ဆီးတာ။ လူသားရဲ့ဖြစ်တည်မှုကို ရိုက်ချိုးတယ်။ လူသားဖွံ့ဖြိုး တိုးတက်ခြင်းကို ဟန့်တားတယ်။ အကြမ်းဖက်တယ်၊ အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်။ ဒီဟာတွေ …

 

ဆရာတော် ဦးဝီရသူ၏ ပြောဆို လုပ်ကိုင်ဆောင်ရွ က်မှုများသည် ဓမ္မ၊ အဓမ္မခွဲခြား ကြေညာပေးရန် အဓမ္မဝါဒ                  ဆန့်ကျင်ရေး ကော်မတီက နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ထံသို့ ပြည်သူလူထု လက်မှတ် ရေးထိုး၍ ပေးပို့   လျောက်ထား တောင်းဆို ခဲ့သည်။ ယင်းကဲ့သို့ တောင်းဆိုမှု  အခြေအနေအရ ပ်ရပ်နှင့်ပတ်သက်၍ သတင်းစာ         ရှင်းလင်းပွဲ တစ်ရပ်ကိုလည်း မေလ (၉) ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ရာ အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီဦးဆောင်သူ ဦးမြတ်ကျော်နှင့် ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ငြမ်းမီဒီယာ – အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့ဖြစ်တာလဲ။

UMK – အဓိကကတော့ ဓမ္မကိုထွန်းကားစေချင်တယ်။ အဓမ္မဝါဒဆိုတာ ငြိမ်းချမ်းရေးကို ဖျက်ဆီးတယ်။ လူသားဖြစ်တည်မှုနဲ့ လူသားတို့ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားတယ်။ အစွန်းရောက်ဝါဒ အတွေးအခေါ်ရှိတဲ့သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ခွဲခြားမှုတွေ၊ အမုန်းတရားဖြန့်ဝေမှုတွေကို ဟန့်တားချင်တဲ့ရည်ရွယ်ချက်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဘယ်သူတွေနဲ့ ပါဝင်ဖွဲ့စည်းထားလဲ။

UMK – အခုလောလောဆယ်တော့ နယ်ပယ်ပေါင်းစုံက တကယ့်ပြည်သူစစ်စစ်တွေ ပါဝင်လာတာတွေ့ရတယ်။ နိုင်ငံရေး လည်းမရောဘူး၊ ဘာမှမရောတဲ့ တကယ်ကို သာမန်ပေါ့လေ၊ ဗုဒ္ဓသာသနာကို သူတို့လည်း ဝိုင်းလုပ်ကြမယ်ပေါ့လေ၊ အဲလို လူမျိုးတွေ ပါလာတာတွေ့ရတယ်။ နိုင်ငံရေးမှာ တစ်စိတ်တစ်ဒေသပါဝင်တဲ့သူတွေလည်း ပါတာတွေ့ရတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဗုဒ္ဓ ဓမ္မပေါ့လေ၊ ဗုဒ္ဓသာသနာနဲ့သက်ဆိုင်တော့ ဗုဒ္ဓဘာသာတရပ်လုံးမှာ တာဝန်ရှိသလို ရဟန်းတော်တွေမှာ ပိုပြီး အထူးတာဝန်ရှိတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ဒီကော်မတီ စတင်ခဲ့တဲ့အချိန်နဲ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းခံကရော။

UMK – ဒီကော်မတီက တောင်ဒဂုံ ၅၃ မှာ ဦးဝီရသူက တရားပွဲပိတ်ခံထားရတဲ့အခြေအနေမှာ တရားပွဲကို ဇွတ်လုပ်တယ်။ လုပ်တဲ့အခြေအနေမှာလည်း နိုင်ငံတော်သံဃာ့နာယကဆရာတော်ဘုရားကြီးတွေရဲ့ အမိန့်တို့၊ ညွှန်ကြားချက်တို့၊ သြဝါဒတို့ကို လက်တစ်လုံးခြားလုပ်သလိုလို၊ မထီမဲ့မြင်လုပ်သလိုလို အခြေအနေမျိုးကိုတွေ့ရတဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်မှုတွေ စတင်တဲ့အချိန်ကစပြီးတော့ စိတ်တူကိုယ်တူ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဆိုပြီး ဖွဲ့လိုက်တယ်။ အဲဒီကနေ့ ကန့်ကွက်မှုတွေ စတင်တယ်။ နောက်တစ်ဆင့်မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို လက်မှတ် ၅၀၀ နဲ့စာတင်တယ်။ တောင်ဒဂုံထဲမှာပဲ လက်မှတ်တွေထိုးလိုက်တယ်။ အဲဒီအချိန်မှာ စတင်လိုက်တဲ့အချိန်မှာ နောက်ပိုင်းမှာ သံဃာ့နာယကကို စာတင်ပြီး တဲ့နောက် ပိုင်းမှာ ပိုပြီးတော့လူတွေ လုပ်ချင်လာတယ်။ တက်ကြွလာတယ်။ အဲဒီမှာ ထပ်ပြီးစုစည်းမိတယ်။ စုစည်းမိတဲ့အခါ အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ Public Group တစ်ခုကို တည်ထောင်လိုက်တယ်။ ကျွန်တော်ကိုယ်တိုင် Admin လုပ်ပြီး ဓမ္မနဲ့ ပတ်သက် တာတွေ ရေးတယ်၊ သတင်းနဲ့ ပြန်ကြားရေးတစ်ယောက်ထားတယ်၊ အရပ်သတင်းတွေ တင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ Member ဝင်တွေ လက်ခံတယ်။ အဲဒီ Member ဝင်တွေကတစ်ဆင့် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးပွဲလေးတစ်ခုပေါ့၊ လာသလောက်ပေါ့၊ လုပ်ကြ တယ်။ အဲဒီကတစ်ဆင့် မြို့နယ်အလိုက် စည်းရုံးရေးကော်မတီတွေ ထပ်ပြီး ဖွဲ့မယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ စိတ်တွေက အနှစ်သာရပိုင်းကို မသွားဘူးဗျ။ အပေါ်ယံအကာပိုင်းကို သွားနေတာမျိုးဖြစ်နေတာတွေ့ရတယ်။ ပြောချင်တာက ထောက်ခံခွင့်ရှိတယ်၊ ယုံကြည်ခွင့်ရှိတယ်။ ဒါပေမဲ့ ဉာဏ်ပညာနဲ့ ဆင်ခြင်သုံးသပ်ဖို့ လိုလိမ့်မယ်။ ဒါက …

ငြမ်းမီဒီယာ – Member ဝင် ဘယ်လောက်ရှိသွားပြီလဲ။

UMK – Group Member ကတော့ 13K လောက်ရှိပါပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကရော။

UMK – သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကို ကျွန်တော်တို့ (၄) လပိုင်း   (၁၁) ရက်နေ့ ၁၁း၀၀ နာရီမှာ  ပြည်သူလူထု လက်မှတ်(၅၀၀)နဲ့ဆရာတော် ဦးဝီရသူရဲ့ လုပ်ကိုင်ပြောဆိုပြုမူ ဆောင်ရွက် ချက်တွေဟာ အဓမ္မလား၊ ဓမ္မလားဆိုတာ ခွဲခြားကြေညာပေးဖို့ ဝိနိစ္ဆယခုံရုံး တင်ပေးပါ ဘုရားဆိုတဲ့ လျောက်ထားမှုကို တစ်လ ပြည့်သွားပြီ။ တစ်လ ပြည့်ကာနီးပြီ၊ (၂) ရက်လိုသေးတယ်။ ဒါပေမဲ့ အခုချိန်အထိ ဘာ Respond မှမလာဘူး။ ဘာတုံ့ပြန်ချက်မှ မလာတဲ့အတွက် ကျွန်တော်တို့သည် ထပ်မံပြီးတော့ ဒီထက်များတဲ့ ပြည်သူလူထု လက်မှတ်တွေနဲ့ ထပ်မံတောင်းဆိုဖို့ ပြင်ဆင် ကြမယ်။ ကော်မတီကို ထပ်ပြီး တိုးချဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဒါဆို ဒီနေ့တွေ့တဲ့ပွဲကနေ ဘာရလဒ်တွေရလာလဲ။

UMK – ကျွန်တော်တို့ အများကြီးရခဲ့တယ်။ အများကြီးရလိုက်တယ်။ တစ်ချက်က ကျွန်တော်တို့ အပြင်က စိတ်တူကိုယ်တူလူတွေ ဆုံမိတယ်၊ သဘောထားတွေ ရတယ်။ ကော်မတီကို ထပ်ပြီးတိုးချဲ့ဖြစ်သွား တယ်။ နောက်တစ်ချက်က နိုင်ငံတော်သံဃာ့နာယက အဖွဲ့က တုံ့ပြန်မှုမရှိတာကို တိုင်းပြည်ကို တင်ပြခွင့်ရတယ်။

ငြမ်းမီဒီယာ – အခုလို အကဲဆတ်တဲ့အခြေအနေမှာ ဘာကြောင့် ဒီပွဲမျိုးလုပ်ရတာလဲ။

UMK – အကဲဆတ်ရင်လည်း ဆတ်မယ်၊ အကဲမဆတ်ရင်လည်း မဆတ်ဘူး။ အကဲဆတ်တဲ့အခြေအနေဆိုတာ ကျွန်တော်တို့ ဘက်က မဟုတ်ဘူး။ ကျွန်တော်တို့သည် ဗုဒ္ဓဓမ္မ၊ လောကဓမ္မ၊ လောကသစ္စာ၊ တရားမျှတမှု။ လောကပါလတရား (၃) ပါးပေါ့ဗျာ။ နောက်ပြီးတော့ အနိုင်အထက်ပြုကျင့်မှုတွေ၊ ခွဲခြားမှုတွေ၊ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ဟန့်တားရမယ်။ အဲဒီမှာ ကျွန်တော်တို့ကို အများကြီးမေးပါတယ်၊ ခင်ဗျား မကြောက်ဘူးလားပေါ့။ ကြောက်တာပေါ့၊ လူသားဆန်စွာ ကျွန်တော် ကြောက်တယ်။ လုပ်သင့်လို့ လုပ်တယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစိုးရပိုင်းက အမုန်းတရားဖြန့်ချိမှုတွေ၊ပဋိပက္ခတွေအပေါ်ကိုင်တွယ်ပုံကိုရော ဘယ်လိုမြင်လဲ။

UMK – အားမရသေးဘူးပေါ့ဗျာ၊ အားမရသေးဘူး၊ အားနည်းတယ်လို့မြင်တယ်။ သို့ပေမယ့် ဒီအခြေအနေကိုပဲ ကျေနပ်နေ ရတာပေါ့ဗျာ။ လက်ရှိ NLD အစိုးရမှာလည်း အကျပ်အတည်းတွေ၊ အခက်အခဲတွေ ပေါင်းစုံရှိနေတယ်ဆိုတော့ အပြစ်မတင်ရက်ဘူး။ ဒါပေမဲ့ အားနည်းတယ်လို့ မြင်တယ်။ ပြောစရာရှိရင် ကျွန်တော်တို့ ပြောရလိမ်မယ်၊ ဆိုစရာရှိရင် ဆိုရလိမ့်မယ်။ သို့ပေမယ့် စစ်အာဏာရှင်နဲ့ ဒီမိုကရက်တစ်ဆို ဒီမိုကရက်တစ်ဘက်က ကျွန်တော်ရပ်ရပါလိမ့်မယ်။

ငြမ်းမီဒီယာ – အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီအနေနဲ့ ဦးဝီရသူရဲ့ ပြောဆိုပြုမူဆောင်ရွက်ချက်တွေအပေါ် ဘယ်လိုမြင်လဲ။

UMK – အဓမ္မဝါဒလို့ သတ်မှတ်တယ်။

ငြမ်းမီဒီယာ – ဆရာတော်ဦးဝီရသူရဲ့ လုပ်ကိုင်ပြောဆိုပြုမူဆောင်ရွက်ချက်တွေဟာ အဓမ္မလား၊ ဓမ္မလားဆိုတာ ခွဲခြား ကြေညာပေးဖို့ တောင်းဆိုနေတာဆိုတော့ ဦးဝီရသူကို အဓမ္မဝါဒလို့ရောကြေညာလို့ ရနိုင်လား၊ အရင်က ကြေညာခဲ့ဖူးတဲ့ မိုးပြာဂိုဏ်းတို့၊ ရှင်ဥက္ကဌတို့ကျတော့ ဘာသာရေး အယူဝါဒတစ်ရပ်တည်ထောင်မှု၊ ဗုဒ္ဓတရားတော်နဲ့ သွေဖယ်မှုအပေါ်မှာ ထုတ်ပြန်ကြေညာတာဆိုတော့ အခြေအနေချင်းမတူတဲ့အခါကျတော့ ကြေညာလို့ရော ရနိုင်တယ်လို့ထင်လား။

UMK – အမှန်ပြောရရင် ဦးဝီရသူရဲ့လုပ်ရပ်က ပိုဆိုးတယ်။ မိုးပြာဂိုဏ်း ထူထောင်တယ်၊ ရှင်ဥက္ကဌက သူ့အတွေးအခေါ်၊ သူ့အယူအဆတစ်ရပ်နဲ့ သွားတယ်။ သူ့ပုံစံနဲ့သွားတာကို ကျွန်တော်တို့က မဆန့်ကျင်ဘူး။ လက်ခံချင်မှခံမယ်၊ မဆန့်ကျင်ဘူး။ သို့ပေမယ့် လူအများ တန်ဖိုးထားတဲ့ ဘာသာတစ်ခုရဲ့ အရေကို ခြုံထားပြီးတော့ အတွင်းကလှိုက်စားတဲ့အခြေအနေကျတော့ ခုနက အခြေအနေထက်ပိုဆိုးတယ်။ ဆရာတော်ဘုရားတွေက ကျွန်တော်တို့ထက်ပိုသိတယ်၊ ပိုတတ်တယ်၊ ပိုနားလည်တယ်။ သူတို့ ပိုသိတယ်။ ကျွန်တော်ကတော့ ယုံကြည်တယ်။ ကျွန်တော်ကိုယ်တိုင်ယုံကြည်ထားတာသည် သူဟာ အဓမ္မဝါဒဖြစ်တယ်။ ကျန်တဲ့အပိုင်းကတော့ သူတို့အပိုင်း ဖြစ်ပါလိမ့်မယ်။ သံဃာ့နာယက ဆရာတော်ဘုရားတွေရဲ့ အပိုင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော့် ယုံကြည်မှုကတော့ ဆရာတော်ဦးဝီရသူရဲ့ လုပ်ကိုင်ပြုမူပြောဆိုဆောင်ရွက်ချက်တွေဟာ အဓမ္မဝါဒဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။

ငြမ်းမီဒီယာ – တကယ်လို့ တောင်းဆိုထားတဲ့အတိုင်း မကြေညာဘူးဆိုရင်ရော ကော်မတီအနေနဲ့ ဘာဆက်လုပ်ဖို့ရှိလဲ။

UMK – ကျွန်တော်တို့ အခု လုပ်ငန်းစဉ်အဆင့်တစ်ဆင့် ထပ်တိုးတာပေါ့လေ။ ဒီထက်များတဲ့လက်မှတ်တွေနဲ့ ကျွန်တော်တို့ ထပ်တင်ဖို့တော့ကြိုးစားမယ်။ အဲဒါမှ မဖြစ်သေးဘူးဆိုလည်း၊ မဖြစ်ခဲ့ဘူးဆိုလည်း နောက်ထပ်နည်းနာတွေတော့ ကျွန်တော်တို့ သုံးရလိမ့်မယ်။ အခြေအနေ၊ အချိန်အခါ၊ လူပုဂ္ဂိုလ်၊ ပယောဂပေါ်မူတည်ပြီးတော့ ဘယ်လိုသွားမလဲဆိုတာတော့ ကြိုပြောဖို့ခက်ပါလိမ့်မယ်။

ငြမ်းမီဒီယာ – တကယ်လို့ ကြေညာလိုက်မယ်ဆိုရင်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။

UMK – အဓမ္မလို့ ကြေညာလိုက်မယ်ဆိုရင်တော့ ရှင်းရှင်းပြောရရင် သူပြောသမျှစကား ဘာမှမဟုတ်တော့ဘူးပေါ့လေ။ သံဃာ့အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်သော ပုဂ္ဂိုလ်ဖြစ်သွားပြီ။ အဓမ္မဝါဒကြေညာလိုက်ရင်တော့ သူက သာသနာက အဖယ်ခံ လိုက်ရပြီပေါ့။

ငြမ်းမီဒီယာ – လက်ရှိမှာလည်း ဦးဝီရသူကို သာသနာရေးဝန်ကြီးဌာနကလည်း ထောက်ခံထားတာ မရှိဘူး။ ဝစီဒုစရိုက် ၄ ပါးမှာ ကျူးလွန်ထားတာရှိတယ်လို့လည်း ပြောထားတာရှိတယ်။ မဟန ကလည်း တရားဟောခွင့်ပိတ်ထားတယ်။ ဒီတော့ အဓမ္မဝါဒလို့ ကြေညာရင်ရော ဦးဝီရသူအနေနဲ့ ဘာတွေလုပ်လာနိုင်မလဲ။

UMK – လုပ်လာနိုင်တာတွေကတော့ လုပ်နေကျအလုပ်တွေပဲ လုပ်လာနိုင်တယ်လို့မြင်တယ်။ ဦးဝီရသူ လုပ်နေကျအလုပ် တွေရှိနေတာပဲလေ။ အဲဒါတွေပဲ ဆက်လုပ်မှာပေါ့လေ။ အဲလိုပဲမြင်တယ်။ ဘာတွေလဲဆိုတာ တိတိကျကျကိုင်ပြောဖို့ ခက်တယ်။

မဘသ လုပ်တာ ဦးဝီရသူပါတယ်။ ဦးဝီရသူလုပ်တာ မဘသ ပါတယ်။ လက်တွေ့နယ်ပယ်မှာပေါ့လေ။ ခင်ဗျားတို့လည်း တွေ့ရမှာပါ။ မဘသ လည်း ဝန်းရံနေတယ်။ ဦးဝီရသူတစ်ပါးတည်း ဘယ်တုန်းက ဘာလုပ်လို့လဲ …

ငြမ်းမီဒီယာ – ဒီတော့ အဓမ္မဝါဒလို့ ကြေညာရင်ရော ဦးဝီရသူအနေနဲ့လုပ်နေကျအလုပ်တွေ ဆက်မလုပ်လာနိုင်ဘူးလို့ ပြောနိုင်လား။

UMK – ကျွန်တော် အာမမခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့စိတ်ထဲရှင်းသွားတာက ဦးဝီရသူလုပ်တာက သံဃာတွေနဲ့ မဆိုင်ဘူး။ ဗုဒ္ဓသာသနာနဲ့ မဆိုင်ဘူး။ သူလုပ်ချင်တာ လုပ်ခွင့်ရှိတယ်။ မှားရင် ဥပဒေအရ အရေးယူလိမ့်မယ်။ မှန်ရင် လူတွေ ထောက်ခံကြလိမ့်မယ်။ သို့ပေမယ့် ကျွန်တော်တို့ တန်ဖိုးထားတဲ့ ဗုဒ္ဓဓမ္မ ထဲကမလုပ်နဲ့။ ကြိုက်သလို လုပ်လို့ရတယ်။ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ပြောပိုင်ခွင့်လည်း ရှိတယ်။ ဟောပိုင်ခွင့်လည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တန်ဖိုးထားတဲ့ ဓမ္မထဲက၊ လောကရဲ့ အမှန်တရားတွေအထဲက တရားမျှတမှုတွေကို မရိုက်ချိုးပါနဲ့။ လူသားအဖွဲ့အစည်း ငြိမ်းချမ်းမှုကို မရိုက်ချိုးပါနဲ့။ လူသားဖြစ်တည်မှု၊ လူသားဖွံ့ဖြိုးတိုးတက်မှုကို မဟန့်တားပါနဲ့။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ခွင့်တော့ ရှိတယ်။

ငြမ်းမီဒီယာ – မဘသ ကလည်း တချို့ကိစ္စတွေမှာ ဦးဝီရသူရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်ဖြစ်တယ်၊ အဖွဲ့နဲ့မဆိုင်ဘူးလို့ ထုတ်ပြန်တာတွေရှိတယ်။ ဦးဝီရသူနဲ့ မသဘနဲ့ ပတ်သက်မှုအပေါ်မှာရော ဘယ်လိုမြင်လဲ။

UMK – ကျွန်တော်မြင်ရသလောက်တော့ မဘသ လုပ်တာ ဦးဝီရသူပါတယ်။ ဦးဝီရသူလုပ်တာ မဘသ ပါတယ်။ လက်တွေ့ နယ်ပယ် မှာပေါ့လေ။ ခင်ဗျားတို့လည်း တွေ့ရမှာပါ။ မဘသ လည်း ဝန်းရံနေတယ်။ ဦးဝီရသူတစ်ပါးတည်း ဘယ်တုန်းက ဘာလုပ်လို့လဲ။ ဦးဝီရသူက ဘာအဖွဲ့ဝင်လဲ။ ဦးဝီရသူရဲ့ ကျောင်းတိုက်က ဆရာတော်တွေက လိုက်လား။ ဆိုတော့ ဦးဝီရသူရဲ့ နောက်ကလိုက်နေတာ မဘသ က တွေဖြစ်နေတယ်။ ဦးဝီရသူလုပ်တဲ့နေရာမှာ မဘသ ပါသလို မဘသ ကလုပ်တဲ့နေရာမှာလည်း ဦးဝီရသူပါတယ်။ ကျွန်တော်တို့က အဲဒါကို ဘယ်လို လိုက်ခွဲလို့ရမလဲ။ ကျွန်တော်ကတော့ ရှင်းရှင်းမြင်တာပဲ ပြောတာလေ။ ဦးဝီရသူ လုပ်တဲ့ဥစ္စာ။ သူလုပ်တာကိုပဲ ကျွန်တော်တို့ ပြောလို့ရမယ်။ ဘယ်သူတွေ၊ ဘယ်သူတွေပါတယ်ဆိုတဲ့ဥစ္စာက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ၊ နိုင်ငံတော် သံဃာ့နာယကတွေက သူတို့တွေက ဆုံးဖြတ်လေ။

ဦးဝီရသူရဲ့ ပြောဆိုပြုမူလုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ ဓမ္မလား၊ အဓမ္မလား သံဃာဝိနိစ္ဆယခုံရုံးတင်ပြီး ကြေညာပေးဖို့ နိုင်ငံတော် သံဃာနာယကအဖွဲ့ကို တောင်းဆိုတာပါ …

ငြမ်းမီဒီယာ – မဘသ အဖွဲ့အစည်းပေါ်မှာရော ဘယ်လိုမြင်လဲ။

UMK – မဘသ အဖွဲ့အစည်းက နည်းနည်းတော့ ပြောရခက်တယ်ဗျ။ သူတို့အခြေခံ Principle ကို ကျွန်တော်မသိဘူးလေ။ ဒါပေမဲ့အမှန်ဆိုရင်တော့ နိုင်ငံတော်သံဃာ့နာယက (၄၇)ပါးစုံညီရှိတယ်။ ဂိုဏ်းကြီး (၉) ဂိုဏ်းရှိတယ်။ နောက်ထပ် ဂိုဏ်းတစ်ဂိုဏ်းလားလို့ပဲ ကျွန်တော်တွေးနေတယ်။ ရှိသင့်လား၊ မရှိသင့်ဘူးလားဆိုတာတော့ ကျွန်တော်တို့ထက် နိုင်ငံတော်သံဃာ့နာယက (၄၇) ပါးစုံညီ ဆရာတော်တွေက၊ ရွှေကျင်ဂိုဏ်းအပါအဝင် ဂိုဏ်းကြီး (၉) ဂိုဏ်းက ပိုသိပါလိမ့်မယ်။

ငြမ်းမီဒီယာ – အခုတောင်းဆိုတာက ဦးဝီရသူတစ်ပါးတည်းအတွက်ပေါ့။

UMK – ဟုတ်ပါတယ်။ လောလောဆယ် ဆရာတော်ဦးဝီရသူတစ်ပါးတည်းပေါ့လေ။ ဦးဝီရသူရဲ့ ပြောဆိုပြုမူလုပ်ကိုင် ဆောင်ရွက်ချက်တွေဟာ ဓမ္မလား၊ အဓမ္မလား သံဃာဝိနိစ္ဆယခုံရုံးတင်ပြီး ကြေညာပေးဖို့ နိုင်ငံတော် သံဃာနာယကအဖွဲ့ကို တောင်းဆိုတာပါ။

ငြမ်းမီဒီယာ – ဦးဝီရသူကို တစ်ဖက်မှာ ထောက်ခံတဲ့သူတွေကလည်း ကြီးကြီးမားမားရှိတယ်။ သူတို့တွေရဲ့ ယုံကြည်ချက်၊ သူတို့တွေရဲ့ ခံစားချက်တွေအပေါ်မှာရော ထည့်သွင်းစဉ်းစားထားတာ ရှိလား။

UMK – ကျွန်တော်ပြောခဲ့သလိုပေါ့။ ကျွန်တော် ဦးဝီရသူကိုတိုက်နေတာမဟုတ်ဘူး။ အကို့ကို တိုက်နေတာမဟုတ်ဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ တိုက်နေတာမဟုတ်ဘူး။ ကျွန်တော် အဓမ္မဝါဒကို တိုက်နေတာ။ အဓမ္မဝါဒလုပ်ကိုင်ပြုမူဆောင်ရွက်သူ အားလုံးကို ဆန့်ကျင်တယ်။ ကျွန်တော်ပြောတာ ရိုးရိုးလေး။ ဦးဝီရသူ လုပ်ရင် ဦးဝီရသူကို ကျွန်တော်ဆန့်ကျင်တယ်။ အကိုလုပ်ရင် အကို့ကို ကျွန်တော် ဆန့်ကျင်မယ်။ ကျွန်တော်က ဒီလိုမျိုးလေ။ ကျွန်တော် ပုဂ္ဂိုလ်ရေးတိုက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ မူသဘောကို ပြောတာ။

ငြမ်းမီဒီယာ – ထပ်ပြီးပြောရရင် ဦးဝီရသူရဲ့ လုပ်ကိုင်ပြုမူဆောင်ရွက်ချက်တွေအပေါ်မှာကိုပဲ ထောက်ခံတဲ့အင်အား ကြီးကြီးမားမားရှိနေတယ်။ ထောက်ခံကြတယ်၊ ကြိုဆိုကြတယ်။ အဲဒီ ယုံကြည်ချက်၊ ခံစားချက်တွေကိုရော ဘယ်လိုမျိုးထည့်သွင်း စဉ်းစားလဲ။

UMK – သူတို့ယုံကြည်တာကိုတော့ ထောက်ခံပိုင်ခွင့်ရှိတယ်ဗျ။ ရှိတယ်။ မိမိယုံကြည်မှုကို မိမိ အသုံးချမယ်။ ဟောပြောမယ်ပေါ့။ ဒါက လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ပြန်သုံးသပ်ဖို့လိုမယ်။ လုပ်ဆောင်ချက်တွေကိုပေါ့။ ကျွန်တော်တို့ ဗမာလူမျိုးတွေရဲ့ပြသနာက သိပ်မစဉ်းစားဘူးပေါ့လေ။ နောက်တစ်ချက်က သံဃာတော်ဆို ကုန်းဦးချတာပေါ့လေ။ ကျွန်တော်တို့ နည်းနည်းလေး ပညာရေး ပိုင်းမှာ နိမ့်ပါးခဲ့တာပါတယ်။ မိရိုးဖလာယဉ်ကျေးမှု၊ ဓလေ့တွေမှာ ရိုက်ချိုးခံခဲ့ရတာပေါ့။ ဒါဆို ဒါလုပ်ရမယ် ဆိုတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ ကိုးကွယ်မှုပုံသဏ္ဍာန်တွေ ပေါ့လေ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အပေါ်ထားတဲ့ စိတ်တွေက အနှစ်သာရပိုင်းကို မသွားဘူးဗျ။ အပေါ်ယံအကာပိုင်းကို သွားနေတာမျိုးဖြစ်နေတာတွေ့ရတယ်။ ပြောချင်တာက ထောက်ခံခွင့်ရှိတယ်၊ ယုံကြည်ခွင့်ရှိတယ်။ ဒါပေမဲ့ ဉာဏ်ပညာနဲ့ ဆင်ခြင်သုံးသပ်ဖို့ လိုလိမ့်မယ်။ ဒါက ကျွန်တော်ပြောတာထက် ဗုဒ္ဓက ဟောခဲ့တာလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာတကယ်စစ်ရင် ဘယ်လို ကိုးကွယ်တာလဲပေါ့။ ကိုးကွယ်မှုက ဘယ်နှမျိုးရှိလဲပေါ့။ ကြောက်လို့လားပေါ့။ လာဘ်လာဘကြောင့်လား၊ မိရိုးဖလာကြောင့်ကိုးကွယ်တာလား၊ ယုံကြည်မှုသဒ္ဓါကြောင့်လား၊ ပညာဉာဏ်နဲ့ ခွဲခြားစိပ်ဖြာတာလားဆိုတဲ့ ကိုးကွယ်ခြင်း (၅) မျိုးထဲမှာ ကိုယ်ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှရမယ်ထင်တယ်။

ငြမ်းမီဒီယာ – ကော်မတီကို ပြည်သူလူထုရဲ့တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။

UMK – တုံ့ပြန်မှုက ကောင်းတယ်လို့ မြင်တယ်။ လက်တွေ့နယ်ပယ်မှာလည်း လူထုက အခုအချိန်မှာ တော်တော်ကို စိတ်ပျက်တာတွေ့ရတယ်။ ဦးဝီရသူနဲ့ပတ်သက်ပြီးတော့ လုပ်တာကိုင်တာတွေမှာ တော်တော်စိတ်ပျက်တာ တွေ့ရတယ်။ အသံတွေလည်း ကြားရတယ်။ ကော်မတီကို ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာထက်ပေါ့ဗျာ၊ ကျွန်တော်ပြောချင်တာက ဒီအဓမ္မဝါဒကို လူသားတိုင်း မကြိုက်ဘူးဗျ။ ဉာဏ်ပညာရှိတဲ့ သူပေါ့လေ။ ဒါတွေကို မကြိုက်ဘူးဗျ။ ဒါဟာ လူသားမှန်ရင် မကြိုက်ဘူး။ ဒါပေမဲ့ ကြိုက်တဲ့ဟာ ဘယ်လိုကြိုက်တတ်လဲ၊ တခုခုအကျိုးစီးပွား ရှိနေရင် ကြိုက်တတ်ကြတယ်။ မဟုတ်တာ တစ်ခုကိုလေ။ တခုခု သူ့အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိရင် ကြိုက်တတ်ကြတယ်။ ဒီလိုတော့ သွားတွေ့ရတယ်။

ငြမ်းမီဒီယာ – ပထမတစ်ကြိမ်စာတင်တယ်။ တစ်လနီးပါးကြာတဲ့အထိ မတုန့်ပြန်ဘူးဆိုတော့ နောက်ထပ် ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။

UMK – ကျွန်တော် ခုနက ပြောသလိုပေါ့။ ဒီထက်များတဲ့လက်မှတ်တွေနဲ့ အဓမ္မလား၊ ဓမ္မလားဆိုတာ ခွဲခြားပေးဖို့ ကျွန်တော် ပြင်မယ်။ ရက်ကို၊ အချိန်ကို၊ နေရာကို ကျွန်တော် အတိအကျကြေညာပေးလို့ မရသေးဘူးဖြစ်နေလို့။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် အခုမှစပြီး အခြေခံ Principle တွေကို ဆွဲရဦးမယ်။ သိပ်မကြာခင်တော့ ကျွန်တော် တခုခုလုပ်ဖို့ ပြင်မယ်။ နောက် တစ်ချက်က သူတို့ဘက်က ဘာလုပ်မလဲပေါ့။ ဒါကိုလည်း ကျွန်တော်ကြည့်မယ်။

ငြမ်းမီဒီယာ – နောက်တစ်ဆင့်အနေနဲ့ရော ဒီကိစ္စမှာ တရားစွဲတာတို့၊ တရားစွဲအဖွဲ့အစည်းအဖြစ်ဆောင်ရွက်တာတို့ လုပ်ဖို့ရှိလား။

UMK – ကျွန်တော်တရားစွဲဖို့တော့ စိတ်ကူးမရှိဘူးဗျ။ ဘာလို့လဲဆိုတော့ မပြီးဘူးဗျ။ မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။ အဓိကက ကျွန်တော်က ဦးဝီရသူကို တိုက်နေတာမဟုတ်ဘူး။ အဓမ္မဝါဒကို တိုက်နေတာ။ အဓမ္မဝါဒလုပ်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်၊ မည်သည့်ရဟန်း၊ မည်သည့် မိန်းမ၊ မည်သည့် ယောကျာၤးမဆို ကျွန်တော်ဆန့်ကျင်တယ်။ ကျွန်တော်တို့ ကော်မတီရဲ့ မူ။ အဓမ္မဝါဒက ဘာလဲလို့မေးရင် လောကငြိမ်းချမ်းခြင်းကို ဖျက်ဆီးတာ။ လူသားရဲ့ဖြစ်တည်မှုကို ရိုက်ချိုးတယ်။ လူသားဖွံ့ဖြိုးတိုးတက်ခြင်းကို ဟန့်တားတယ်။ အကြမ်းဖက်တယ်၊ အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်။ ဒီဟာတွေဟာ ဗုဒ္ဓဓမ္မနဲ့ ဆန့်ကျင်လို့ အဓမ္မလို့ တိတိကျကျ ကျွန်တော်တို့က သတ်မှတ်တယ်။

ငြမ်းမီဒီယာ – မဟန ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာရော ဘယ်လိုမြင်လဲ။

UMK – နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ဘုရားကြီးတွေကို ကျွန်တော်တို့နဲ့ဆက်ဆံရေးက အခုမှ စတင်တာဗျ။ ဆိုတော့၊ ကျွန်တော်ပြောဖို့ စောသေးမယ်ထင်တယ်။ ကျွန်တော်သူတို့ကို မှတ်ချက်ပေးဖို့ စောဦးမယ်။

ငြမ်းမီဒီယာ – ကော်မတီရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ဘာတွေများနောက်ဆက်တွဲဆိုးကျိုးတွေရှိလာမယ်လို့ ခန့်မှန်းထားလဲ။

UMK – ဗိုလ်ချုပ်အောင်ဆန်းစကားလိုပေါ့လေ။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်ရမှာပေါ့လေ။ လောကမှာက တရားသေသဘောမရှိဘူးလေ။ အနိမ့်အမြင့်၊ အတက်အကျ၊ အကောင်းအဆိုး။ လောကကိုက ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတာလေ။ အကောင်းရှိရင် အဆိုးရှိမယ်၊ အဖြူရှိရင် အမည်းရှိမယ်၊ အလင်းရှိရင် အမှောင်ရှိမယ်။ မိန်းမရှိရင် ယောကျာၤးရှိမယ်။ ဒီဆန့်ကျင်ဘက်သဘောတရားပေါ့၊ ပက္ခဆိုတဲ့ သဘောတရားပေါ့။ လုပ်ကိုင်တာတွေက အောင်မြင်ချင်လည်း အောင်မြင်မယ်၊ ကျဆုံးချင်လည်း ကျဆုံးမယ်။ အဲဒီမှာ ဆုပ်ကိုင်မထားဖို့ပေါ့။ ကိုယ်ကိုယ်တိုင် ရှင်းလင်းဖို့ပေါ့။ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ တတ်နိုင်သမျှ လျှော့ချထားဖို့တော့ ကျွန်တော်ပြင်ဆင်ထားပါတယ်။

ငြမ်းမီဒီယာ – ကော်မတီကို တရားဝင်အသင်းအဖွဲ့တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားတာရှိလား။

UMK – ရည်ရွယ်ထားပါတယ်။ ကျွန်တော်ဒီထက်ပိုပြီးတော့ ကြီးမားတဲ့ Institution တစ်ခုကိုလေ။ ကော်မတီကြီးတစ်ခုပေါ့။ နိုင်ငံလုံးဆိုင်ရာကော်မတီကြီးတစ်ခုလုပ်ဖို့ ကျွန်တော်ပြင်နေပါတယ်။ ဒါပေမဲ့ စကားကြီး စကားကျယ်တွေပြောဖို့ ခက်တယ်။ လက်တွေ့နယ်ပယ်မှာ လုပ်ရကိုင်ရတာလေးတွေ အခက်အခဲတွေ ရှိတာပေါ့လေ။ ဘဏ္ဍာရေးပိုင်းတွေရှိမယ်။ ကိုယ့် အလုပ်နဲ့ကိုယ်ရှိတယ်။ ကျွန်တော်က ငြိမ်းချမ်းရေးတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ တဖက်မှာ လုပ်နေတာရှိတယ်။ ဒီအတွက်လည်း တစ်ဖက်က ဆွဲထုတ်ရတာပေါ့လေ။ ကျွန်တော်လုပ်ချင်တယ်။ ကြီးမားတဲ့ Institution ကို ကျွန်တော် ရည်ရွယ်တယ်။ ဖြစ်မယ်၊ မဖြစ်ဘူးကတော့ တိတိကျကျပြောဖို့ ခက်မယ်။

 

ငြမ်းမီဒီယာ
မေ(၉)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,