AA ဟာလည်း ပေါက်ဖွားဖို့နေရာ မရှိပါဘူး။ ရေခံမြေခံမရှိပါဘူး …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PNLO/TNLA / ဗိုလ်မှူးကြီးခွန်ဥက္ကာ(ဝဲ) ဗိုလ်မှူးမိုင်းအိုက်ကျော်(ယာ)

KIO ဆိုတဲ့တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် မပေါက် ဖွားဘူးဆိုရင် လက်ရှိ AA ဟာလည်း ပေါက်ဖွားဖို့နေရာ မရှိပါဘူး။ ရေခံမြေခံမရှိပါဘူး …

ရခိုင်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အင် တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည့် “ တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တကယ် သူတို့ နှစ်ပေါင်း (၇၀) မတိုက်ပါဘူး။ သူတို့ အလုပ်မကြိုးစားဘူး။ ကျနော် သေချာ ပြောရဲတယ်။ ခဏနေ အပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာ များတယ်။ အောက်ခြေရဲဘောတွေပဲ လစာမရဘူး။ ဒုက္ခတွေခံပြီး သူတို့ဘဝအချိန်တွေကို လောင်ကျွမ်းပေးဆပ်နေရရင်း အဘိုးကြီးတွေ ဖြစ်သွားကြတာ များတယ်” ဆိုသည့် စကားအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများမှ ပြောရေးဆိုခွင့်ရှိသူတချို့၏ သဘောထားအမြင်များကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO)
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)

AA ခေါင်းဆောင်ပြောတာကတော့ သူ့အယူအဆ၊ သူ့ အမြင် ပေါ့ဗျာ။ အဲဒါကို မှားတယ်၊ သို့တည်းမဟုတ် မှန်တယ်ဆိုပြီး အဆုံးအဖြတ်မပေးချင်ပါဘူး။ သူ့ရဲ့အရွယ်၊ သူ့ရဲ့ အတွေ့အကြုံ၊ သူကြီးပြင်းလာတဲ့ခေတ်ပေါ့။ ခေတ်ရဲ့ရေစီးကြောင်းအရ သူအဲဒီလိုပြောတယ်ဆိုတာက သူ့အကြောင်းနဲ့ သူ ဖြစ်ပါလိမ့်မယ်ဗျာ။ ကျနော်တို့တော့ အဲဒီအပေါ်မှာ မှတ်ချက်မပေးလိုဘူး။ သို့သော် ကျနော်တို့တော်လှန်ရေးမှာက (၄၇) နှစ်တာကြာတဲ့အပေါ်မှာ အလုပ်မကြိုးစားဘူးဆိုရင် အဲဒီ AA အဖွဲ့ပေါက်ဖွားလာတဲ့ KIO ဆိုတာလည်း တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်ပါပဲ။ KIO ဆိုတဲ့တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် မပေါက်ဖွားဘူးဆိုရင် လက်ရှိ AA ဟာလည်း ပေါက်ဖွားဖို့နေရာ မရှိပါဘူး။ ရေခံမြေခံမရှိပါဘူး။ အဲဒီတော့ ရှိပြီးသား၊ ရှိရင်းစွဲ နှစ်ရှည်လများ ဇွဲကောင်းကောင်းနဲ့ သွားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက သူ့ Roll နဲ့သူတော့ရှိကြပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ သတိထားပြီးတော့ပဲ ပြောဆိုသင့်တာပေါ့ဗျာ။ ဟုတ်တယ်မလား။ နောက် တစ်ချက်ကလည်း တော်လှန်ရေးဆိုတာ နိမ့်တုံမြင့်တုံ၊ ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့ဗျာ၊ အမျိုးမျိုး ဒီလိုအနိမ့်အမြင့် အတက်အကျတွေရှိပါတယ်။ ဒါက နိုင်ငံတကာအခြေအနေလည်း ဒီလိုပါပဲ။ တချိန်တုန်းက ကျနော်တို့မီလိုက်တယ်။ ဘိန်းဘုရင်ခွန်ဆာဆိုတဲ့ ခေါင်းဆောင်ကြီးက အင်မတန်မှ အင်အားကောင်းခဲ့တယ်။ အင်အား နှစ်သောင်းကျော်နဲ့ လေယာဉ်ပစ်လက်နက်များအပါအဝင် နယ်မြေအကျယ်ကြီးကိုထိန်းထားနိုင်ခဲ့တယ်။ ကျနော်တို့နဲ့လည်း ဆွေး နွေးဖူးပါတယ်။ သူလည်းပဲ အဲဒီလို ရှမ်းပြည်ကိုလွတ်လပ်အောင်လုပ်မယ်၊ လွတ်လပ်တဲ့အစိုးရဖွဲ့မယ်၊ နောက်သူတို့က ရှမ်းပြည်လွတ်လပ်ရေးကိုပေးရင် အမေရိကန်ဆီမှာတောင် အဖမ်းခံမယ် စသဖြင့်ပေါ့လေ၊ အဲဒီလိုမျိုး ကြွေးကြော်ခဲ့ပါတယ်။ ၁၉၇၁၊ ၁၉၇၂ လောက်နေစပြီးတော့ သူကြီးထွားလာလိုက်တာ နောက်ဆုံး ၁၉၉၆၊ ဖန်နဝါရီလ (၁) ရက်နေ့မှာ နိဂုံးချုပ်သွားပါတယ်။ အဲဒီတော့ ဒါက ကြီးထွားလာတဲ့အစဉ် အလာရှိသလို ပျောက်ကွယ်သွားတဲ့ အစဉ်အလာလည်းရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မြင်တာကတော့ တော်လှန်ရေးဆိုတာက ပြီးဆုံးခြင်းလဲ မရှိပါဘူး။ အရှည်ကြီးပါ။ အင်မတန်ရှည်လျားသော ဖြစ်စဉ်ကြီးမှာ Step by Step အဆင့်တစ်ခုကိုယူမယ်၊ နောက်ထပ်အဆင့်တစ်ခုကိုယူမယ် အဲဒီလိုရွေ့လျားနေတဲ့ လူမှုရေးဖြစ်စဉ်ကြီးပါ။ သမိုင်းကြောင်းကြီးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီသမိုင်းကြောင်း လူမှုရေးဖြစ်စဉ်ကြီးမှာ ကျနော်တို့က အတက်အကျ၊ အချိုးအကွေ့၊ အနိမ့်အမြင့်တွေ အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ တော်လှန်ရေးလောကဓံဆိုတာ ရှိမြဲဓမ္မတာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့က တော်လှန်ရေးလောကဓံကိုတော့ အတွေ့အကြုံရှိပြီးသားဖြစ် ပါတယ်လို့ ဒီလောက်ပဲ မှတ်ချက်ပေးချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဗိုလ်မှူးမိုင်းအိုက်ကျော် (TNLA)
(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)

တော်လှန်ရေးလုပ်တာမှာ နှစ်ပေါင်းအတော်လေးကြာတဲ့အကြောင်းက ညှိနှိုင်းလို့မရတဲ့အပိုင်းတွေလည်းရှိတယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ယုံကြည်ချက်ချင်းတူပေမယ့် အဖွဲ့အစည်းချင်းက မတူကြဘူးလေ။ အဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသ နောက်ခံအကြောင်းအရင်းတွေ မတူညီကြတာတွေလည်းရှိတယ်။ အဲဒီကိစ္စတွေအပေါ်မှာ ဘယ်လိုမြင်လို့ သူဒီလိုပြောသလဲတော့မသိဘူးပေါ့။ ကျနော်မြင်တာကတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အများစုကတော့ ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်းကတော့ တူကြပါတယ်။ ဒါပေမယ့် တော်လှန်ရေးလုပ်ကြတဲ့နေရာမှာ နောက်ခံအကြောင်းအကျိုးတွေ ရှိကြပါတယ်။ နောက်ခံအခြေအနေတွေ မတူကြတာရှိတာပေါ့။ ကျနော်တို့ဆီမှာတော့ သူပြောသလို လူကြီးတွေကဝိုင်သောက်နေပြီး အောက်ခြေရဲဘော်တွေက ဒုက္ခခံနေရတယ်ဆိုတာမျိုးမရှိပါဘူး။ ဒီဒေသမှာဆိုရင်လည်း လူမှုရေး၊ ကျန်းမာရေးကအစ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေအထိ ကျနော်တို့ အဖွဲ့အစည်းက ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ပေးကြပါတယ်။ သူဒီလိုပြောပေမယ့် အဖွဲ့အစည်းအသီးသီးက သူ့ဟာနဲ့သူ ရပ်တည်မှုတွေ ကိုယ်စီရှိကြပါတယ်။ နောက်တစ်ခုက အဖွဲ့အစည်းတွေမှာ ဦးတည်ချက်ချင်းတူပေမယ့် အခြေခံအချက်တွေကတော့ ကွဲပြားမှုရှိကြပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,