ဧပရယ်မှာ ပြေလည်မှာလား ကြေးရုပ်အရေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္နာဟေဝန်ပန်းခြံအတွင်းမှ ဗိုလ်ချုပ်ကြေးရုပ်

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန္ဒပြသူတို့ကို အင်အားသုံးဖြိုခွဲခြင်း၊ ကြေးရုပ်ထောက်ခံ ဆန္ဒပြပွဲများ တန်ပြန် ပြုလုပ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့၏ ခံစားမှုကို ပြည်နယ်အစိုးရက မျက်ကွယ်ပြုခဲ့သည်။ ထိုအခြေအနေက …

ဘယ်ရီဂိတ် သံဆူးကြိုးများ ကာရံထားသည့် ကန္ဒာဟေဝန်ပန်းခြံ အတွင်းက ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုသည် မတ်လ (၂၁) ရက်၏ စူးရှသည့် နေရောင်အောက်တွင် ကြေးဝါရောင် တောက်ပစွာရှိနေသည်။

သံဆူးကြိုးကြားက မြင်နေရသည့် ဗိုလ်ချုပ်ကြေးရုပ်တုသည် ကယားပြည်နယ်၌ ယခုနှစ်ပိုင်း ဖြစ်လာသည့် မတည်ငြိမ်မှုများ၊ နိုင်ငံရေး အကျပ်တည်းများ၏ ပြယုဂ်တစ်ခုသဖွယ် မြင်ရသူများကို ခံစားမိစေသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းက စတင်စီစဉ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ဒေသခံများ၏ ကန့်ကွက်သပိတ်မှောက်၊ ဆန္ဒထုတ်ဖော်မှုများစွာ ရှိခဲ့သည့်ကြားမှ ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန် ပန်းခြံအတွင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့ တွင် တရားဝင် ထားရှိခဲ့ပြီးနောက် ပြည်နယ်မြို့တော် လွိုင်ကော်တွင် သွေးထွက်သံယိုမှုများပင် ဖြစ် ပေါ်ခဲ့ရသည့် ဆန္ဒပြမှုများနှင့်အတူ ပြည်နယ်အတွင်း နိုင်ငံရေးအရ မတည်ငြိမ်မှုများကို ဆက်လက် ဖြစ်ပေါ် နေစေခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရအစိုးရ ဖြစ်လာပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့များတွင် အများအပြား ပေါ်ထွက်လာခဲ့ပြီး ပန်းခြံတစ်ခုတည်းတွင် ဗိုလ်ချုပ်ရုပ်တု (၂) ခုဖြစ်နေသည်အထိပင် ဖောင်းပွလာခဲ့ကာ ရုပ်တုနိုင်ငံရေးအပေါ် ဝေဖန်မှုများ ရှိလာခဲ့သည်။

လူထုချစ်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်းကို ပြန်လည် ဖော်ထုတ်ခွင့်ရချိန်တွင် NLD ပါတီ တာဝန်ရှိသူများသည် ဗိုလ်ချုပ်ရုပ်တုများကို အချိန်လွဲ၊ နေရာလွဲ၊ ဆန္ဒအလွဲများဖြင့် ပြုလုပ်ခဲ့ကြသည်ဟု ရှုမြင်သူများလည်း ရှိခဲ့သည်။

လူထု လေးစားတန်ဖိုးထားခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ဝတ္တုဆိုင်ရာ အမှတ်အသားကိစ္စသည် ဗမာအများစု နေထိုင်ရာ တိုင်းဒေသကြီးများတွင် သိသာထင်ရှားသည့် ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသည့်တိုင်အောင် NLD ၏ လုပ်ဆောင် ချက်များနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုနေမှုများကတော့ ရှိနေသည်။

သို့သော် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ဝတ္တုဆိုင်ရာ အမှတ်အသားများနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားများ၏ သိသိသာသာ ပြင်းပြင်း ထန်ထန် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများနှင့် ကြုံတွေ့ခဲ့ရ သည်မှာ ယခု (၂) ကြိမ်မြောက် ဖြစ်သည်။

ပထမအကြိမ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ ကို ဆက်သွယ် တည်ဆောက်ထား သော သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပြောင်းလဲ လိုက်သဖြင့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု စိုက်ထူရန် ပြည်နယ်အစိုးရအဖွဲ့၏ ကြိုးပမ်းမှုအပေါ် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဇွတ်အတင်းထားရှိပါက ပြင်းထန်သော လူထုလှုပ်ရှားမှုနှင့် တွေ့ရမည်ဟု ကန့်ကွက်သူများက သတိပေးခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဇန်နဝါရီလ (၃၁) ရက်တွင် လူအင်အား ထောင်ချီပါဝင်သော ကန့်ကွက်ဆန္ဒပြမှုနှင့်အတူ ထိုင်သပိတ် တိုက်ပွဲများပါ ဖြစ်ပေါ်ခဲ့ချိန်တွင် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန္ဒပြသူတို့ကို အင်အားသုံးဖြိုခွဲခြင်း၊ ကြေးရုပ်ထောက်ခံ ဆန္ဒပြပွဲများ တန်ပြန် ပြုလုပ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့၏ ခံစားမှုကို ပြည်နယ်အစိုးရက မျက်ကွယ်ပြုခဲ့သည်။ ထိုအခြေအနေက ဘက်နှစ်ဖက်ကြား အားပြိုင်မှုရေချိန်ကို အမြင့်မားဆုံး အခြေအနေသို့ ရောက်အောင် တွန်းပို့သကဲ့သို့ ဖြစ်စေခဲ့သည်။

နောက်ဆုံး မတ်လ (၁၇) ရက်နေ့ နောက်ဆုံးထား၍ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှားပေးရန် ကရင်နီလူငယ်များက တောင်းဆိုလာသည်အထိ ကန့်ကွက်မှု ပြင်းထန်လာသည့်အခါ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်တိုင် ကြားဝင် ညှိနှိုင်းပေးရန် ကြိုးပမ်း လာခဲ့ရသည်။

အဖြေမပေါ်ခဲ့သည့် ငါးပွင့်ဆိုင်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် ဗိုလ်ချုပ်ကြေးရုပ်သပိတ်ကော်မတီတို့ ပါဝင်သော ငါးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ခုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကိန္နရာဟိုတယ်တွင် မတ်လ (၂၀) ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးပွင့်ဆိုင်ဆွေးနွေးပွဲသည် ရှေ့ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များကို စားပွဲဝိုင်းဆွေးနွေးပွဲ ဖြင့် အဖြေရှာကြရန် သဘောတူညီမှု ရရှိခဲ့သော်လည်း ရလဒ်အဖြေ ပေါ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု တော့ မဟုတ်ခဲ့ပေ။

” ကျွန်တော်တို့ အပြုသဘောနဲ့ ငါးပွင့်ဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ ဖြေရှင်းချက်ရရှိရေး၊ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းသဘောတူတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ကယားပြည်နယ် အနေနဲ့လည်း ပြည်နယ်အစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်းအသီးသီးနဲ့ တိုင်းရင်းသား ပြည်သူလူထု အားလုံးဟာ ပေါင်းစည်းဆောင်ရွက်နေတဲ့အတွက် ဖွံ့ဖြိုးမှုရှိပါတယ်။ ဖွံ့ဖြိုးမှု ရှိတဲ့အတွက် တည်ငြိမ် မှုပါ တွေ့ရမယ့်အနေအထား ဖြစ်ပါတယ်” ဟု ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိစ္စကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန်နှင့် ဧပြီလမတိုင်မီ ဆက်လက် ဆွေးနွေးအဖြေရှာရန်ဟူသော ရှေ့ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းများကိုသာ သဘောတူညီမှု ရရှိခဲ့သည်။

“ ကျွန်တော်တို့ တွေ့ဆုံအဖြေရှာတဲ့နည်းလမ်းတွေကို အသားပိုပေးတဲ့အတွက် ထပ်မံတွေ့ဆုံဖို့ကို ကျွန်တော်တို့ လက်ခံရခြင်း ဖြစ်ပါတယ် ” ဟု ကရင်နီပြည် လူငယ်များ သပိတ်ကော်မတီမှ ခွန်သောမတ် က ပြောသည်။

သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ကန္ဒာဟေဝန်ပန်းခြံထဲမှ ဖယ်ရှားပေးရမည် ဟူသောမူကို သပိတ်ကော်မတီက ဆက်လက်ကိုင်စွဲထားဆဲပင်ဖြစ်ပြီး ယင်းကို အလျှော့ပေးမည် မဟုတ်ဟုလည်း သပိတ်ကော်မတီတွင် ပါဝင်နေသူများကပြောသည်။

“ လူထုကို ကိုယ်စားပြုပြီး ဒီကြေးရုပ်ကိုဖယ်ရှားပေးဖို့ လူထုက ကျွန်တော်တို့ကို Mandate ပေးထားတာပါ ” ဟု သပိတ်ကော်မတီဝင် ခူးကြူးဖဲကေး က ပြောသည်။

ပြဒါးတစ်လမ်း သံတစ်လမ်း

ငါးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားပေးရေးအတွက် ကန့်ကွက် ဆန္ဒပြ နေသော ကရင်နီပြည် လူငယ်များသပိတ်ကော်မတီ၏ တောင်းဆိုချက်သည် ရုပ်တုရွှေ့ပြောင်း ဖယ်ရှားရေးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို အများပိုင်ပန်းခြံအတွင်းမှ ဖယ်ရှားရန်နှင့် အများနှင့် မသက်ဆိုင်သော NLD ရုံး (သို့မဟုတ်) လူမှုရေး အသင်းအဖွဲ့ရုံးရှေ့ စိုက်ထူရန်ဟူသော တောင်းဆိုချက် (၂) ချက်စလုံးသည် ကြေးရုပ် ရွှေ့ပြောင်းပေးရေးမူဝါဒကို အခြေခံထားသည်။

“ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးဆိုတဲ့ ကိစ္စကလွဲပြီး ကျန်တာဆွေးနွေးမှာ မဟုတ်ဘူး ” ဟု သပိတ်ကော်မတီဝင် ကိုဒီးဒီ က တိတိလင်းလင်း ပြောဆိုသည်။

 

ကျွန်တော်တို့ ကရင်နီ တိုင်းရင်းသား ခေါင်းဆောင် ရုပ်တု ထားရှိဖို့ ကျွန်တော်တို့ ပြောခဲ့တာ မဟုတ်ပါဘူး။ သူနဲ့ စင်ပြိုင်ရုပ်တုကို တင်မှာ မဟုတ်ပါဘူး။ လက်ခံ ပြီးလို့၊ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်လို့ ပြောလို့ စစ်တပ်ဘက်က လက်ခံချင်မှ လက်ခံမယ်။ လက်မခံဖို့လည်း များပါတယ်။ ကရင်နီလို့ပြောရင် …

 

ကယားပြည်နယ် အစိုးရအဖွဲ့ကလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက်ထားရှိရေးမူဝါဒကိုသာ ကိုင်စွဲ၍ အခြားအစားထိုးဖြေရှင်းသည့် နည်းလမ်းဖြင့် ပြေလည်မှုရအောင် ကြိုးစားခဲ့သည်။

ငါးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိ၍ ယင်းနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များ၊ ပင်လုံစာချုပ်ပါအချက်များကို နှစ်ဖက် ညှိနှိုင်း၍ ကဗ္ပည်းကျောက်စာများ အတူထားရှိရန်နှင့် ကရင်နီတိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဦး၏ ရုပ်တုကိုလည်း ထားရှိရန်ဟူသော အကြောင်းအရာ (၂) ခုကို တင်သွင်း အဆိုပြုခဲ့သည်။

ကယားပြည်နယ် အစိုးရ၏ အဆိုပြုချက် (၂) ခုစလုံးသည်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဆက်လက်ထားရှိရေးမူဝါဒကိုသာ ဆက်လက် စွဲကိုင်ထားသဖြင့် ဆွေးနွေးပွဲသည် မကြာခဏ အနား ပေးလိုက်ရသည်အထိ တင်းတင်းမာမာ ရှိခဲ့သည်။

“ ကျွန်တော်တို့က ရုပ်တုနိုင်ငံရေးကို လုပ်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ နားလည်ထား တာက တော့ ရုပ်တုကတော့ နိုင်ငံရေးပါပဲ။ ဆိုဗီယက်ယူနီယံထဲမှာလည်း ယူကရိန်းကို တက်သိမ်းတဲ့ အချိန် မှာ ရုပ်တုတွေစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာ ပြန်ဖယ်ခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော် တို့တောင်းဆိုတာ ဖယ်ရှားရေးဖြစ်ပါတယ်။ ကျွန်တော်တို့ ကရင်နီ တိုင်းရင်းသား ခေါင်းဆောင် ရုပ်တု ထားရှိဖို့ ကျွန်တော်တို့ ပြောခဲ့တာ မဟုတ်ပါဘူး။ သူနဲ့ စင်ပြိုင်ရုပ်တုကို တင်မှာ မဟုတ်ပါဘူး။ လက်ခံ ပြီးလို့၊ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်လို့ ပြောလို့ စစ်တပ်ဘက်က လက်ခံချင်မှ လက်ခံမယ်။ လက်မခံဖို့လည်း များပါတယ်။ ကရင်နီလို့ပြောရင် မျိုးနွယ်စုအောက်မှာ (၆) မျိုးရှိတယ်။ ဒါက ကျွန်တော်တို့ကြားထဲမှာ ပဋိပက္ခ ပိုကြီးမားစေနိုင်တဲ့ အချက်ဖြစ်ပါတယ် ” ဟု သပိတ်ကော်မတီဝင် ခူးကြူးဖဲကေး က ပြောသည်။

ယခင်က ကရင်နီပြည်နယ်ဟု ခေါ်တွင်ခဲ့သော လူဦးရေ (၃) သိန်းခန့်သာရှိသည့် ကယားပြည်နယ်သည် မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီအဖြစ် ကျရောက်ခဲ့သော အချိန်တွင်ပင် နယ်ချဲ့လက်အောက် မကျရောက်ခဲ့ဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည့် ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။

ယင်းကြောင့် သမိုင်းကြောင်းအရ လွတ်လပ်စွာတည်ရှိခဲ့သော ကယားပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဟု ကရင်နီလူငယ်များက ပြောဆိုကြခြင်းလည်း ဖြစ်သည်။

ယင်းအခြေအနေတွင် NRPC က ငါးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မည်သို့ပင် ကြားဝင်ဆွေးနွေးပေးခဲ့ စေကာမူ ကယားပြည်နယ် အစိုးရနှင့် သပိတ်ကော်မတီ၏ အဆိုပြုချက်များသည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေခဲ့သဖြင့် ပြေလည်မှု တစ်စုံတစ်ရာ မရခဲ့ပေ။

သို့သော် ဆွေးနွေးမှု စားပွဲဝိုင်းလမ်းကြောင်းမှ သွေဖယ် မသွားအောင် ထိန်သိမ်းနိုင်ခဲ့ခြင်းကိုမူ အောင်မြင်မှုအဖြစ် ပြောဆိုလျှင် ရနိုင်သည်။ ညှိနှိုင်းမှု အဆင်မပြေလျှင် ဗိုလ်ချုပ်ကြေးရုပ်ကို မိမိတို့အစီအစဉ်အတိုင်း ကန္ဒာဟေဝန် ပန်းခြံ အတွင်းမှ ဖယ်ရှားသွားမည်ဟု သပိတ်ကော်မတီက ကနဦးတွင် ပြောဆိုထားခဲ့သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လူထုလှုပ်ရှားမှု ပြုလုပ်မည်မဟုတ်ဘဲ ဆွေးနွေးပွဲကို ဆက်သွားမည်ဟု သပိတ်ကော်မတီဝင် ခူးပိုးရယ်က ဆွေးနွေးပွဲအပြီး ဆိုခဲ့သည်။

လွိုင်ကော်မြို့နယ် NLD အမတ် ဒေါက်တာဒေါ်ခင်စည်သူကမူ လာမည့်ဆွေးနွေးပွဲများ၌ ရုပ်တု ဖြစ်မြောက်ရေး ကော်မတီကို ထုတ်ပယ်ခဲ့ခြင်းသည် ဝန်ကြီးချုပ်အနေဖြင့် ကြားခံမထားရှိတော့ဘဲ ၎င်းတွင်တာဝန်ရှိသည်ဟု ခံယူကာ ကိုယ်တိုင်ဖြေရှင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ရှုမြင်သည်။

ကြေးရုပ်ဖျက်သူကို တရားစွဲမယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံအတွင်း ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ရွှေ့ပြောင်း ဖြုတ်ချခြင်းကို လုံးဝလက်မခံကြောင်း ဖြစ်မြောက်ရေးကော်မတီက ငါးပွင့်ဆိုင် ဆွေးနွေးပွဲအပြီး နောက်တစ်ရက်မှာပင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်ထောင်စုဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးအဖြစ် မြန်မာသာမက ကမ္ဘာကပါ လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ကယားပြည်နယ်အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တည်ရှိနေခြင်း ဖြစ်သည့်အတွက် ပြည်သူများ၏ ထောက်ခံမှုနှင့် ရုပ်တုကို လွိုင်ကော်မြို့ပန်းခြံအတွင်း ထားရှိခြင်း ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီက ဆိုသည်။

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်သန်းက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို အစိုးရကဖျက်လျှင် အစိုးရကို တရားစွဲမည်၊ ကရင်နီလူငယ်များကဖျက်လျှင် ကရင်နီလူငယ်များကို တရားစွဲဆိုသွားမည်ဟုပင် ပြတ်ပြတ်သားသား ပြောသည်။

” မလိုလားတဲ့ သပိတ်ကော်မတီရှိသလို တကယ်ပြောင်းရွှေ့ရမယ်ဆိုရင် ကြေးရုပ်ထားရှိတာကို ထောက်ခံတဲ့လူတွေရဲ့ သပိတ်ဆိုတာလည်း ပေါ်လာနိုင်တယ်။ ပြည်သူ့လှုပ်ရှားမှု၊ ထောင်နဲ့ သောင်းနဲ့ချီတဲ့ ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာဖို့ အလားအလာ ရှိပြီးသားပါ” ဟု ဦးကျော်သန်းက ပြောသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တု ဖွင့်ပွဲနှင့် ထောက်ခံပွဲ ပြုလုပ်၍ အစိုးရထံသို့ အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် ပြည်နယ်အစိုးရတွင် ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမှုကို ကန့်ကွက်သည့် ကယောလူငယ်၊ ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီဝင် မရိုစီကျော် ကမူ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပြောဆိုချက်အပေါ် ဘဝင်မကျ။ အကယ်၍ဖြုတ်သိမ်း၍သာ တရားစွဲမည်ဆိုပါက ဆွေးနွေးပွဲ၌ ပါဝင်သူအားလုံးကို တရားစွဲရလိမ့်မည်ဖြစ်ကြောင်း သူမက ဆိုသည်။

 

ကယားပြည်နယ်၌ လူမျိုးစုများစွာရှိကြရာ မည်သည့်လူမျိုးစုမှ ခေါင်းဆောင်သတ်မှတ်မည်နည်း ဟူသော မေးခွန်းသည် လူမျိုးစုအချင်းချင်းကြား ငြင်းခုန်စရာ ဖြစ်နေသည်။ အများလက်ခံနိုင်သော သမိုင်းသုတေသန ပြုလုပ်မှုနှင့်အတူ အများလက် ခံနိုင်သော တိုင်းရင်းသားခေါင်းဆောင် သတ်မှတ်မှုကို …

 

” သူတို့ဖွင့်ပွဲပြီးတာနဲ့ အစိုးရကိုလွှဲလိုက်တယ်။ တာဝန်လည်း ပြီးဆုံးတယ်။ ကြေးရုပ်နဲ့ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှု တစ်စုံတစ်ရာ မလုပ်နိုင်ဘူးလို့လည်း (၂၀) ရက်နေ့မှာ သူတို့ပြောသွားတာ ရှိတယ်။ အခုလို တရားစွဲမယ်ဆိုပြီးပြောလာပြန်တော့ ကျွန်မဖြင့် နားကိုမလည်တော့ဘူး။ ဒီဘက်မှာ လည်း တာဝန်မရှိတော့ဘူးလို့ သူတို့ပဲပြောထားခဲ့တာလေ” ဟု မရိုစီကျော်က ဆိုသည်။

တကယ်တမ်း၌ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီတို့ မပေါ်ပေါက်မီကတည်းကပင် ကန္ဒာဟေဝန်ပန်းခြံအတွင်း အောက်ခံအုတ်ခုံကို ပြည်နယ် အစိုးရက ပြုလုပ်ထားခဲ့ပြီး ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီ ဆိုသည်မှာ ကန့်ကွက်မှုများကို ရှောင်လွှဲရန် ပြည်နယ်အစိုးရက ဖန်တီးထားသည့် အဖွဲ့အစည်း သက်သက်မျှသာ ဖြစ်ကြောင်း ကန့်ကွက်သူများက စွပ်စွဲခဲ့ကြသည်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ် သွန်းလောင်း တည်ဆောက်ရာတွင်လည်း ငွေကျပ်သိန်း (၆၀၀) ကျော် ကုန်ကျခဲ့သည့်အနက် ငွေကျပ်သိန်း (၄၀၀) ကို ပြည်နယ်အစိုးရက ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသည့် ငွေကျပ် သိန်း (၂၀၀) ကျော်ကိုသာ ပြည်သူလူထု ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် ကန့်ကွက်သူများ၏ စွပ်စွဲချက်ကို ပိုမိုရုပ်လုံးပေါ်စေခဲ့သည်။

စင်ပြိုင်ကြေးရုပ်

ပြည်နယ်အစိုးရဘက်က ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိ၍ ယင်း နေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များ၊ ပင်လုံစာချုပ်ပါအချက်များကို နှစ်ဖက် ညှိနှိုင်း၍ ကမ္ဗည်း ကျောက်စာများ အတူထားရှိရန်နှင့် ကရင်နီတိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဦး၏ ရုပ်တုကိုလည်း ထားရှိရန် အဆိုပြုချက်သည် ပြဿနာကို မပြေလည်စေဘဲ နောက်ထပ် ပြဿနာတစ်ရပ်ပင် ထပ်တိုး လာစေခဲ့သည်။

ကယားပြည်နယ်၌ လူမျိုးစုများစွာရှိကြရာ မည်သည့်လူမျိုးစုမှ ခေါင်းဆောင်သတ်မှတ်မည်နည်း ဟူသော မေးခွန်းသည် လူမျိုးစုအချင်းချင်းကြား ငြင်းခုန်စရာ ဖြစ်နေသည်။ အများလက်ခံနိုင်သော သမိုင်းသုတေသန ပြုလုပ်မှုနှင့်အတူ အများလက် ခံနိုင်သော တိုင်းရင်းသားခေါင်းဆောင် သတ်မှတ်မှုကို ယခုလတ်တလောတွင် ပြုလုပ်ရန် အဆင်သင့်ဖြစ်သည့် အခြေအနေလည်း မရှိသေး။

” ဗိုလ်ချုပ်ရဲ့ကတိကဝတ်တွေကို ကမ္ဗည်းထိုးမယ်ဆိုတာမှာ တကယ်လို့ ဆယ်နှစ်ကြာရင် ခွဲထွက်လို က ခွဲထွက်နိုင်တယ်ဆိုတာ ပါတယ်။ အခုခေတ် ပြုပြင်ပြောင်းလဲရေးမှာ အဲဒီစကားလုံးက အရမ်းကို အထိအရှများတယ်။ ဝန်ကြီးချုပ်က နားမလည်တာလား၊ ပြည်နယ်အစိုးရအဖွဲ့က လိုက်မမီတာလား။ အဲဒီစကားက ဘယ်လောက် အန္တရာယ်များလဲဆိုတာ လူတိုင်းသိတယ်။ ကရင်နီ ပြည်နယ်ကို ကရင်နီက အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ စကားလုံး ပါလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပိုပြီး ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် ဒီပြည်နယ်မှမဟုတ်ဘူး၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင် တာတွေ ဖြစ်လာနိုင်တယ် ” ဟု မရိုစီကျော် က ပြောသည်။

ကရင်နီလူငယ်ထု၏နောက်တွင် လက်နက်ကိုင်အဖွဲ့အစည်း ရှိနေကြောင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကို ထောက်ခံသူများက ဝေဖန်ပြောဆိုမှုကိုလည်း ၎င်းက ငြင်းဆန်ခဲ့သည်။

ကရင်နီတိုင်းရင်းသားခေါင်းဆောင်ရုပ်တု တည်ဆောက်ရေး အဆိုပြုချက်သည် အပေါ်ယံကြည့်ပါက ညီမျှသည်ဟု ထင်ရသော်လည်း အရှည်တွေးပါက ပြဿနာများရှိကြောင်း၊ ယခင်က ကရင်နီပြည်နယ်မှ ကယားပြည်နယ်ဟု အမည်ပြောင်းလဲခဲ့စဉ်ကလည်း တိုင်းရင်းသားများအချင်းချင်း အငြင်းပွားခဲ့ကြ ကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။

” ကျွန်မတို့ တိုင်းရင်းသား လူမျိုးစုက အခုပြောနေတာ (၉) မျိုး ရှိတယ်။ အဲဒီ (၉) မျိုးထဲမှာ ကယန်းက (၄) မျိုးပါနေတယ်။ အဲဒါကို တစ်ခုတည်း လုပ်မယ်လို့ပြောတယ်။ ဒါပေမဲ့ တရားဝင် မလုပ်ရသေးဘူး ဆိုတော့ (၆) မျိုး ဖြစ်လာနိုင်တယ်။ အဲဒီအထဲမှာ ဘယ်ရုပ်တုကို ထားမလဲဆိုတာက ပဋိပက္ခ (Conflict) ဖြစ်လာနိုင်သေးတယ် ” ဟု ဒေါက်တာဒေါ်ခင်စည်သူ က ပြောသည်။

အကျပ်အတည်းကို ပိုဦးတည်လာ

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ကန့်ကွက်သူများ၊ ထောက်ခံသူများသည် နှစ်ဖက်စလုံး အင်အား ပမာဏ တစ်ခုအထိ ရှိနေသည့်အပြင် အားပြိုင်လွန်ဆွဲမှုမှာလည်း ပြင်းထန်နေဆဲဖြစ်သဖြင့် ယခု အခြေအနေ အတိုင်းဆိုပါက အစိုးရအနေဖြင့် ဖြေရှင်းရန် ပိုမိုခက်ခဲလာနိုင်ပြီး အကျပ်အတည်းများ ဆီသို့ ဦးတည် လာနိုင်ကြောင်း သုံးသပ်ကြသည်။

” အဓိက ကတော့ NLD ပါတီအနေနဲ့ စောစီးစွာ သတိမထားမိလို့ ကြီးလာတဲ့ ပြဿနာဗျ။ သိသာတာ ကတော့ ချောင်းဆုံတံတား နာမည်ပေးတဲ့ကိစ္စ။ သိသာမြင်သာစေပါတယ်ဗျာ။ ဒါတွေကို နောက်ကွယ် က လက်မည်းကြီး၊ ဘာကြီးနဲ့ ဖြေရှင်းတာမျိုးက မသင့်လျော်ဘူး။ ကြေးရုပ်စဖြစ်တုန်းက NLD ပါတီရဲ့ ခေါင်းဆောင်းပိုင်းတချို့ကယားကို သွားတဲ့အခါမှာလည်း ကရင်နီလူငယ်ထုနဲ့ မတွေ့ဆုံခဲ့ဘူး။ အဲဒီက စဖြစ်တယ်လို့ ထင်တယ်။ အခုကတော့ NRPC ကဝင်ညှိနေတဲ့အချိန်မှာ ရှဉ့်လည်းလျှောက်သာ ပျား လည်းစွဲသာ အခြေအနေရောက်အောင်တော့ လုပ်မှဖြစ်မယ် ထင်ပါတယ်။ မဟုတ်ရင်NLD အတွက် ကတော့ အကျပ်အတည်းတစ်ခု ကယားပြည်နယ်မှာ ထပ်တွေ့ရမှာပေါ့ ” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ ဒုတိယအစည်းအဝေးအပြီး မီဒီယာတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်သည် ဗမာကြီးစိုး ရေးဝါဒကို ထူထောင်ခြင်း မဟုတ်ကြောင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ငြင်းဆို ခဲ့သည်။

၎င်းက “ ဗိုလ်ချုပ်ကြေးရုပ်တွေလုပ်တာက ပြည်ထောင်စုရဲ့သရုပ်သကန်ကိုလုပ်တာပါ။ ဗိုလ်ချုပ်ဟာ ပင်လုံရဲ့ အခြေခံပုံရိပ်ပါပဲ။ ပြည်ထောင်စုရဲ့ ပုံရိပ်ပဲ။ unity state မထူထောင်ဘူး။ Union State ထူထောင်မှာ။ ဗိုလ်ချုပ်ကြေးရုပ်ကို လုပ်နေတဲ့သူအားလုံးကို NLD က လုပ်ပါလို့လည်း ညွှန်ကြား ချက်မရှိဘူး။ မလုပ်ပါနဲ့လို့လဲ ညွှန်ကြားချက်မရှိဘူး” ဟု ပြောဆိုထားသည်။

အငြင်းပွားနေသည့် ဗိုလ်ချုပ်ကြေးရုပ်ပြဿနာသည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) အပေါ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း အစိုးရနှင့် NCA ရေးထိုးရန် နီးစပ်မှု ရှိနေသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက မီဒီယာများကို ပြောဆိုခဲ့သည်။

” အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနလို ပြည်ထောင်စုအဆင့်ဌာနကပါ လာရောက်ပြီး စေ့စပ်ညှိနှိုင်းပေးရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဒါသည် ပြည်ထောင်စုအဆင့် ဖြစ်လာသလို တစ်နိုင်ငံလုံး ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုပါ သက်ရောက်လာတဲ့ အနေ အထားဖြစ်ပါတယ် ” ဟု ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအကျိုးဆောင် ဦးကျော်ထင်အောင် က ပြော သည်။

လွိုင်ကော်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ အသက် (၄၉) နှစ်အရွယ် ဦးမြင့်ဌေးကမူ ကယားပြည်နယ်၌ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု တည်ဆောက်ထားခြင်းကို ကျေနပ်ဂုဏ်ယူနေသည်။

” ပြည်သူကို အကျိုးမပြုဘဲနဲ့ သူတို့ဟာသူတို့ လွတ်လပ်ရေးအတွက်၊ သူတို့တော်လှန်တဲ့ လုပ်ငန်း အပေါ်မှာ မူတည်ပြီးတော့ ကန့်ကွက်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကတော့ အမြဲတမ်း ထောက်ခံနေပါတယ် ” ဟု ဦးမြင့်ဌေး က ပြောသည်။

KNPP အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရန်သည် ကယားပြည်နယ်တွင် နေထိုင်ကြ သူများ၏ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၎င်းတို့ ဒေသတွင် လာရောက်တည်ဆောက်ခြင်းကို ထောက်ခံသည့် ပြည်သူများ၊ ကန့်ကွက်သည့် ပြည်သူများ၊ ကန့်ကွက်ခြင်းလည်း မရှိ၊ ထောက်ခံခြင်းလည်း မရှိသည့် ပြည်သူများ၊ ထောက်ခံသော်လည်း ထောက်ခံကြောင်း မဖော်ပြလိုသည့် ပြည်သူများ၊ ကန့်ကွက်သော် လည်း ကန့်ကွက်ကြောင်း မဖော်ပြလိုသည့် ပြည်သူများဟူ၍ အမျိုးမျိုးကွဲပြားနေကြသည့်တိုင် ငြိမ်းချမ်း ရေးရယူ၍ ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးကိုမူ လိုလားကြောင်း အားလုံးက တူညီစွာ ပြောဆိုကြသည်။

ရှေ့အလားအလာများ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ်မြော က်ရေးကော်မတီတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာ ဖောက်များ၊ တိုင်းရင်းသား သွေးစည်းချစ် ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများ အဖြစ် သတ်မှတ်ကြေညာကြောင်း ကရင်နီလူငယ်အချို့က မတ်လ (၂၅) ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်သည် ဧပြီလအတွင်း ဆွေးနွေးမည့် ဗိုလ်ချုပ်ကြေးရုပ်အရေး အပြီးသတ် ဆွေးနွေး ပွဲတွင် နှစ်ဦးနှစ်ဖက် ကိုင်စွဲချက်များကြောင့် အဆင်ပြေသည့် ရလဒ်ထွက်ရန် မလွယ်ကူလှသည့် အခြေအနေတွင် ပိုမိုတင်းမာလာစေနိုင်သည့် အသွင်သဏ္ဍာန်ကိုပင် ဆောင်စေခဲ့သည်။

“ ကြေးရုပ်ကော်မတီကတော့ မပါတော့ဘူးပေါ့လေ။ ဝန်ကြီးချုပ်နဲ့ ဦးမော်မော် ဒီအပေါ်မှာ ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ သက်ရောက်မှုကတော့ ရှိနိုင်ပါတယ်” ဟု ကိုဒီးဒီ က ဆိုသည်။

လက်ရှိ ဗိုလ်ချုပ်ရုပ်တုကို ကန့်ကွက်နေကြသော ကရင်နီလူငယ်များသည် ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးကြသူများ မဟုတ်ဘဲ ယခင် စစ်အစိုးရလက်ထက် ဖိနှိပ်မှုများစွာ ရှိစဉ် ကတည်းက ဗိုလ်ချုပ်မွေးနေ့ စတစ်ကာများ ကပ်ခြင်း၊ NLD ပါတီ စကားဝိုင်းများ၊ NLD ပါတီ အောင်နိုင်ရေးခရီးစဉ်များ၌ ပါဝင်ခြင်း စသဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

ကယားပြည်နယ် နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ဗိုလ်ချုပ်ရုပ်တုကို ကန့်ကွက်နေကြသော ကရင်နီ လူငယ်များသည် အခြေအနေအချိန်ကောင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစား မြတ်နိုး ပြကြသူများမဟုတ်ဘဲ အမှောင်ခေတ် ကာလကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင် သူများဖြစ်သည် ဆိုသည်ကို ငြင်းဆိုခြင်းမရှိ လက်ခံထားကြသည်။

” လူငယ်တွေကလည်း နိုင်ငံရေး လွှမ်းမိုးမှုထက် သမိုင်းအရ လုပ်တာပါ။ ကျွန်တော်တို့ရဲ့ ကရင်နီ သမိုင်းအမှန်ကို လာပြီးလွှမ်းမလားဆိုပြီး စိုးရိမ်ကြတာပါ ” ဟု ဖရူဆို မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခူးသဲရယ်က ပြောဆိုခဲ့သည်။

ဦးခူးသဲရယ်သည် မတ်လ (၂၀) ရက် ငါးပွင့်ဆိုင် ဆွေးနွေးပွဲတွင်သာမက ဖေဖော်ဝါရီလ (၁၇) ရက်က ပြုလုပ်ခဲ့သော ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီနှင့် သပိတ်ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း အသိသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) ကလည်း အစိုးရအနေဖြင့် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို လျစ်လျှူရှု၍ ဗိုလ်ချုပ်ကြေးရုပ်တုကို ဇွတ်အတင်း မထားရှိ သင့်ကြောင်း မှတ်ချက်ပြုသည်။

“ ပြည်ထောင်စုဆိုတာ အားလုံးတစုတစည်းတည်းနဲ့၊ ဥမကွဲသိုက်မပျက်နဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်လာ ပြီးနောက်မှာ အတူူတကွ တန်းတူညီမျှအောက်မှာ ချီတက်ကြမယ်ဆိုတဲ့ ကတိ ကဝတ်ပေါ့ဗျာ။ ဒီဟာမှာကိုက ဗိုလ်ချုပ်ပြော တဲ့ဆန္ဒနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် သူတို့မလိုလားခဲ့ဘူး ဆိုရင် အတင်းအကျပ် မလုပ်သင့်ဘူးပေါ့ဗျာ။ ဗိုလ်ချုပ်ချီတက်ခဲ့တဲ့ လမ်းကြောင်းမှာကိုက ပါပြီးသားပါ။ ဒါတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့ဟာကို သက်ရောက်စေတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒေသဆိုင်ရာ သူ့ပြည်သူလူထုက အားလုံးက အမြတ်တနိုးနဲ့ ထားစေချင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ မထား ချင်တဲ့သူရှိမယ်ဆိုရင် လုပ်ကို မလုပ်သင့်ဘူး “ ဟု ဦးရဲထွန်း က ပြောသည်။

NLD ပါတီနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှု ကျဆင်းလာသည့် ယခုနှစ်များအတွင်း ဗိုလ်ချုပ်ကြေးရုပ် ပြဿနာသည် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးကို သိသာစွာပင် ထိခိုက်စေခဲ့သည်။

မည်သို့ပင်ဆိုစေ အဓိကတာဝန်ရှိသူ ပြည်နယ်အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အရေး ဖြေရှင်းရာတွင် ထောက်ခံသူရော၊ ကန့်ကွက်သူပါ အဆင်ပြေသည့် တတိယနည်းလမ်းတစ်ခုကို ရှာဖွေ နိုင်မှသာ အကျပ်အတည်းမှ လွတ်မြောက်နိုင်ပါလိမ့်မည်။

ဧပြီလမကုန်မီ ထပ်မံဆွေးနွေးမည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲသည် အစိုးရ၏ အဖြေရှာနိုင်သည့် အပေါ်တွင် မူတည်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျပ်အတည်းများကို ရှောင်လွှဲနိုင်ပါ လိမ့်မည်။

” လက်ရှိတာဝန်ရှိတဲ့ အစိုးရရော၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရော၊ သေသေ ချာချာလေး ကိုင်တွယ်ဖြေ ရှင်းစေချင်ပါတယ်။ ဒီမိုကရေစီမဟာမိတ်တွေ အတွက်လည်း အခြေအနေ မကောင်းဘူး။ ချောင်းဆုံကိစ္စလည်းရှိတော့ သင်ခန်းစာယူပြီး ဒီမိုကရေစီ မဟာမိတ်တွေနဲ့ လက်တွဲ ညီညီ လုပ်ဖို့ လိုပါတယ် ” ဟု ဦးခူးသဲရယ် က ပြောဆိုခဲ့သည်။

ငြမ်းမီဒီယာ
မတ်(၂၇)၊၂၀၁၉၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,