AA ကို မတရားဘူးဆိုတာ ပြောလာကြတာရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တိုင်းရင်းသားလက် နက်ကိုင်ပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲဖြစ်ဖြစ် နှစ်ဘက် လက်နက်ကိုင်ပြီးဖြစ်နေတဲ့ ကိစ္စကြားမှာ ဘာမှမဆိုင်တဲ့ပြည်သူလူထုတွေ သေဆုံးနေရတဲ့၊ ခံနေရတဲ့ကိစ္စကတော့ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ် …

ဒေါ်အောင်ဆန်းစုကြည် ICJ သို့သွားရောက်ဖြေရှင်းသည်ကို ထောက်ခံပွဲလုပ်ရန်စီစဉ်သည့်အကြောင်းပြချက်ဖြင့် ဒီဇင် ဘာလ (၁၁) ရက်နေ့က ရခိုင်တပ်တော် AA ကဖမ်းဆီးခဲ့သည့် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းသည် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ရခိုင်တပ်တော် AA ကထုတ်ပြန်ခဲ့သည်။ ဦးရဲသိန်းသေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး သဘောထားအမြင်များကို ငြမ်းမီဒီယာက စုစည်းဖော်ပြလိုက်ပါသည်။

AHW / ဦးအောင်လှိုင်ဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဦးအောင်လှိုင်ဝင်း
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အတင်းအဓမ္မ တပ်သားစုဆောင်းတာတို့၊ ပြန်ပေးဆွဲပြီးတော့ လူသတ်တာတို့ပေါ့။ ခုနက AA တပ်ဖွဲ့ဝင်တွေက ရခိုင်ဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေမှာလည်း ပြန်ပေးဆွဲပြီးတော့ လူသတ်တာတွေ၊ ချင်းတိုင်းရင်းသား တွေကို …

ဒီအဖွဲ့(AA) အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အင်အားကြီးလက်နက်ကိုင်ဖြစ်ကြတဲ့ ဥပမာ SSA တို့၊ ‘ဝ’ တပ်ဖွဲ့တို့ အားလုံးက ကမ္ဘာ့ ကုလ သမ္မဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ပါတယ် ဆိုပြီးတော့ စွပ်စွဲခံထားရတဲ့ အထဲမှာလည်း ပါ ပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်သူအများစုသိနေတာက တပ်မတော်ကသာ လူ့အခွင့်အရေးချိုးဖောက်တယ်၊ အဲဒီအတွက် နိုင်ငံ တကာက စုံစမ်းစစ်ဆေး အရေးယူနေတယ် ဆိုပြီးတော့ သိနေကြတယ်ပေါ့။ ဒါပေမယ့်လို့ တကယ်တမ်း နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတယ်ပေါ့။ ဥပမာ အတင်းအဓမ္မ တပ်သားစုဆောင်းတာတို့၊ ပြန်ပေးဆွဲပြီးတော့ လူသတ်တာတို့ပေါ့။ ခုနက AA တပ်ဖွဲ့ဝင်တွေက ရခိုင်ဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေမှာလည်း ပြန်ပေးဆွဲပြီးတော့ လူသတ်တာတွေ၊ ချင်းတိုင်းရင်းသား တွေကို ပြန်ပေးဆွဲပြီးတော့ ပြန်ပေါ်မလာတဲ့ကိစ္စတွေရှိတယ်။ အဲဒါမျိုးတွေ ခဏခဏကျူးလွန်နေတာ တွေ့ရပါ တယ်။ အဲဒီတော့ ဒီကိစ္စ တွေကို နိုင်ငံတကာဥပဒေနဲ့ပဲကြည့်ကြည့်၊ ပြည်တွင်းဥပဒေနဲ့ပဲကြည့်ကြည့် ဒီဟာက ရာဇဝတ်မှုမြောက်ပါ တယ်။ ဒါသည် အကြမ်းဖက်မှုဖြစ်တယ်၊ လူသတ်မှုဖြစ်တယ်။ မည်သည့်အကြောင်းပြချက်နဲ့မှမရပါဘူး။ နိုင်ငံရေးကိုအကြောင်းပြ လို့ လည်း မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ လက်နက်ကိုင်မထားတဲ့ ပြည်သူတစ်ယောက်ဖြစ်နေလို့ပါ။ နောက်တစ်ခါ AA အဖွဲ့က စပြီးဖမ်းကတည်းက မှားတာ။ နိုင်ငံသားတစ်ယောက်ဟာ မည်သူ့ကိုမဆို ထောက်ခံ ကြောင်း လွတ်လပ်စွာ ငြိမ်းချမ်းစွာ ပြသခွင့် ရှိပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်မှ မဟုတ်ပါဘူး၊ သူနှစ်သက်လေးစားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို ဖြစ်စေ ထောက်ခံကြောင်း လွတ်လပ်စွာ ပြသခွင့်ရှိပါတယ်။ AA တပ်ဖွဲ့ဆိုတာ၊ AA တပ်ဖွဲ့ကလူတွေဟာ ရခိုင်ဒေသက ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတာ မဟုတ်ပါဘူး။ ရခိုင်ဒေသမှာ ကြီးစိုးနေတဲ့ လက်နက်ကိုင်တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တွေထဲက အဖွဲ့တစ်ဖွဲ့ပဲ။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့စကားကို နားထောင်စရာမလိုဘူး၊ သူတို့ကိုထိန်းကျောင်းမယ့် သူမရှိဘူး။ အဲဒါကြောင့် ဒီလိုမျိုး ပြင်းထန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ပဲ ကျနော်တို့ယူဆပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MKL / ဒေါက်တာMကောန်လ

ဒေါက်တာMကောန်လ
(ဥက္ကဌ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ)

နှစ်ဘက်စလုံး က တရားလွန်မဖြစ်ဖို့လိုတယ်။ တရားမျှတမှုကို အခြေခံမယ်ဆိုရင်တော့ လူထုထောက်ခံမှုနဲ့ အောင်မြင်မှုရမယ် …

ကျနော့်အနေနဲ့ပြောရရင်တော့ အခုကျနော်တို့တိုင်းပြည်က ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ် ပြောတယ်။ အဓိကကတော့ ဖက်ဒရယ် ဒီမိုကရေစီဆိုတာ လစ်ဘရယ်ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည့်စုံအောင် အကောင်အထည်ဖော်ဖို့သွားတယ်။ လစ်ဘရယ် ဒီမိုကရေစီရဲ့ အနှစ်သာရမှာက Freedom of Expression လည်း တစ်ခုအပါအဝင်ဖြစ်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြုခွင့်၊ စုဝေးခွင့် စသဖြင့် အဲဒါမျိုးတွေပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပေါ့။ လူသားတစ်ဦးရဲ့ အခြေခံ အခွင့်အရေးကို အလေးထားတယ်။ ဒါပေမယ့် ဒီဟာကိုသွားချင်ရင် အခု AA ကလည်းသူတို့ Confederate လုပ်ချင်တယ် ဘာညာ ပြောတယ်။ ဖက်ဒရယ်ပဲဖြစ်ဖြစ်၊ Confederate ဖြစ်ဖြစ် သူ့ရဲ့ပြည်နယ် သူ့ State ထဲမှာ နိုင်ငံရေးစနစ်တစ်ခု အကောင်အထည် ဖော်မယ်ဆိုရင် အဓိကက လူထုအခြေခံအရေးကြီးတယ်။ လူထုကို ဘယ်လောက်ထိ ဒီမိုကရေစီနည်းလမ်းအရ လစ်ဘရယ် ဒီမိုကရေစီအနှစ်သာရ ဘယ်လောက်ပေးနိုင် သလဲဆိုတာက ရေရှည်မှာ အောင်မြင်မှုကို ဖော်ပြမှာဖြစ်တယ်။ ဒီလိုပဲ ဒီဘက်က မြန်မာစစ်တပ်ဘက်လည်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စစ်ဆင်ရေးနယ်မြေမှာ သူတို့ကတော့ ဘာမှမရှိဘူး။ ဘာမှမရှိဘူး ဆိုတဲ့ဟာက မသင်္ကာရင် ဖမ်းမယ် စစ်မယ် သတ်မယ် ဖြတ်မယ်ဆိုတော့၊ အခုပြသနာက လစ်ဘရယ်ဒီမိုကရေစီရဲ့ အနှစ်သာရကို ဒီဘက်က တပ်မတော်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ (၂၁) ပင်လုံ အခု တတိယအကြိမ်ထိ။ ပထမ (၃၇) ချက်၊ နောက် (၁၄) ချက်၊ စုစုပေါင်း (၅၁) ချက်ထွက်ပြီးဖြစ်တယ်။ အဲဒီမှာ နိုင်ငံရေး ကတိကဝတ်အနေနဲ့ ပြည်ထောင်စုသဘောတူညီချက် နံပါတ်တစ်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုသွားပါမယ် တည်ဆောက်ပါမယ် ကတိပြုထားတယ်။ ဒီကတိပြုချက်ဟာ သွယ်ဝိုက်သောအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ အနှစ်သာရကို အကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိပြုချက်ဖြစ်တယ်။ ဆိုတော့ နှစ်ဦးနှစ်ဘက်က ဒီဟာကိုသွားမယ်ဆိုရင် ပါးစပ်ကပြောနေလို့တော့မရဘူး။ လက်တွေ့တော့ အကောင် အထည်ဖော်ရမယ်။ အခုကတော့ တစ်ဖွဲ့နဲ့တစ် ဖွဲ့က အငြိုးနဲ့လုပ်နေသလိုဖြစ်နေတယ်။ ဟိုဘက် တပ်မတော်ကလည်း ရွာထဲကနေ ပစ်တယ် ခတ်တယ်၊ ရွာထဲမှာတင်ပျောက်တယ်ဆိုတော့ ဘာပဲပြောပြော ရွာသားတွေ ပါဝင် ပတ်သက်မှုရှိတယ်ဆိုပြီး အငြိုးနဲ့ ရွာထဲဝင်တာနဲ့ ပစ်ဟယ် ခတ်ဟယ် လုပ်တယ်။ ဒါကြောင့်မို့ ဟိုတစ်ပတ်ကလည်း ရခိုင်အမျိုးသမီးတစ်ဦး အိမ်မှာနေရင်း သေနတ်ကျည်ဆံမှန်ပြီး သေပြီးပြီ။ ဒီလိုပဲ တခြားဖမ်းဆီးစစ်ဆေးပြီး လက်လွန်သွားတာတွေ အများကြီးပဲ။ ဒီဘက်က AA ကလည်း လူမျိုးရေး လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီတွေ၊ လစ်ဘရယ်ဒီမိုကရေစီတွေ ခဏအသာထားဦး၊ မုန်းတီးမှုတွေနဲ့ တစ်ဦးနဲ့တစ်ဦး အငြိုးနဲ့လုပ်လာတာတွေ ဖြစ်လာတယ်။ အခုရက်ပိုင်းမှာပဲ လဝက ဝန်ထမ်းတွေကို ဖမ်းတာတို့။ နောက်တစ်ခါ ဒီနေ့သတင်းတစ်ခု တက်တယ်။ ဒါပေမယ့် Confirm တော့မဖြစ်သေးဘူး။ Mytel ရဲ့ ကွင်းဆင်းတဲ့ ညွှန်မှူးတစ်ဦးကို ဖမ်းတယ်ဆိုတဲ့ သတင်းတစ်ခု ကို ရတယ်။ ဒါပေမယ့် Confirm တော့မဖြစ်သေးဘူး။ မနက်ဖြန် ကျမှ ဘယ်လိုလာမလဲ မသိသေးဘူး။ အဲဒီလိုမျိုးတွေဖြစ်လာတယ်။ ဖြစ်လာတယ်ဆိုတာက တပ်နဲ့ဆက်နွယ် သို့မဟုတ် အစိုးရနဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာ ရခိုင်ပြည်နယ်အကျိုးစီးပွား၊ ရခိုင်ပြည်နယ် လွတ်လပ်ရေးအတွက် အနှောင့်အယှက်ဖြစ်မယ်ဆိုရင် လုပ်မယ်ဆိုတဲ့ဟာတွေ ဖြစ်လာတာပေါ့။ ဒါတွေကလည်း တော်လှန်ရေး တစ်ခု၊ စစ်ဆင်ရေးတစ်ခုအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေပဲ။ ဒါပေမယ့် တရားလွန် မဖြစ်ဖို့တော့လိုတယ်။ နှစ်ဘက်စလုံး က တရားလွန်မဖြစ်ဖို့လိုတယ်။ တရားမျှတမှုကို အခြေခံမယ်ဆိုရင်တော့ လူထုထောက်ခံမှုနဲ့ အောင်မြင်မှုရမယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင် တယ်။

KMS / ဦးခင်မောင်ဆွေ (ဥက္ကဌ၊ NDF ပါတီ)

ဦးခင်မောင်ဆွေ
(ဥက္ကဌ၊ NDF ပါတီ)

ခုလိုဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိဘဲ သေဆုံးရတဲ့ဆိုတဲ့အဖြစ်က ဝမ်းနည်း စရာကောင်းပါတယ်။ နောက်ပြီးတော့ ဘာမှပုဒ်ထီးပုဒ်မမှ ပြရလောက်အောင်အပြစ်မရှိဘဲ …

အေးပေါ့ဗျာ . . . . ဒါကတော့ ဘယ်ပါတီကပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အပြစ်မဲ့ပြည်သူတစ်ယောက်၊ လက်နက်မဲ့ပြည်သူ တစ်ယောက်၊ ပါတီဝင် တစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီဆိုရင်တော့ သူတို့ လုံခြုံစိတ်ချစွာနဲ့ ထိန်းသိမ်းပြီးတော့ မေးချင်လို့ မြန်းချင်လို့ ခေါ်ဆောင်တယ် ဆိုရင်လည်း ခေါ်ဆောင်နိုင်ပါတယ်။ ခေါ်ပေါ့ဗျာ။ ဒါပေမယ့် ဒီလိုလက်နက်မဲ့ပြည်သူတစ်ယောက်ကို အကြမ်းဖက်လို့စွပ်စွဲခံနေရတဲ့ AA တပ်ဖွဲ့ကဖမ်းဆီးပြီး ဒီလိုတရားလက်လွတ် သေဆုံးသွားပြီ၊ သေတာကလည်း တိုက်ပွဲထဲမှာသေတယ် ဆိုတဲ့အခါ ဒါဟာဖြစ်နိုင်ချေ သိပ်နည်းတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့နေရာမှာထားမလား၊ တစ်နေရာမှာသီးသန့် ချုပ်ထားမလားဆိုတာလည်း စဉ်းစားရမယ့်အပိုင်းပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ခုလိုဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိဘဲ သေဆုံးရတဲ့ဆိုတဲ့အဖြစ်က ဝမ်းနည်း စရာကောင်းပါတယ်။ နောက်ပြီးတော့ ဘာမှပုဒ်ထီးပုဒ်မမှ ပြရလောက်အောင်အပြစ်မရှိဘဲ NLD ပါတီက တာဝန်ရှိသူတစ်ဦးကို ခုလို ဖမ်းဆီးတာက လူ့အခွင့်အရေးချိုးဖောက်ရာရောက်ပါတယ်။ နိုင်ငံရေးအရဆို ပိုဆိုးတာပေါ့ဗျာ။ NLD ပါတီ ဆိုတာ လက်ရှိ အာဏာရပါတီလေဗျာ။ NLD ပါတီဟာ ရခိုင်ပြည်နယ်မှာ တခြားကိစ္စဝိစ္စတွေ ဆောင်ရွက်နေတဲ့ အပိုင်းလည်းရှိတော့ ဒါကို မကျေနပ်လို့ ဖမ်းတယ်ဆိုရင်တောင် ဒါကိုသူတို့ ပြန်လည်သင့်မြတ်ရေးဆီကို မသွားဘဲနဲ့၊ လက်ရှိအစိုးဖော်ဆောင်နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အပိုင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးတွေ ရှိနေရက်သားနဲ့ ဒီလိုဖြစ်ရတာက အင်မတန်မှ မလိုလား အပ်တဲ့ ကိစ္စကြီးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ အမျိုးသားရင်ကြားစေ့ရေးကို ရောက်အောင်သွားမယ်ဆိုရင် ရှေ့အဖို့မှာ ဆက်ပြီးတော့ ခုလိုတရားမဲ့ဖမ်းဆီးမှုတွေ၊ ချုပ်နှောင်မှုတွေ၊ သေဆုံးတဲ့အထိဖြစ်ရအောင် ပစ်စလက်ခတ်ထားမှုတွေဟာ မလိုလားအပ်ပါဘူးလို့ ပြောချင်ပါတယ်။

WN / ဦးဝင်းနိုင်( ဥက္ကဌ၊ သံတွဲခရိုင် NLD)

ဦးဝင်းနိုင်
( ဥက္ကဌ၊ သံတွဲခရိုင် NLD)

သာမန် ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူ တစ်ယောက်ကို ဖမ်းဆီးပြီးတော့ ရှင်းပစ်လိုက်တယ်ဆိုတာက ဟိုး ခေတ်နောက်ပြန်ဆွဲနေတယ် …

ဦးရဲသိန်းက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို စိတ်သဘောထားလည်း အင်မတန်မှကောင်းတဲ့သူတစ်ဦးဗျ။ လက်ရှိမှာတော့ ဒီမိုကရက်တစ်လမ်းစဉ်နဲ့ သွားနေတာကိုးဗျ။ ဦးရဲသိန်းက ဒီထောက်ခံဆန္ဒပြဖို့လုပ်တယ်ဆိုတာ ဒီမိုကတစ်လမ်းစဉ်နဲ့ သွားနေတဲ့ နေရာမှာ ရင်ထဲကအားမရတဲ့အတွက်ကြောင့် ဒီထက်တိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဦးရဲသိန်းဟာ NLD ပါတီမြို့နယ်ဥက္ကဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အရပ်သားပြည်သူတစ်ဦးပဲလေ။ NLD ပါတီဝင် တစ်ယောက်အနေနဲ့ သူလုပ်သင့်တာ လုပ်ထိုက်တာ လုပ်မှာပဲ။ ဆိုတော့ အမြင်မတူတိုင်းသာ ဒီလိုလုပ်ကြမယ်ဆိုရင်တော့ ရခိုင်ပြည်မှာ နောက်ထပ် လူဦးရေလျော့လာစရာတွေ အများကြီးရှိတာပေါ့။ မလုပ်သင့်ဘူးပေါ့ဗျာ။ သူတို့ပြောတာကတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ဗုံးသီးကျပြီးတော့ သေတယ်လို့ ပြောတာပေါ့။ ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ ဘာဖြစ်ဖြစ် ရခိုင့်တပ်မတော် AA မှာတာဝန်အရှိဆုံးပါပဲ။ လက်နက်မဲ့ပြည်သူတစ်ယောက်ဗျာ။ မုန်းလို့ဖမ်းဆီးတာပဲ ဖြစ်ဖြစ်ပေါ့။ စစ်ပွဲမှာ ဖမ်းဆီးမိတဲ့ သုံ့ပန်းတွေကိုတောင် ဘယ်လိုထားရမယ်၊ ဘယ် လိုပြုမူဆက်ဆံရမယ်ဆိုတာ ဥပဒေတွေ ရှိတာပဲ။ အခုဟာက သုံ့ပန်းတောင်မဟုတ်ပါဘူးဗျာ။ တိုက်ပွဲမှာမိတာမဟုတ် ဘူး။ သာမန် ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူ တစ်ယောက်ကို ဖမ်းဆီးပြီးတော့ ရှင်းပစ်လိုက်တယ်ဆိုတာက ဟိုး ခေတ်နောက်ပြန်ဆွဲနေတယ်လို့ပဲ ကျနော်မှတ်ချက်ပေးချင်ပါတယ်။ ဟိုးအရင် ကွန်မြူနစ်ခေတ်တုန်းက ကြားဖူးပါလိမ့်မယ်။ အိမ်တံခါးခေါက်ပြီးတော့ တံခါးဖွင့်ပေးလိုက်ရင် သူတို့ လိုချင်တဲ့လူကို ဖမ်းခေါ် သွားတာတောင် မဟုတ်ဘူး၊ အိမ်တံခါးဝမှာတင် ပစ်သတ်ခဲ့တာ။ အခုလည်း အဲဒီလိုများဖြစ်နေကြပြီလားလို့။ ဒါဟာ တော်လှန်ရေး တစ်ခုအတွက် ရေရှည်မှာ မကောင်းတဲ့ကိစ္စပေါ့ဗျာ။ ဦးရဲသိန်းက ရခိုင်အမျိုးသားပဲ။ အဲဒီမှာ ပိုဆိုးသွားတာပေါ့။ သူ့ဘက် ကိုယ့်ဘက် ပေါ့။ အဲဒီတော့မလုပ်သင့်ဘူး။ ဦးရဲသိန်းမှာလည်း သူ့ဆွေမျိုးညာတိတွေရှိတယ်။ အဲဒီတော့ မလုပ်သင့်ဘူးပေါ့ ဗျာ။ တော် လှန်ရေးတစ်ခုအတွက်ဆို ဒီလိုတွေလုပ်လာတာဟာ ကျဆုံးတာပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီကိုပဲ ကြည့်လိုက်ပေါ့။ ဗမာပြည် ကွန်မြူနစ်ပါတီကရှေ့မှာ သဓကပြသွားပြီးပြီ။ စစ်ပွဲဆိုတာ မဖြစ်တာအကောင်းဆုံးပဲ။ ဖြစ်လိုက်ရင် နှစ်ဘက် လုံးက ဒီနိုင်ငံသား ကျနော်တို့ရဲ့ သွေးရင်းသားရင်းတွေပဲ ထိခိုက် တာဆိုတော့ အရမ်းစိတ်မကောင်းဖြစ်စရာ ကောင်းပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

TZSL / မသဉ္ဇာရွှန်းလဲ့ရည်

မသဉ္ဇာရွှန်းလဲ့ရည်
(ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ)

ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံလို့ ဖမ်းတာဆိုရင် သူ့ရဲ့အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်သလို …

ဦးရဲသိန်းအတွက် ကျမစိတ်မကောင်းဖြစ်ရပါတယ်။ အခုလိုသေဆုံးမှုတွေက အခုမှမဟုတ်သလို၊ ရခိုင်ပြည်မှာမှလည်း မဟုတ်ပါ ဘူး။ လက်ရှိ စစ်ပွဲဖြစ်နေတဲ့ နေရာတိုင်းမှာ တွေ့နေ ရတယ်၊ ကြားသိနေရတယ်။ ဒါတွေအတွက်လည်း ကျမတို့ စိတ်မကောင်း ဖြစ်ရပါတယ်။ NLD လွှတ်တော်အမတ်ကို ဖမ်းတဲ့ကိစ္စရယ်၊ အခုလက်ရှိ NLD ပါတီ မြို့နယ်ဥက္ကဌကို ဖမ်းဆီးပြီး အခု သေဆုံး သွားတယ်ဆိုတဲ့ သတင်းတွေတက် လာတော့ ပြည်မနိုင်ငံရေးအုပ်စုတွေထဲမှာ လှုပ်လှုပ်ခတ်ခတ် သတင်းတွေ ဖြစ်လာတယ်ပေါ့။ ကျမတို့ ဒီအပေါ်မှာ ပြည်သူတွေကိုဖမ်းတဲ့ကိစ္စ၊ နောက် ဝန်ထမ်းတွေကိုဖမ်းတဲ့ကိစ္စ ဒါတွေကို စစ်ပွဲဖြစ် နေတဲ့နေရာတွေမှာ အမြဲတမ်း မြင်တွေ့နေရတယ်။ ဖမ်းတဲ့အခါမှာ လက်နက်ကိုင်ဘက်ကဖမ်းသလို စစ်တပ်ဘက်က ဖမ်းတာတွေလည်း ရှိတယ်။ ဒီကိစ္စတွေမှာ မသင်္ကာလို့စစ်ဆေးတယ်ဆိုရင် စစ်ဆေးပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် စစ်ဆေးတဲ့အခါမှာ အကြမ်းဖက်နည်းနဲ့ ရိုက် နှက်တာတွေ လုပ်တယ်ဆိုရင် လူတွေရဲ့အခြေခံရပိုင်ခွင့်ကို ဆုံးရှုံးနစ်နာ သွားစေနိုင်တဲ့ အခြေအနေဖြစ်တာပေါ့။ ရိုက်နှက်ပြီးတော့ ထွက်လာတဲ့အဖြေဟာလည်း အဖြေမှန်မဖြစ်နိုင်ပါဘူး။ ဆိုတော့ ရိုက်နှက်တာ၊ လူမဆန်တဲ့ညှင်းပမ်းနှိပ်စက် စစ်ဆေးတာတွေကို နိုင်ငံတကာဥပဒေမှာလည်း လုံး၀ ကာကွယ်ထားတယ်၊ ဒီလိုမျိုးတွေမလုပ်ဖို့ တားမြစ်ပြဌာန်းပေးထားတယ်။ စစ်ဆေးလို့ရတယ်၊ ဒါပေမယ့် နောက်ဆက် တွဲ ဘယ်လိုပြုမူဆက်ဆံသလဲ ဆိုတာအပေါ် အခြေခံပြီး ပြည်သူကမကျေနပ်တာတွေ ဖြစ်လာနိုင်သလို၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့အချက်လည်း ပေါ်လွင်ပါတယ်။ အခုလက်ရှိဖြစ်ရပ်အပေါ်မှာ ပြည်မကလည်း AA ကို မတရားဘူးဆိုတာ ပြောလာကြတာရှိတယ်။ ကျမအမြင်အရဆိုရင်လည်း AA ကပဲ ဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ်၊ မည် သည့်လက်နက်ကိုင်မဆို ကိုယ်ဖမ်းထားတဲ့သုံ့ပန်း ဒါမှမဟုတ် အရပ်သားပေါ့၊ လက်နက်မဲ့ပြည်သူ မည်သူ့ကိုမဆို ဖမ်းတဲ့အခါမှာ ဖမ်းတဲ့ရည်ရွယ်ချက်သည် လူ့အခွင့်အရေးနဲ့ ညီရဲ့လားဆိုတာ သုံးသပ်ဖို့လိုပါတယ်။ အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံလို့ ဖမ်းတာဆိုရင် သူ့ရဲ့အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်သလို တစ်ချိန် တည်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားရင်း သေဆုံးသွားရတဲ့ကိစ္စဟာ မိသားစုတွေအတွက်လည်း စိတ်မကောင်းစရာ ဖြစ်စေ ပါတယ်။ အဲဒီတော့ ဒီလိုမျိုးလုပ်ရပ်တွေကို ကျမတို့ကတော့ လုံးဝလက်မခံပါဘူး။ နောက် တစ်ခုက ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်တဲ့ စစ်တပ် အပါအဝင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်မခံပါဘူး။ ဆိုတော့ စစ်ပွဲနဲ့ ပတ်သက်ရင် သုံ့ပန်းလဲလှယ်မယ်လို့ ပြောထားတဲ့ AA ရဲ့ကမ်းလှမ်းချက်ကို မြန်မာစစ်တပ်ရော အစိုးရကပါ ကြားဝင်ဖြေရှင်းပေးပါ။ ဒါကို အမြန်ဆုံးညှိနှိုင်းပြီးတော့ AA ဘက်ကဖမ်းထားတဲ့သူတွေရော၊ စစ်တပ်ဘက်က ဖမ်းထားတဲ့သူတွေကိုရော လွှတ်ပေးဖို့လိုအပ်တယ် လို့ ပြောချင်ပါတယ်။

MAPS /(ဦး) မန်းအောင်ပြည်စိုး

(ဦး) မန်းအောင်ပြည်စိုး
(ဥက္ကဌ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ)

တိုက်ပွဲကြောင့် ဗုံးဆန်မှန်ပြီးသေတာပဲဖြစ်ဖြစ်၊ AA ကသုတ်သင်လိုက်တာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ကျနော်မြင်ပါတယ်။ အကောင်းဆုံးက …

အဲဒီသတင်းကိုတွေ့လိုက်ပါတယ်။ အရပ်သားပြည်သူတစ်ယောက် သေဆုံးသွားရတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဟိုဘက် ဒီဘက် သူ့ကြောင့် ကိုယ့်ကြောင့် စတဲ့ ထုတ်ပြန်ချက်တွေတော့ ရှိတာပေါ့။ ကျနော်တို့ကတော့ ဖြစ်ရပ်အမှန်ကို မသိနိုင်ဘူးပေါ့ဗျာ။ ဖြစ်ရပ်အမှန်ကို ကာယကံရှင်တွေပဲ သိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူသားရှုထောင့်၊ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ဘယ်လိုမှ မဖြစ်ကောင်း တဲ့အရာပါ။ တိုက်ပွဲကြောင့် ဗုံးဆန်မှန်ပြီးသေတာပဲဖြစ်ဖြစ်၊ AA ကသုတ်သင်လိုက်တာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ကျနော်မြင်ပါတယ်။ အကောင်းဆုံးကတော့ ကျနော်တို့နိုင်ငံမှာ ဘာကြောင်းနဲ့မှ မတိုက်ခိုက် ကြရင် အကောင်းဆုံးပေါ့ဗျာ။ အပြန်အလှန် သူ့ဘက်ကိုယ့်ဘက် တိုက်ကြခိုက်ကြတဲ့ နည်းတွေနဲ့ပဲ ဆက်သွားနေမယ်ဆိုရင် ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ပြောချင်တာကတော့ တိုက်နေခိုက်နေကြရင် အမုန်းတရားတွေပိုပြီး တိုးပွားလာမှာဖြစ်သလို အပြစ်မဲ့ပြည်သူတွေလည်း ခုလိုပဲ မြေဇာပင် ဖြစ်နေရဦးမှာပဲ။ ဖြစ်သင့်တာက စေ့စပ်ညှိနှိုင်း ရေးစားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

LASW/ လွေပကေးဇား (တအင်းအမျိုးသမီးအဖွဲ့အစည်း TWO)

လွေပကေးဇား (Lway A Sandar Win)
(တအာင်းအမျိုးသမီးအဖွဲ့အစည်း)

တိုင်းရင်းသားလက် နက်ကိုင်ပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲဖြစ်ဖြစ် နှစ်ဘက် လက်နက်ကိုင်ပြီးဖြစ်နေတဲ့ ကိစ္စကြားမှာ ဘာမှမဆိုင်တဲ့ပြည်သူလူထုတွေ သေဆုံးနေရတဲ့၊ ခံနေရတဲ့ကိစ္စကတော့ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ် …

ကျမတို့အမြင်အရက ဒီလိုကိစ္စတွေက လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပါ။ ခုလိုမျိုး ဖမ်းဆီးသွားပြီး သေဆုံးရတယ် ဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် လည်း ဒါဟာမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ တိုင်းရင်းသားလက် နက်ကိုင် ပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲဖြစ်ဖြစ် နှစ်ဘက် လက်နက်ကိုင်ပြီးဖြစ်နေတဲ့ ကိစ္စကြားမှာ ဘာမှမဆိုင်တဲ့ပြည်သူလူထုတွေ သေဆုံးနေရတဲ့၊ ခံနေရတဲ့ကိစ္စကတော့ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ဘယ်လို့မှ လက်ခံလို့မရတဲ့ မဖြစ်သင့်တဲ့ ကိစ္စတွေလို့ မြင်ပါတယ်။ သေဆုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက်လည်း ကျမတို့စိတ်မကောင်းဖြစ်ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,