ဘုရားပွဲက ဒီတစ်နှစ် မသွားလိုက်ရလို့ ဘာဖြစ်သွားမှာလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MKC / မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း

Covid – 19 ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက လူစုလူဝေးဖြစ်နိုင်သည့် ပွဲများတစ်လခန့် မပြုလုပ် ကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း မွန်ပြည်နယ်အစိုးရက ကျိုက်ထီးရိုးဘုရားပွဲကို ရပ်ဆိုင်းမှုမရှိခဲ့ပေ။ ထို့အတွက် ကြောင့် ပြည်နယ်လွှတ်တော်က ရပ်ဆိုင်းမှုမရှိပါက အရေးပေါ်အစည်းအဝေးခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ ပေါင်မြိူ့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်း ထား သည်။

ငြမ်းမီဒီယာ – မတ်လ (၁၆) ရက်နေ့မှာ မွန်ပြည်နယ်လွှတ်တော်က ကျိုက်ထီးရိုးဘုရားပွဲရပ်ဆိုင်းမှုမရှိရင် အရေးပေါ် အစည်းအဝေး ခေါ်ဖို့ ဆုံးဖြတ်လိုက်တာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီရှေ့ရက်ပိုင်းကပဲ မွန်ပြည်နယ် အစိုးရဝန်ကြီးချုပ် က Covid – 19 ဗိုင်းရပ်စ်ကြောင့် ကျိုက်ထီးရိုးဘုရားပွဲကို ပိတ်သွားမှာမဟုတ်ဘူးလို့ ပြောထားတော့ ဒီအခြေအနေနှစ်ခုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါဦး။

DMKC – နိုင်ငံတော်ကလည်း ဒီကိစ္စမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်လုပ်တာကို ပိတ်ရမယ်ဆိုပြီး အတင်းကြီး ပြောလိုတာမျိုး မဟုတ်ပါဘူး။ အမေစုတို့လည်း ဒါကိုပြောပါတယ်။ ဒီဟာက ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ ပြသနာဆိုတော့ လူတိုင်း လူတိုင်းနဲ့ သက်ဆိုင်တယ်။ ကျမတို့လည်းရှောင်လွှဲလို့မရဘူး။ ကျမတို့နိုင်ငံမှာရှိနေတဲ့ လူတွေလည်း ရှောင်လွှဲလို့မရဘူး။ ဖြစ်လာခဲ့မယ်ဆိုရင် ကယ်ဖို့လည်းမလွယ်ဘူး။ ဆေးကလည်းရှိသေးတာ မဟုတ်ဘူး။ ဆိုတော့ဒါက အသိစိတ်ဓာတ်နဲ့ ရှောင်ရမယ်ဆိုတဲ့ပုံစံမျိုး လုပ်ရမှာလေ။ တိုင်းနဲ့ပြည်နယ်အားလုံးကို လုပ်ပိုင်ခွင့်တွေပေးထားတဲ့အခါကျ တော့ ဒီအပေါ်မှာ သက်ဆိုင်ရာလူကြီးတွေရဲ့ဆုံးဖြတ်ချက်ကအဓိကကျနေတာလေ။ အချိန်ဆွဲရင်ဆွဲသလို တစ်ခုခုဖြစ်ခဲ့ရင် ပိုပြီးတော့ထိခိုက်မှာက ပြည်သူတွေကထိခိုက်မှာ။ အဲဒါ ကြောင့် ဒီအပေါ်မှာ ဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန်ချဖို့ လိုအပ်တယ်။ အချိန်ဆွဲနေလို့ က လည်း ရတဲ့ကိစ္စတွေမဟုတ်ဘူး။ နောက်ပြီး ပြောရလို့ရှိရင် ပြည်သူတွေရဲ့ Mind Set ကလည်း ပြင်ဖို့လိုအပ်တာပေါ့။ သူတို့ကလည်း တွေးမှာကိုး၊ တချို့ ဈေးသည်တွေကျတော့ သူတို့စားဝတ်နေရေးတို့၊ စီးပွားရေးတို့ သူတို့ထည့်စဉ်းစားမှာလေ။ အဲလောက်ထိလည်း သိမှာမဟုတ်ဘူး။ ပြောရလို့ရှိရင် မဖြစ်သေးတဲ့အခါကျတော့ အဲဒီလောက်ထိသူတို့မတွေးဘူး။ ဖြစ်ခဲ့မယ်ဆိုရင်လည်း ကယ်စရာ မရှိဘူး။ အသက်အန္တရာယ်ကျရောက်မှာကမြန်တယ်။ သူများ နိုင်ငံတွေမှာ ဖြစ်နေကြတာ တစ်ရက် တစ်နာရီ အတွင်းမှာ တောင် အသက်တွေဆုံးရှုံးနေကြရတယ်။ ဒီမှာကျတော့ မဖြစ် သေးလို့ ကြောက်စရာလို့မမြင်ကြတာလည်း ပါမှာပေါ့။ အဓိ က ကျမတို့ပြည်သူတွေရဲ့ အသိစိတ်က အဓိကဖြစ်နေတာ။ ဒီလိုလူစုလူဝေးတွေ မသွားသင့်ဘူးဆိုရင်မသွားနဲ့ပေါ့။ ဒီလိုမျိုးမသွားလိုက်တဲ့ အတွက်၊ ဆင်ခြင်လိုက်တဲ့အတွက် အခုကမ္ဘာနဲ့အဝန်းဖြစ်နေတဲ့ ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်ပြီးသားလည်းဖြစ်မယ်။ ဒါလေးတွေကိုတော့ဖြစ်စေချင်တယ်။ အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘက်ကလည်း အမြန်ဆုံး ဆုံးဖြတ်ချက်ချ လုပ်ဆောင်ပေးဖို့လိုအပ်တယ်။ အခု ဆုံးဖြတ်ချက်တော့ ချလိုက်တယ်လို့ကြားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မွန်ပြည်နယ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်ပြီလို့ ပြောတာလား။

DMKC – အဲဒီလိုတော့ကြားတာပဲ။ လွှတ်တော်ကနေ ဒီဟာကိုပိတ်ပေးပါလို့ တိုက်တွန်းတဲ့အခါကျတော့ ပြည်နယ် အစိုးရက တစ်လလောက်တော့ပိတ်မယ်ပေါ့။ ယာယီပိတ်မယ်ပေါ့။ အမိန့်စာတော့မထုတ်သေးဘူး။ အမိန့်စာမထုတ်သေးတော့ Confirm တော့လုပ်ရမှာပေါ့။

ငြမ်းမီဒီယာ – ဒီကိစ္စက ကမ္ဘာတစ်ဝန်းကပ်ရောဂါအသွင် ဆောင်တဲ့အဆင့်ထိဖြစ်နေတာပါ။ ပြည်သူဘက်က ကျန်းမာ ရေးအသိသတိ ရှိရှိမရှိရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက် က မဖြစ်မနေကြပ်မတ်ဆောင်ရွက်ရမယ့်ကိစ္စကို အခုလိုလွှတ်တော်ဘက်က ပြောတော့မှလုပ်ရတဲ့ဆိုတဲ့အခြေအနေကိုရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DMKC – အဲဒါကြောင့်မို့ ကျမပြောတာလေ။ ဆုံးဖြတ်ချက်ချတဲ့ Decision Maker အနေနဲ့ ကိုယ်ဆုံးဖြတ်တဲ့အပေါ် တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိရင်တော့ ဆုံးဖြတ်ချက်ကိုရဲရဲချနိုင်ရမယ်။ ဆုံးဖြတ်ချက်မချရဲဘူးဆိုကတည်းက တာဝန်ယူ တာဝန်ခံမှု ဆိုတာကြီးက သိပ်ပြီးတော့မသေချာဘူးဆိုတဲ့ သဘောမျိုးပေါ့။ ငါဆုံးဖြတ်ချက်ချလိုက်လို့ အဘက်ဘက်က တိုက်ခိုက်လာမှာလား၊ ဘယ်အဖွဲ့အစည်းကတိုက်ခိုက်လာမှာလား၊ ဘယ်သူကတိုက်ခိုက်လာမှာလား၊ ဘယ်သူ့အကျိုးအမြတ်ကဘယ်လိုဖြစ်လို့ ဘာညာ ဆိုတဲ့ ဟာတွေကို၊ ဒီမေးခွန်းတွေကို ဒီလိုမျိုးစဉ်းစားနေလို့ မြန်မြန် Decision မချနိုင် တာလားဆိုတာကတော့ စဉ်းစားစရာပေါ့။ အဓိက က တော့ အများပြည်သူအတွက်ကိုပဲ စဉ်းစားရမှာပေါ့။ ဆုံးဖြတ်တဲ့နေရာမှာ အများပြည်သူအတွက်ကိုပဲစဉ်းစားရမှာလေ။

နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေကို သူတို့အဲဒီလောက်ထိ လှမ်းပြီးတော့လည်း သူတို့မမြင်နိုင်ဘူးပေါ့နော်။ တစ်ကမ္ဘာလုံး …

အနည်းစုကတော့ တိုက်ခိုက်ကြမှာပဲလေ။ အပြစ်ပြောကြမှာပဲလေ။ သူတို့ရဲ့အကျိုးစီးပွားထိခိုက်ရင်ပြောကြမှာပဲလေ။ ဒီပြောတဲ့ အပေါ်မှာ ခံနိုင်ရည်ရှိဖို့အရေးကြီးတယ်။ ဘာမှဂရုစိုက်စရာမလိုဘူး။ ဒါက အများကောင်းဖို့အတွက်စဉ်းစားပြီး ဆုံးဖြတ်လိုက်တာ ဆိုတဲ့အချက်က ပိုပြီးတော့ခိုင်မာတာပေါ့။ ဆိုတော့ အဲဒီနှစ်ချက်အပေါ်မှာပဲ လွန်ဆွဲပြီးနောက်ကျရတာလားပေါ့။ ဒါပဲရှိမှာပေါ့။

ငြမ်းမီဒီယာ – တစ်ကမ္ဘာလုံး အခုလိုအရေးပေါ်အခြေအနေဖြစ်နေတဲ့အချိန်မှာ ဒီလိုလူစုလူဝေးဖြစ်စေတဲ့ ကိစ္စတစ်ခုကို ယာယီ အချိန်အကန့်အသတ်နဲ့ပိတ်ပင်ဖို့ကို ဆုံးဖြတ်ချက်ချတာ နှောင့်နှေးနေတယ်ဆိုတာ ဘယ်လိုအကျိုးစီးပွား ထိခိုက် နစ်နာ စရာတွေ ရှိနေတယ်လို့ယူဆပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DMKC – ကျမက အဲဒီလိုမျိုးကျတော့မမြင်တတ်ဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ ဒီအပေါ်မှာကကျတော့လည်း အမျိုးစုံရှိတာကိုး။ ဆိုတော့ ကိုယ့်အထင်နဲ့ကိုယ်လျှောက်ပြောရင် သွားပြီးစွပ်စွဲသလိုဖြစ်သွားမှာလေ။ ဘယ်လိုမျိုးမြင်သလဲ၊ ဘယ်လိုယူဆသလဲ ဆိုတာကို ကျမအနေနဲ့ ထင်မြင်ယူဆချက် ကို ပြောလို့မရဘူး။ Decision ချတဲ့လူက ခုနကကျမပြောခဲ့တဲ့နှစ်ချက်ကိုပဲ စဉ်းစားမယ် ဆိုရင်တော့ Decision ချလို့ရနိုင်မယ်။ ဒီရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာတော့ ကျမလဲမသိဘူး။

ငြမ်းမီဒီယာ – အခုလို ကျိုက်ထီးရိုးဘုရားပွဲကို ယာယီအချိန်အကန့်အသတ်တစ်ခုနဲ့ ပိတ်လိုက်တဲ့အကျိုးဆက်ကြောင့် ဘာတွေထိခိုက်နစ်နာမှု ရှိလာနိုင်ပါသလဲ။

DMKC – ဒေသခံတွေထဲက အထူးသဖြင့်ဈေးရောင်းနေတဲ့ ဈေးသည်တွေပေါ့။ ပြောရလို့ရှိရင်ဒီဘုရားကို အမှီပြုပြီး ရောင်းချစား သောက်နေတဲ့ ဈေးသည်တွေကတော့ သူတို့ရဲ့ ဝင်ငွေထိခိုက်နိုင်ပါတယ်။ ဒီလိုပွင့်လင်းရာသီကာလ၊ ဆယ် တန်းစာမေးပွဲပြီးတာနဲ့ စ စည်ပြီကိုး။ အဲဒီကနေ မိုးမကျမီအထိပေါ့။ ကျမတို့ ကျိုက်ထီးရိုးဘုရားကဈေးသည်တွေက နှစ်တိုင်း ဒီလိုအချိန်တွေမှာ တအား ရောင်းကြရတာ။ စီးပွားရေးအရဆို ဒီအချိန်တွေက အကောင်းဆုံးအချိန်တွေပေါ့။ မိုးကျရင် သုံးလေးလပိတ်ဦးမှာဆိုတော့ သူတို့က လည်း ဒီတစ်လဖွင့်လိုက်ရင် ဘာဖြစ်မှာလည်းဆိုတာတွေးမှာပေါ့လေ။ အရောင်းအဝယ်လေးကောင်းနေတဲ့အချိန်မှာ မပိတ်စေ ချင်ဘူးပေါ့။ ကားသမားတွေဆိုရင်လည်း သူတို့အကျိုးစီးပွားက ဒီအချိန်လေးကောင်းတယ်။ အဲဒီလိုမျိုးပေါ့။ ကျမပြောချင်တာက သူတို့ ဘက်ကတော့ အဲဒီလိုမျိုးတွေးတာတော့ရှိမှာပေါ့။ အဲဒီလောက်ပဲ သူတို့မြင်တာကိုး။ ဒီလောက်ပဲ သူတို့သိတာကိုး။ နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေကို သူတို့အဲဒီလောက်ထိ လှမ်းပြီးတော့လည်း သူတို့မမြင်နိုင်ဘူးပေါ့နော်။ တစ်ကမ္ဘာလုံး ဘာဖြစ်နေ တယ် ဆိုတာကို သူတို့သိချင်မှလည်းသိမှာ။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့လူတွေ သေနေတာတွေ၊ တကယ့်ကိုရုတ်တရက်ကြီး သေနေ တယ်။ တကယ့်ကို ဆေးပညာ ရောဘာရောခေတ်မီတဲ့၊ လူ့အသက်တစ်ချောင်းကို တကယ့်ကိုတန်ဖိုးထားတဲ့ အမေရိကန်တို့၊ အီတလီ တို့လို နိုင်ငံတွေမှာတောင် အိမ်အပြင်မထွက်နဲ့ဆိုတာဖြစ်လာပြီ။ သူကလူစုလူဝေးမပြောနဲ့ သူ့အိမ်မှာတောင် အိမ်ထဲကနေ မထွက်နဲ့ဆိုတာဖြစ်လာပြီ။ အခုလုပ်နေကြပြီ။ တရုတ်ဆိုရင် အိမ်ထဲက အိမ်ပြင်မထွက်၊ ဘယ်မှမထွက်။ ဒီလိုမျိုးနဲ့ ဒီရောဂါကို သူတို့ ဖြတ်တောက်နေကြတာ။ အဲဒါကိုကျမတို့ဆီကလူတွေက အဲဒီလောက်ကို မစဉ်းစားတာ၊ အဲဒီလောက်လည်းမသိဘူး။ အိမ်ပြင်ပေး မထွက်ကြည့်၊ အစိုးရအပေါ်မှာပဲသူတို့က အကျိုးသက်ရောက်မှုကို လာပြီးတော့ဆူဦးမှာ။ ဒီအစိုးရ ဒီလိုမျိုးလုပ် တယ်ဆိုပြီးတော့။

ကျမတို့ဆီမှာက ဘယ်လောက် ပြောပြော ဒီအပေါ်မှာလိုက်နာဖို့ဆိုတာက တော်တော်လေးခက်တယ်။ အဲဒီတော့ ကူးစက်မယ်၊ တကယ်ဖြစ်ခဲ့မယ်ဆိုရင် …

တကယ်တမ်းကျတော့ အစိုးရသည် သူတို့အသက်ကို တန်ဖိုးထားလွန်းလို့၊ ပြောရလို့ရှိရင် ပြည်သူတင်ထားတဲ့အစိုးရက ပြည်သူ တွေရဲ့ အသက်ကို တန်ဖိုး ထားလွန်းလို့၊ မသေစေချင်လို့ ကျမတို့က ဒီဟာတွေကို ပြောနေရတာ။ ဟိုလိုမျိုးဖြစ်သွားမှာ စိုးလို့၊ တစ်တိုင်းပြည်လုံး ကူးစက်သွားမှာစိုးလို့။ ဒီလိုမျိုးဖြစ်လာလို့ရှိရင် ကယ်ဖို့မလွယ်ဘူး။ စက်ပစ္စည်းကရိယာတွေ သူများနိုင်ငံလို မျိုးမရှိဘူး။ ခုတောင်မှ အလှူတွေလိုက်ခံပြီး ကျမတို့လည်း ကျမတို့တတ်နိုင်သလောက်လိုက်ပြီးလုပ်ပေးနေတယ်။ ဖြစ်ခဲ့သည် ရှိသော်၊ ဖြစ်ခဲ့လို့ရှိရင် ဘယ်လိုကယ်ပေးရမလဲဆိုတာ အစိုးရရဲ့ တာဝန်လေ။ ပစ်ထားလို့မရဘူး။ ဒါကြောင့်မို့လို့ ကျမတို့ဆီက လူတွေရဲ့အတွေးတွေ ဒီဟာကိုမတွေးကြတာ ကျမတို့ဘယ်လိုပြောရမလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေဆင်းပြီး တစ်ယောက်ချင်း လိုက်ပြောလို့လည်း ရတဲ့ကိစ္စမဟုတ်ဘူး။ အမေစုကိုယ်တိုင် တီဗွီကနေတစ်တိုင်းတစ်ပြည်လုံးသိအောင်ပြောပြနေတာကိုလည်း နားလည်စေချင်တယ်။ ဘုရားပွဲက ကျမတို့ဒီနှစ်တစ်နှစ်မသွားလိုက်လို့ဘာဖြစ်သွားမှာလဲ။ နောက်နှစ်သွားကြတာပေါ့။ နောက်နှစ်ကျ ရင် ပိုပြီးတော့ကောင်း အောင်လုပ်ကြတာပေါ့။ ဒါပေမယ့် ဒီအချိန်မှာ တစ်ယောက် ကနေ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်းထိ ကူးစက်နိုင်တာကြောင့် ကိုယ့်ကိုယ်လည်းကာကွယ်ရာရောက်၊ လူအများကို လည်း ကာကွယ်ရာရောက်အောင် အသိရှိရမယ်။ ဖြစ်လာရင် ဒီနိုင်ငံမှာမြန်တယ်။ စစ်ဖြစ်စရာမလိုပဲ ခဏနဲ့ကုန်သွားမှာ။ အဲဒါကို ကျမတို့က စိုးရိမ်တာပါ။ အဲဒါကိုပြောတာ။

ငြမ်းမီဒီယာ – အခုလက်ရှိ တရားဝင်အမိန့်မထုတ်ခင်အချိန်တွေမှာ ဘုရားပွဲလာကြသူတွေကို ရောဂါကာကွယ်ဖို့၊ စောင့်ကြည့်ဖို့ ပြည်နယ်အစိုးရက ဘာတွေများစီစဉ်ကြပ်မတ်ဆောင်ရွက်ထားတာရှိပါသလဲ။

DMKC – ကာကွယ်တယ်ဆိုတာတော့ ကျမတို့က ခုနက ပြောသလိုပေါ့။ အခုက နှာခေါင်းစည်းတပ်ဆိုတာကလည်း အဲဒါလည်း အပြည့်အဝမကာကွယ်နိုင်ဘူး။ အဲဒီလောက်နဲ့လည်း မထိရောက်ဘူးဖြစ်နေတယ်။ လက်ဆေးဘာညာလုပ် ဆိုတော့လည်း ကျမတို့ ဆီမှာ လက်ဆေးကန်တောင် ဘယ် နားသွားရှာရမှန်းမသိဘူး။ လက်ဆေးဖို့ဘေစင်ဆိုတာလည်း လွယ်ကူတဲ့ နေရာတွေ မဟုတ် ဘူး။ ကျိုက်ထီးရိုးလိုနေရာက ပိုလို့တောင်ဆိုးသေး၊ သန့်စင်ခန်းတောင် မနည်းရှာရတဲ့နေရာလေ။ ဟုတ်တယ်မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖြစ်သွားပြီးမှ ဆိုရင် ကျမတို့အတွက် တော်တော်လေးကို အခြေအနေကမလွယ်ဘူး။ သူများနိုင်ငံထက်ကို ဆိုးသွားနိုင်တယ်။ အဲဒါ …

အခု Hand Gel တို့ဘာတို့ ဆောင်ထားပါဆိုတာ အခု Hand Gel ဝယ်မရဘူး။ ဒါတွေက ကျမတို့ဆီက တကယ်လုပ်ဆိုရင် မလုံလောက်မှုတွေ အများကြီး။ ဘယ်သူမှလည်း အဲဒီလောက်ထိ Hand Gel ဆောင် ထားတယ်လို့လည်း သိပ်မရှိဘူး။ လက်ဆေးတဲ့ အလေ့အထ တောင် တော်တော်ပြောယူ ရတယ်။ တစ်ခုခုစားရင်တောင် လက်ကလေး သုတ်ပြီးတော့၊ လက်ကလေး ရေဆွတ်ပြီးတော့ စားကြတာ။ ဆိုတော့ ကျမတို့က ဒီဟာကိုကာကွယ်ဖို့ ဘယ် လိုပြောပြော၊ တီဗွီထဲကနေ ပြောဆိုဆော်သြတာ တောင်မှ လုပ်သလား၊ အဲဒီဟာ တွေပေါ့။ အဓိကကမကူးစက်ခင် ဒီလို ကာကွယ်တာ အထိရောက်ဆုံးပဲ။ ကူးစက်ပြီးတဲ့အခါမှ ကုသရမယ့်ဟာက မသေချာဘူး။ ငါးဆယ် ငါးဆယ်ပဲ။ ရှင်ဖို့ ငါးဆယ် သေဖို့ငါးဆယ်ပဲ။ အဲဒါကြောင့်မို့ ဒီဟာကို ကာကွယ်ဖို့ ဆိုတာတောင် ကျမတို့ဆီမှာ လုံလုံ လောက်လောက်ဖြစ်ဖို့ မလွယ်ဘူး။ ပိုက်ဆံပေး ဝယ်တာတောင် စီးတီးမတ်တွေမှာ Hand Gel တွေပြတ်နေတယ်။ ဆေးဆိုင် တွေမှာ တောင် Hand Gel တွေဘာတွေကုန်နေတာ။ အခုဈေးတွေဘာတွေ၊ ကားဂိတ်တွေ ဘာတွေ မှာ လက်ဆေးတဲ့ဟာတွေ လုပ်ထားတယ်ဆိုတာ တကယ်တမ်းကျတော့ အဲဒီဟာမျိုးတွေကို နေရာတိုင်းမှာ လွယ်လွယ် ကူကူ ဖြစ်အောင် လုပ်ထားရမှာ။ ဒါပေမယ့် လူတွေကလည်း လိုက်လုပ်ဦးမှလေ။ မဆေးဘူး၊ မလုပ်ဘူးဆိုတော့ ပြောရ ခက်တယ်။ သူများနိုင်ငံတွေမှာက အကျင့် ရှိပြီးသား။ သူတို့ကနည်းနည်းလေး ပြောလိုက်တာနဲ့ကို သူတို့ Mind Set ကတန်းပြီးလုပ်တယ်။ ကျမတို့ဆီမှာက ဘယ်လောက် ပြောပြော ဒီအပေါ်မှာလိုက်နာဖို့ဆိုတာက တော် တော်လေးခက်တယ်။ အဲဒီတော့ ကူးစက်မယ်၊ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့ဆီ က ထိန်းလို့တောင်နိုင်မှာမဟုတ် ဘူး။ မြန်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

DMKC – ကျမတို့က ပြောရလို့ရှိရင် လူတွေရဲ့အသက် အန္တရာယ်ကို စိုးရိမ်တယ်။ လူ့အသက်လောက် ဘယ်ဟာမှ တန်ဖိုး မရှိဘူး။ လူ့အသက်တွေကိုမသေစေချင်ဘူး။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ တန်ဖိုးရှိတဲ့ကိုယ့်အသက်ကို ကိုယ်တိုင် တာဝန်ယူ မှုနဲ့ ကာကွယ်ရမှာလေ။ ကိုယ့်ဟာကိုယ်လုပ် ဆောင်ရမှာလေ။ အခုအစိုးရက ပြည်သူတွေအသက် အန္တရာယ်ကို ကာကွယ်နိုင် စေဖို့ ချပေးလိုက်တဲ့တိုက်တွန်းချက်တွေကို ပူးပေါင်းပြီးလိုက်နာပေးမယ်ဆိုရင် မဖြစ်ခင်ကို ကြိုတင် ကာကွယ်သလိုပဲ။ ဖြစ်သွားပြီးမှ ဆိုရင် ကျမတို့အတွက် တော်တော်လေးကို အခြေအနေကမလွယ်ဘူး။ သူများနိုင်ငံထက်ကို ဆိုးသွားနိုင်တယ်။ အဲဒါကြောင့် ဒီဟာတွေကိုလိုက် နာပေးဖို့ရယ်၊ ပြောရလို့ရှိရင် လူစုလူဝေးရှိတဲ့နေရာကို ရှောင်ကြပါဆိုတာ မသွားပါနဲ့လို့ပြောတာနဲ့အတူတူပဲ။ လုံးဝကို မသွားသင့်ပါဘူး။ ဒီတစ်နှစ်မသွားရလို့ဘာမှဖြစ်မသွားဘူး။ နောက်နှစ်ကျမှ၊ ကင်းစင်တော့မှ ကျမတို့သွားကြတာပေါ့။ အဲဒါပဲပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,