COVID က ရေရှည်ကိုပဲ စဉ်းစားရတော့မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / Federal Democratic Force ဦးဆောင်သူ ဦးမြအေး

ကိုဗစ်ဒုတိယလှိုင်း အရေးပေါ်ကာလ လတ်တလောအခြေအနေများနှင့် ရွေးကောက်ပွဲအခြေအနေ တချို့ကို ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုအဖွဲ့မှ ဦးမြအေးအား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခု ကိုဗစ်ကာလအရေးပေါ်အခြေအနေမှာ အရပ်ဘက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကူညီလုပ်ကိုင်ဆောင် ရွက်နေတဲ့ အခြေအနေတွေကို စပြောပြပေးပါ။

UMA – ဒီလိုဗျ။ ကျနော်က အရပ်ဘက်အဖွဲ့အစည်းအနေနဲ့၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်သွားတာမျိုးမဟုတ်ဘူးဗျ။ သိတဲ့အတိုင်းပဲဗျာ။ ကျနော်တို့နိုင်ငံမှာက လိုအပ်ချက်တွေကအများကြီးပဲလေ။ တိုင်းပြည်ရဲ့နွမ်းပါးမှုလည်းပါတာပေါ့။ ဆိုတော့ ကျနော်တို့က လိုတဲ့အပိုင်းတွေမှာဘာဝင်ဖြည့်ရမလဲပေါ့။ ဒီကိစ္စကျတော့ နိုင်ငံရေးအယူအဆတွေနဲ့မဆိုင်တော့ ဘူးဗျ။ ဒါက လူအားလုံးရဲ့အရေးဖြစ်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံသားအားလုံး အသွေးအရောင်မခွဲခြားဘဲ လုပ်ရမယ့်အလုပ်ကိစ္စတစ်ခု ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ကျနော်က အလှူရှင်တွေကို Educate လုပ်တယ်။ ဆိုပါစို့ဗျာ ကုတင်၊ မွေ့ရာ၊ ခေါင်းအုံး၊ စောင် ကစလို့ ရေနွေးအိုးလိုဟာမျိုး အထိပေါ့။ ဥပမာ ကုတင်အလုံး (၁၀၀) လှူမယ့်လူရှိရင် အဲဒီအတွက် ကုတင်စက်ရုံနဲ့ တစ်ခါ တည်းမှာတယ်၊ တစ်ခါတည်းရှင်းတယ်။ ပြီးတော့ အဲဒီအလှူရှင်တွေရှင်းသွားအောင် သူ့ဆီကိုတိုက်ရိုက်ပဲချိတ်ပြီးအလုပ်လုပ် လိုက်တာပေါ့။ ကုတင်အလုံး (၁၀၀) ဆို စောင်၊ ခြင်ထောင်၊ ခေါင်းအုံး (၁၀၀) စသဖြင့်ပေါ့။ ကျနော့်ဆီမှာ (၁,၀၀၀) လောက်လှူတဲ့လူလည်းရှိတယ်။ (၅၀၀) လောက်လှူတဲ့သူလည်းရှိတယ်။ ပေါင်းပြီးတော့ (၁,၀၀၀) လှူတဲ့လူလည်းရှိတယ်။ အဲဒီလိုမျိုးစုံရှိကြတာပေါ့။

ကမ္ဘောဇဘဏ် ကဆိုရင် စောင်၊ခြင်ထောင်၊ ခေါင်းအုံး၊ မွေ့ရာ (၁,၀၀၀) ပေါ့၊ အဲဒီလိုလှူတာတွေရှိ တယ်။ ကျနော်ကတော့ အဲဒီလိုမျိုးလုပ်တာ။ တနည်းအားဖြင့်ပြောရင် ငွေကောက်ခံမှုဆိုတာထက် သူတို့လိုချင်တဲ့ပုံစံနဲ့ ပစ္စည်းပုံစံရဲ့အနေအထားကို ကျနော် တို့ကပြောပြတယ်။ တိုက်ရိုက်ဝယ်လှူမယ်ဆိုလည်းလှူ၊ အဲဒီလိုရှင်းရှင်းလင်းလင်းလုပ်တယ်။ ဆိုတော့ အဖွဲ့အစည်းပုံစံမျိုးမဟုတ်ဘူး။ ကျနော်တို့က ကြားခံဆက်သွယ်ပေးတဲ့အနေအထားပဲရှိတယ်။ ကျနော်တို့လှူတာလည်းမဟုတ်ဘူး။ အလှူရှင်တွေ လှူဒါန်းလို့ရအောင် ကျနော်တို့က အကျိုးဆောင်ပေးတဲ့သဘောပဲ။ ကျနော်တို့လှူနေတာမဟုတ်ဘူး။

ကျနော်တို့နိုင်ငံမှာက လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးပြဿနာဆိုတာကို ထည့်စဉ်းစားရတာရှိတယ်ဗျာ။ ရန်ကုန်ရဲ့စီးပွားရေးဟာ မြန်မာတစ်နိုင်ငံလုံးရဲ့စီးပွားရေးပဲ …

ကျနော်တို့ အဲဒီလောက်အများကြီးကို မတတ်နိုင်ဘူးလေ။ လိုအပ်ချက်တွေပြောရင်တော့ အများကြီးပေါ့။ ခင်ဗျားတို့လည်းကြားမှာပေါ့။ ရိုးမရိပ်သာဆိုရင် . . .။ စခါ စကတော့ ဒီလိုပါပဲ။ ခုတော့ပြည့်စုံသွားပါပြီ။ အစမှာတော့ လိုအပ်ချက်တွေကတော့ များတာပေါ့။ တကယ်လည်း ရန်ကုန်မှာ ဝုန်းဒိုင်းနဲ့ ပေါက်ထွက်သွားတဲ့အခြေ အနေကများတာကိုး။

မြို့နယ် Facility Quarantine Center တွေမှာလည်း လိုအပ်ချက်တွေတော့ အများကြီးရှိပါတယ်။ လိုသလောက်အားလုံးတော့ ဘယ်လိုလုပ်ဖြည့်နိုင်မှာလဲဗျာ။ ဒါပေမယ့် တစ်ခုချီးကျူးစရာကောင်းတာက ကျနော်တို့မြန်မာ နိုင်ငံက နိုင်ငံသားတွေ လူမျိုးဘာသာမရွေး လှူကြဒါန်းကြတဲ့အချက်ပေါ့။ ကျနော်ကကိုယ် တိုင်ကြုံနေ၊ မြင်နေ၊ သိနေရလို့ ပါ။ ဒါက နိုင်ငံအတွက်ကျေနပ်စရာလည်းကောင်းသလို၊ ကြည်နူးစရာ၊ ပီတိဖြစ်စရာလည်းကောင်းတယ်။

ငြမ်းမီဒီယာ – အခုလိုလုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ဘာတွေများရှိပါသလဲ။

UMA – ဒီလိုဗျ။ လှူတာဒါန်းတာနဲ့ပတ်သက်ရင်တော့ ကြုံတွေ့ရတဲ့အခက်အခဲဆိုတာ ကျနော်မြင်တာတော့ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့တွေ့ရသလောက် အခက်အခဲကြီးကြီးမားမားဆိုလို့ ဘာမှမရှိဘူးဗျ။ နည်းနည်းပါးပါး သေးသေးဖွဲဖွဲလေးတွေတော့ရှိတာပေါ့။ ဘာမှသိပ်ကြီးကြီးကျယ်ကျယ်မရှိဘူး။ ဆေးရုံတွေဘာတွေကိုလည်းသွားလှူ ဖူးတယ်။ အဲဒီလိုလှူတဲ့အခါမှာလည်း တိုင်းကျန်းမာရေးနဲ့ချိတ်ဆက်ပြီး သွားပေးကြတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆေးရုံတွေမှာဆိုရင်လည်း ဆရာဝန်ကြီးတွေ၊ ဆရာဝန်မကြီးတွေက တကယ့်ကိုပျူပျူငှာငှာနဲ့ ကြိုဆိုပြီးလက်ခံကြတာပါ။ လူထုအတွက် အလုပ် လုပ်နေတာလေ။ ဒါမျိုးတွေမှာ ကျနော်တို့အတွက် ဘာအခက်အခဲမှမရှိပါဘူး။ အလားတူပဲ တိုင်းအစိုးရနဲ့ချိတ် ဆက်ပြီး တိုင်းအစိုးရကိုင်ထားတဲ့ Quarantine Center တွေမှာ သွားလှူတဲ့အခါမှာလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ Volunteer ညီငယ်၊ ညီမငယ်တွေရဲ့ ပံ့ပိုးမှုက အလွန်ကောင်းတယ်။ လူငယ်တွေ တကယ်အလုပ်လုပ်နေကြတာပါ။ သူတို့ တွေနေ့ရော၊ ညရောမအားကြဘူး။ ပြောချင်တာက ကျနော်တို့ လှူတဲ့ဒါန်းတဲ့လူတွေက ဘာမှခက်ခက်ခဲကြီးလုပ် ရကိုင်ရတာမျိုးမရှိပါဘူး။ တိုင်းအစိုးရဘက်ကလည်း အလှူသွားလှူတဲ့အပေါ်မှာ ဘာမှပြဿနာတစ်စုံတစ်ရာမရှိဘူးဗျ။

ငြမ်းမီဒီယာ – အခုပိုးတွေ့လူနာအရေအတွက်ကများလာချိန်မှာ အစိုးရဆေးရုံဆေးခန်းတွေမှာ တာဝန်ပိလာတာမျိုးတွေရှိနေတယ်လို့ပြောလာကြတယ်။ တစ်ဖက်က ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ COVID – 19 စစ်ဆေးခွင့်၊ ကုသခွင့်မရှိသလို ပိုးတွေ့လူနာနဲ့ဆက်စပ်ရင် အပိတ်ခံရတာတွေတောင်ရှိနေတော့ ဒီ Policy တွေကိုဘယ်လိုသုံးသပ်မိပါသလဲ။

UMA – ဒီလိုဗျ။ ကျနော်တို့ကတော့ နိုင်ငံရေးသမားတွေဆိုတော့ ကျနော်တို့စဉ်းစားချက်တွေက နိုင်ငံရေးဘက်ကိုပိုပြီးတော့ယိမ်းတာပေါ့။ ဒီဟာကိုတော့ အလှူနဲ့ခွဲပြီးမြင်စေချင်တယ်ဗျ။ လှူတာဒါန်းတာကတစ်ပိုင်း၊ ဒီအပိုင်းကတစ်ပိုင်းပေါ့။

Policy ပိုင်းမှာကျတော့ ကျနော်တို့မြင်တာက ရန်ကုန်ရဲ့လူဦးရေက မြန်မာပြည်လူဦးရေစုစုပေါင်းရဲ့ ရှစ်ပုံတစ်ပုံလောက်ရှိတာကိုး။ ရန်ကုန်လူဦးရေက ခုနစ်သန်းကျော်လောက်ရှိတယ်။ ဆိုတော့ ရန်ကုန်ရဲ့ လူနေသိပ်သည်းမှုအနေအထားက ဒီ COVID -19 ကူးစက်ပျံ့နှံ့ဖို့ အရမ်းလွယ်ကူတဲ့အနေအထားရှိတယ်။

အဲဒီတော့ ကနဦး ရန်ကုန်ကို Control လုပ် ဖို့ ကျနော်တို့ရဲ့သဘောထားက ဘယ်လိုရှိလဲ။ ကျနော်တို့နိုင်ငံမှာက လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးပြဿနာဆိုတာကို ထည့်စဉ်းစားရတာရှိတယ်ဗျာ။ ရန်ကုန်ရဲ့စီးပွားရေးဟာ မြန်မာတစ်နိုင်ငံလုံးရဲ့စီးပွားရေးပဲဗျ။ ရန်ကုန်စီးပွားရေးပျက်သွားပြီဆိုရင် မြန်မာတစ်နိုင်ငံလုံး သွားထိခိုက်မှာပဲ။ ဒါသေချာတယ်။ ဒါကျနော်လည်း Policy Maker မဟုတ်ပါဘူး။ အဲဒီအပေါ်မှာ ကျနော်တို့အမြင်ပေါ့ဗျာ။

အောက်တိုဘာလတစ်လနဲ့ COVID ပြီးသွားရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမယ့် COVID က အခုလောလောဆယ်လည်း ပျောက်မှာမဟုတ် ဘူး။ လုံးဝကြီး အမြစ်ပြတ်ဖို့ဆိုတာ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေလည်းမရှိသေးတော့ …

ကျနော်တို့အမြင်က ရန်ကုန်ကို လက်ဦးမှုယူတဲ့အခါမှာ နှောင့်နှေးကြန့်ကြာတယ်လို့မြင်တယ်။ ဥပမာအားဖြင့် ဒုတိယလှိုင်းစတဲ့အချိန်မှာ Stay at Home ကို (၁၄) ရက် တင်းတင်းကြပ်ကြပ်လုပ်ဖို့ နောက်ကျသွားတယ်လို့ အဲဒီအတိုင်းကျနော်မြင်တယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း နီးစပ်တဲ့တာဝန်ရှိသူတွေကို ကျနော်တို့ အပြုသဘောနဲ့ အကြံပြုခဲ့ပါတယ်။ နောက် ပညာရှင်တွေရဲ့စကားတွေကိုလည်း နားထောင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က နိုင်ငံရေးအမြင်နဲ့စဉ်းစားတာ၊ ပညာရှင်ကျတော့ ပညာရှင်အမြင်နဲ့ချဉ်းကပ်တာ။ ပညာရှင် ရဲ့အချက် အလက်ပံ့ပိုးမှုနဲ့ ပညာရှင်ရဲ့အမြင်ကို မစုစည်းဘဲနဲ့ နိုင်ငံရေး Policy ချလို့မရဘူးလို့ ကျနော်တို့ယူဆတယ်။ ဒါ ဘယ်နိုင်ငံရေးကိစ္စမဆို အဲဒီလိုပဲသွားရတာပဲ။ အဲဒီတစ်ချက် ပေါ့။ ဆိုတော့ Control လုပ်တာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် Control က တောင်မရောက် မြောက်မရောက်ဖြစ်သွားတယ်။ အဲဒိလိုအခြေအနေဖြစ်သွားတယ်လို့ ကျနော်မြင်တယ်။ ဒါတစ်ချက်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ချက်က ဘာလဲဆိုတော့ Mechanism ချို့ယွင်းမှုပေါ့။ ဥပမာ ကုန်တင်ကားတွေကို COVID စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုမယ်ဆိုတဲ့ ပြဿနာပေါ့။ ဒီလိုအမိန့်ထုတ်လိုက်ချိန်မှာ ဒီကုန်တင်ကားတွေကို စစ်ဆေးပေးဖို့ Mechanism ကအဆင်သင့်မဖြစ်ဘူး။ ဆိုတော့ ရောက်တဲ့အရပ်တွေ၊ ဥပမာ ရမည်းသင်းတို့ဘာတို့မှာ ကုန်တင်ကားတွေက သွားပြီးပုံနေတာမျိုးတွေဖြစ်ကုန်တယ်။ နောက်မှ စစ်ဆေးမယ့် Mechanism ကနောက်ကနေလိုက် တယ်။ နှစ်ရက်လောက်တော့ကွာသွားလိမ့်မယ်လို့ ကျနော် ထင်တယ်။ အဲဒီမှာဘာထပ်ဖြစ်လဲဆိုတော့ NHS က Test Kit နဲ့စစ်တာမဟုတ်ဘူးဗျ။ အခုစစ်နေတာတွေက နောက်မှဖြစ်လာတာ။ နဂိုမူလက အဲဒီလိုမဟုတ်တော့ စစ်ဆေးတဲ့အခါအရေအတွက်နည်းတယ်။ နောက်ပိုင်း ကိုရီးယားက Test Kit တွေပေးလို့ စစ်လာနိုင်ပြီဆိုတော့ ပုဂ္ဂလိကဆေးရုံ တွေကိုလည်း ထည့်စဉ်းစားသင့်လာပြီ။

ကျနော် တို့နိုင်ငံက ဒီအချိန်မှာ ရှိသမျှအရင်းအမြစ်တွေကို ဆွဲယူပြီးသုံးရတော့မယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်ကနေပြီး ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးထမ်းတယ်ဆိုတာက မကောင်းဘူးမဟုတ်ဘူး၊ အရမ်းကောင်းတယ်။ သို့သော် ကျနော်တို့နိုင်ငံက ဒီလောက်ထိဓနအင်အားမကြွယ်၀ တဲ့အခါ ရေရှည်မှာ အစိုးရအနေနဲ့ ဝန်ထုပ်ဝန်ပိုးကြီးလွန်း တယ်။ ဒါကို အလှူရှင်တွေကဝင်ထမ်းမယ်ဆိုတာလည်း ရေရှည်အတွက်ဆို လုံးဝလက်တွေ့မကျဘူး။ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ရေရှည်ဖြစ်နိုင်ဖို့မလွယ်ဘူး။

အကယ်၍ တစ်လလောက်၊ ဥပမာ ဒီအောက်တိုဘာလတစ်လနဲ့ COVID ပြီးသွားရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမယ့် COVID က အခုလောလောဆယ်လည်း ပျောက်မှာမဟုတ် ဘူး။ လုံးဝကြီး အမြစ်ပြတ်ဖို့ဆိုတာ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေလည်းမရှိသေးတော့ ကျနော်တို့ဒါကို ရေရှည်အတွက်စဉ်းစားသွားရမှာပေါ့။ ဆိုတော့ ကျနော်တို့အမြင်ကကျ တော့ ဒီပုဂ္ဂလိကဆေးရုံတွေက ထုတ်သုံးလို့ရတဲ့အရင်းအမြစ်တွေကို ထုတ်သုံးသင့်တယ်လို့မြင်တယ်။ ဥပမာအားဖြင့် ဒီ Test Kit တွေကို ပုဂ္ဂလိကဆေးရုံတွေက တင်သွင်းနိုင်တဲ့အနေအထားရှိရင် တင်သွင်းပြီး စစ်ဆေး။ ကျန်းမာရေးဝန်ကြီးဌာနက Guide Line ချပေးပေါ့။ အန္တရာယ်မရှိနိုင်ဘဲ ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်နိုင်တဲ့အနေအထားရှိရင် Pass ပေးသင့်တယ် လို့ ကျနော်မြင်တယ်။ ဒါဆို ဝန်ထုပ်ဝန်ပိုး အများကြီးပေါ့သွားလိမ့်မယ်။

ဥပမာအားဖြင့်ဗျာ ဒီ COVID နဲ့ပတ်သက်ပြီး ရပ်ကွက်ထဲ မြေပြင်အခြေအနေမှာ ဘာသွားကြုံရသလဲဆိုတော့ တော်ရုံတန်ရုံ ဖျားတာနာတာကို ဆေးရုံဆေးခန်းပြဖို့တောင် ကျနော်တို့မှာ အခက်အခဲတွေအများကြီးရှိလာတယ်။ ကျန်းမာရေး Fever Clinic တွေရှိတယ်ဆိုပေမယ့် လုံလောက်တဲ့အခြေအနေမှာ မရှိဘူး။ နောက်တချို့ကျတော့လည်း ဒီရောဂါနဲ့ Quarantine ဝင်ရမှာကြောက်ပြီး မပြရဲတော့ဘူးဗျာ။ တချို့ကျတော့လည်း ကောလာဟလတွေလည်း ပါတာပေါ့၊ ဆေးရုံကြီးတွေသွားရင်တော့ ငါတို့ပိုဒုက္ခရောက်မယ်ဆိုပြီး တချို့ကောလာဟလတွေ၊ facebook ပေါ်မှာရေးတဲ့ ကောလာဟလတွေပေါ့။ တချို့ မှန်တာတွေလည်းရှိနိုင်တယ်၊ မှားတာတွေလည်းရှိတယ်။ အဲဒါတွေကိုကြည့်ပြီး တချို့က ပုဂ္ဂလိကဆေးရုံတွေမှာ သွားပြီးကုချင်တာတွေရှိတယ်။

ဒီမှာဘာပြဿနာတက်လဲဆိုတော့ ကျနော်တို့စဉ်းစားရမယ့်ကိစ္စက . . ဥပမာအားဖြင့် ခြေချော်လဲလို့ အရိုးကျိုးတယ်ဆိုပါစို့၊ သူကအရိုးအကြောနဲ့ပတ်သက်ပြီးသွားပြရတော့မယ်ဆိုလို့ရှိရင် သူ့မှာ COVID ရှိ/မရှိဆိုတာမသိဘူး။ ရန်ကုန်ရဲ့အခြေအနေက ဘယ်သူ့မှာ COVID ပိုးရှိနေလဲ၊ မရှိဘူးလဲဆိုတာ ကျနော်တို့မသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ တချို့က ရောဂါလက္ခဏာ ဘာမှသိသိသာသာမပြဘဲ ဒီအတိုင်းရှိနေတယ်။ အဲဒီလို Positive ဖြစ်နေတဲ့လူတွေလည်းရှိနေတယ်လေ။ ဆိုတော့ အဲဒီလိုလူမျိုးက အရိုးအကြောကိုသွားပြတဲ့အခါမှာ သူ က COVID ကိုစစ်ထားတာမရှိတဲ့အတွက် ကုသတဲ့ဆရာ ဝန်တွေရော၊ ဆရာမတွေရောကို ကူးစက်ဖို့လွယ်တယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ရန်ကုန်မှာ နှလုံးရောဂါတို့၊ ကျောက်ကပ်ဆေးတာတို့ကို ကုနေတဲ့ပုဂ္ဂလိကဆေးရုံတွေရှိတယ်။ အဲဒီပုဂ္ဂလိကဆေးရုံတွေမှာ COVID စစ်ဆေးမှုတစ်ခုကို သူတို့လုပ်ခွင့်ရတယ်ဆိုရင် သူတို့ဆီမှာလာတဲ့ လူနာတွေကို COVID စစ်ပြီးမှကုရင် သူတို့အတွက် လည်း အန္တရာယ်ကင်းတယ်။ လူနာအတွက်လည်း COVID ရှိ/မရှိစစ်ပြီးသားဖြစ်သွားမယ်။

ဘက်ပေါင်းစုံက စဉ်းစားတဲ့အခါ အဲဒီလိုမျိုး ရှိသမျှအရင်းအမြစ်တွေကို ဆွဲသုံးပြီး လုပ်စေချင်တယ်။ အရင်းအမြစ်တွေကို အဲဒီလိုအသုံးပြုနိုင်ဖို့ တချို့ဟာတွေကို ဖွင့်ပေးစေချင်တယ်။ ဒါတွေကို …

တစ်ခုတော့ရှိတာ ပေါ့ဗျာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guide Line နဲ့တော့သွားရမှာပေါ့။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က စစ်ဆေးနှုန်းကို သင့်တင့်တဲ့ဈေးနှုန်းဖြစ်အောင် ထိန်းချုပ်ဖို့တော့လိုမယ်။ နောက် ပုဂ္ဂလိကဆေးရုံတွေက COVID ကိုကုသနိုင်တဲ့အခြေ အနေရှိရင် ပုဂ္ဂလိကဆေးရုံတွေမှာကုချင်တဲ့လူတွေ ကုသနိုင်အောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့သတ်မှတ် Guide Line တွေနဲ့ ခွင့်ပြုသင့်တယ်။ တချို့ကျတော့ ပိုက်ဆံရှိတော့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသချင်တာတွေလည်းရှိနိုင်တယ်။ အခုလည်း ကျောက်ကပ်ဆေးတာကအစ၊ နှလုံးရောဂါဖြစ်ဖြစ်၊ လေဖြတ် တာကအစ ပုဂ္ဂလိကဆေးရုံသွားနေတဲ့လူတွေ ရှိတာပဲ။ အဲဒါမျိုးတွေရှိတော့ COVID ကိုလည်းထည့်စဉ်းစားပေးဖို့လိုလိမ့်မယ်လို့ မြင်တယ်။

ဥပမာအားဖြင့် ခွဲစိတ်ခံရမယ့် လူနာတစ်ယောက်ဟာ HIV တို့၊ B တို့၊ C တို့ကိုစစ်ရတယ်ဗျာ။ ဒါအကုန်လုံးစစ်နေကြတာ။ အပြင်မှာပဲခွဲခွဲ၊ အစိုးရဆေးရုံ မှာပဲခွဲခွဲပေါ့။ ဆိုတော့ အခုအခြေအနေက COVID ကိုပါထည့်ပြီးစဉ်းစားရတော့မှာလေ။ ဆိုတော့ အဲဒီအတွက်ကို ပြင်ဆင်စေချင်တယ်။ နောက်တစ်ခုက ICU တွေကိစ္စ။ ဆရာဝန်တွေအကုန်လုံးက အစွမ်းကုန်ကြိုးစားကြတာမှန်ပါတယ်။ ပြောချင် တာက ပုဂ္ဂလိကဆေးရုံတွေမှာရှိနေတဲ့ ICU တွေကိုရော မသုံးသင့်ဘူးလားဆိုတဲ့ဟာလည်း မေးခွန်းတစ်ခုရှိတယ်။ ကျနော်ပြောတာ ပုဂ္ဂလိကဆေးရုံတိုင်းကိုပြောတာမဟုတ် ဘူး။ COVID ကို ကုသနိုင်သော အခြေအနေရှိတဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုပြောတာပါ။ ဒါကတော့ ပညာရှင်တွေ၊ ဆရာ ဝန်ကြီးတွေက ပိုနားလည်ပါလိမ့်မယ်။ ကျနော်တို့က ဘေးအမြင်နဲ့ပြောတာ။ အဲဒီအရင်းအမြစ်တွေကို ကျနော်တို့က သုံးစေချင်တယ်။

ဥပမာဗျာ ကုန်တင်ကားသမားတွေကိစ္စမှာဆိုရင် အစိုးရက Recommand ပေးတဲ့ ပုဂ္ဂိကဆေးရုံတစ်ခုခုမှာလည်းစစ်လို့ရတယ်ဆိုရင် သူတို့ဘာသာသူတို့ ပိုက်ဆံသွင်း၊ သူတို့ဘာသာ သူတို့သွားစစ်ပေါ့။ အစိုးရစစ်ပေးတာကတော့ နှစ်သောင်းလောက်ယူတယ်လို့ကြားတယ်။ ဆိုတော့ အဲဒီလိုမျိုးသက်သာတဲ့ဈေးနှုန်းနဲ့ ပုဂ္ဂလိကဆေးရုံတွေ စစ်နိုင်မလားညှိပေါ့။ ပြီးတော့ လုပ်နိုင်တဲ့အခြေအနေရှိရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guide Line နဲ့အညီလုပ်ပေါ့။ အဲဒီလို Recommand ပေးပြီးလုပ်နိုင်ရင် အစိုးရကအကုန်လိုက် စစ်နေရတဲ့အခြေအနေ နည်းနည်းတော့ ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်လေ။

ဘက်ပေါင်းစုံက စဉ်းစားတဲ့အခါ အဲဒီလိုမျိုး ရှိသမျှအရင်းအမြစ်တွေကို ဆွဲသုံးပြီး လုပ်စေချင်တယ်။ အရင်းအမြစ်တွေကို အဲဒီလိုအသုံးပြုနိုင်ဖို့ တချို့ဟာတွေကို ဖွင့်ပေးစေချင်တယ်။ ဒါတွေကို ကျနော်တို့က အကြံတော့ပြုတယ်ဗျ။ ဒါပေမယ့် ဒါတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်ကြီးများနဲ့ ပညာရှင် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးတွေရဲ့အမြင်ကပိုအဓိကကျတာပေါ့။ သူတို့လည်းစဉ်းစားမိမယ်လို့ ကျနော်ထင်ပါတယ်။

ငြမ်းမီဒီယာ – အခုအခြေအနေမှာ ဒီ COVID နဲ့ဆက်စပ်ပြီး ဖြစ်နေတဲ့မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ပြောပြပေးပါ ဦး။

UMA – ဒါက ကျနော်လည်း သွားလာနေတော့ လူတွေကြားထဲမှာမြင်နေတဲ့အမြင်က . . ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ကျနော်တို့နိုင်ငံက Containment Policy နဲ့သွားနေတာလေ။ ဒါကလည်း ဆရာကြီးဦးဇော်ဝေစိုးပြောသွားပြီလို့မြင်ပါတယ်။ လိုအပ်လို့ရှိရင် Containment at Home ပေါ့။ လုပ်ရတော့မှာလေ။ အဲဒီမှာ နှစ်ပိုင်းရှိတယ်ဗျာ။ ဥပမာ လုံးချင်းအိမ်တွေ၊ နောက်တစ်ခါ ကိုယ့်တိုက်ခန်းနဲ့ကိုယ် လုံလုံခြုံခြုံရှိနေတဲ့ဟာမျိုးတွေ၊ မိသားစုပြွတ်သိပ်မနေတဲ့ဟာမျိုးတွေဆိုလုပ်လို့ရတယ်။ လုပ်လည်းလုပ်သင့်တယ်လို့မြင်တယ်။

ဘာလို့လဲဆိုတော့ Quarantine Center တွေမှာချည်းထားဖို့ဆိုတာ ရေရှည်မှာ မလွယ်ဘူးလို့မြင်တယ်။ ဘာလို့လဲဆို ထမင်းကျွေးရတဲ့စရိတ်ကိုက လူတစ်ယောက်အတွက် (မနက်စာ၊ နေ့လယ်စာ၊ ညစာ) အနည်းဆုံး ၃၀၀၀ နဲ့ပဲတွက်ကြည့်။ ၃၀၀၀ ဆိုတာ တကယ်တမ်း အဲဒီဈေးနှုန်းနဲ့မရပါဘူး။ ကျနော်တို့ကျွေးခဲ့တဲ့ အချိန်တုန်းက လူတစ်ယောက်အတွက် တစ်နေ့ကို ၅၀၀၀ ကျပါတယ်။ ထားတော့ ကျနော်လျော့ပြီးတွက်ပြတာပါ။

ဒီနေရာမှာ Positive တစ်ယောက်ထွက်ရင် သူ့ ရဲ့ Primary Contact က ဂျွန်ဟောကင်းရဲ့လေ့လာသုံးသပ် ချက်အရဆို (၆၇) ယောက်လောက်ရှိတယ်။ ထားပါ အဲဒါတွေနဲ့မတွက်နဲ့ဦး။ ကဲ ကျနော်တို့က ရိုးရိုးလေး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲ တွက်ကြည့်လိုက်။ တစ်ယောက် တစ်ယောက် Positive ဖြစ်တိုင်း Primary Contact ကို သူ့ရဲ့မိသားစုနဲ့ပဲတွက်။ At Least နှစ်ယောက်ရှိတယ်ပဲထား။ လူတစ်ထောင် Positive ထွက်ပြီဆို သူ့ရဲ့ Primary Contact က လူနှစ်ထောင်ဖြစ်သွားပြီ။ ဆိုတော့ ဒီလူနှစ်ထောင်ကို မြို့နယ်မှာရှိတဲ့ CBFQC ဆိုတဲ့ Community Base Quarantine Center ကိုပို့ပြီး ထမင်းကျွေးဖို့ဆိုတာ မလွယ်ဘူးဗျ။ ရေရှည်မလွယ် ဘူးဗျ။ Swab Test စစ်မှာနဲ့ဘာနဲ့ဆို အနည်းဆုံး (၇) ရက် ကတော့ သေချာပြီ။

အကယ်၍ အဲဒီမှာ အနံ့မရတဲ့ကိစ္စတွေ၊ ရောဂါလက္ခဏာပြလာတွေရှိလာရင် ဆေးရုံပို့ဖို့စီစဉ်ရတာကအစ အများကြီးထပ်လုပ်ရမယ်။ ကဲ ထားပါ၊ ရောဂါလက္ခဏာမပြတဲ့သူတွေချည်းပဲထားဦး။ ဒီလူနှစ်ထောင်အတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ) အတွက် ၃၀၀၀ ပဲထား။ (ဒါမဖြစ်နိုင်တဲ့ဈေးနဲ့လျော့ပြီး ကျနော်တွက်ပြတာ) လူတစ်ရာအတွက် တစ်နေ့ကို သုံးသိန်းရှိတယ်။ တစ်လကို သိန်းကိုးဆယ်ရှိမယ်။ အဲဒီတော့ မြို့နယ်တွေက ရေရှည်ကျွေးနေရမယ်၊ အစိုးရကထောက်ပံ့မယ်၊ ရေရှည်မှာ ဘယ်လောက်အထိထောက်ပံ့နိုင်မလဲ။ ရေရှည်ဆို လက်တွေ့မှာမလွယ်ဘူးလို့ ကျနော်ထင်တယ်။ COVID က ရေရှည်ကိုပဲစဉ်းစားရတော့မှာလေ။ အဲဒီတော့ ရောဂါလက္ခဏာမပြတဲ့ Primary Contact တွေကို အိမ်မှာ စနစ်တကျနေဖို့ ညွှန်ကြားပြီး အိမ် မှာပဲ Lock Down ထားတာက နိုင်ငံတော်အတွက် နည်းနည်းလေးသက်သာမယ်လို့ ကျနော်ထင်တယ်။

ချွတ်ချော်တိမ်းစောင်းမှုတစ်ခုခုသာဖြစ်ရင် အများကြီးပြဿနာတက် နိုင်တဲ့ကိစ္စလို့မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျနော်နားလည်တာကတော့ COVID ရဲ့အရှိန်ကို …

အိမ်မှာထားပေမယ့် သူတို့ကို ဖုန်းတွေဘာတွေဆက်မယ်၊ သူတို့နဲ့ Video Call တွေဘာတွေ ပြောလို့ရအောင်လုပ်ထားမယ်၊ အကယ် ၍ သူတို့က ဖျားမယ်နာမယ်ဆိုရင်တော့ Quarantine Center ပို့ရင်ပို့၊ ဒါမှမဟုတ် ဆေးရုံပို့ရင်ပို့ပေါ့။ အဲဒါမျိုးဆို နည်းနည်းလေးများသက်သာမလားလို့ကျနော်မြင်တယ်။

နိုင်ငံတော်ကလည်း နောက်ပိုင်းအဲဒီလိုပဲလုပ်မယ်လို့ ကျနော်ထင် ပါတယ်။ ဆရာကြီးဦးဇော်ဝေစိုးလည်းပြောသွားပါပြီ။ နောက်တစ်ချက်က ရပ်ကွက်တွေထဲမှာဖြစ်နေတာက နိုင်ငံရေးဆိုတဲ့ အခုရွေးကောက်ပွဲပေါ့။ အဲဒီရွေးကောက်ပွဲဆိုတာထက် လူတွေအကုန်လုံးက COVID ကိုပိုစိတ်ပူနေကြတယ်။ ည (၈) နာရီဆိုရင် ဟာ ငါတို့နိုင်ငံမှာ ဒီနေ့ဘယ်လောက် Positive တွေထွက်ဦးမလဲ စသဖြင့် မနေ့ကဘယ်လောက်၊ ဒီနေ့ ဘယ်လောက်၊ ဒါတွေကို လူတွေအကုန်လုံးက တွက်တတ်နေကြပြီ။ ဒါက ခေါင်းရွက်ဗျတ်ထိုးဈေးသည်ကအစ စိတ်ဝင်စားတယ်။ ဘာလို့လည်းဆိုတော့ မိမိရဲ့အသက်အန္တရာယ်နဲ့လည်း ဆိုင်နေတာကိုး။

ကျနော်တို့နိုင်ငံမှာက လာမယ့် နိုဝင်ဘာလဆို ရွေးကောက်ပွဲကလည်းရှိနေတယ်။ ရွေးကောက်ပွဲကိုအရေးမကြီးဘူးလို့မဆိုလိုပါဘူး။ ရွေးကောက်ပွဲကလည်း အရေး ကြီးပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးကြောင့်ဆိုတာထက် COVID ကြောင့် မဲပေးသူအရေအတွက် နည်းသွားနိုင်သလားဆိုတဲ့ မေးခွန်းတော့ရှိတယ်။ နောက်ရွေးကောက်ပွဲမဲပေးတဲ့နေရာမှာ မဲပေးရမယ့်ဦးရေနဲ့၊ အချိန်နဲ့ ပြန်တွက်ကြည့်ဖို့လိုမယ်။ ဥပမာအားဖြင့်ဗျာ အရင်တုန်းကတော့ လူတွေအများကြီးရှိလည်း ပြဿနာမရှိဘူး။ အခုက Social Distancing ဆိုတဲ့ (၆) ပေအကွာကို ဘယ် လိုလုပ်မလဲဆိုတာလည်းရှိတယ်။ တချို့ဟာတွေက သရုပ်ပြလိုက်ရင်တော့ ဟုတ်တယ်၊ ဒါပေမယ့် လက်တွေ့မှကျအဲဒီလိုမဟုတ်ဘူး ဆိုတာတွေလည်းရှိတယ်။ လက်တွေ့မှာဖြစ် သွားတဲ့ဟာကို မထိန်းနိုင်တာမျိုးပေါ့။ ဒါမျိုးတွေရှိခဲ့ဖူးတယ်လေ။

ဆိုတော့ တစ်ယောက်မဲပေးလို့ကြာနိုင်တဲ့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းနဲ့ ဒီမဲရုံမှာမဲပေးမယ့် လူဦးရေနဲ့ ကိုက်၏ မကိုက်၏ ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ခုအချိန်မှာ အနုလုံပဋိလုံစဉ်းစားဖို့လိုလာပြီလို့ ကျနော်ထင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်းညှိနှိုင်းတိုင်ပင်ရမှာပေါ့။ ဥပမာဗျာ လူတစ်ထောင်မဲပေးရမယ့်နေရာမှာ လူခြောက်ရာပဲမဲပေးလိုက်ရပြီး လူလေးရာကမဲမပေးလိုက်ရဘူးဆိုရင် ပြဿနာရှိလာလိမ့်မယ်။ သူ့ဟာသူလာမပေးတာက ဒါ တစ်မျိုးပေါ့။ ဆိုတော့ အဲဒီလိုမျိုးကိစ္စတွေတော့ ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။

ရွေးကောက်ပွဲကလည်း COVID -19 နဲ့ယှဉ်တွဲပြီးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် အားနည်းချက်တွေ၊ လိုအပ်ချက်တွေတော့ များစွာရှိနိုင်တယ်။ ဒါကိုတော့ …

ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီ COVID အောက်မှာပဲ တခြားနိုင်ငံတွေလည်း ရွေးကောက်ပွဲကျင်းပသွားတာပဲ။ ကိုရီးယားတို့ဘာတို့လည်း ဒီလိုပဲကျင်းပခဲ့တာပေါ့။ အဲဒီတော့ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့အခြေအနေနဲ့လည်း ရွေးကောက်ပွဲကတော့ ကျင်းပမှာပဲ။ ဒါကလည်း COVID ပျောက်မှ လုပ်လို့ရတာမျိုးမဟုတ်တော့ ဒီရွေးကောက်ပွဲကတော့ လုပ်ရမှာပဲလေ။ တစ်ခုတော့ရှိတယ် ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ် လိုစီမံခန့်ခွဲမလဲဆိုတဲ့ကိစ္စကတော့ တော်တော်လေးကို အလေးအနက်စဉ်းစားရမယ့်ကိစ္စလို့ ကျနော်မြင်ပါ တယ်။ ချွတ်ချော်တိမ်းစောင်းမှုတစ်ခုခုသာဖြစ်ရင် အများကြီးပြဿနာတက် နိုင်တဲ့ကိစ္စလို့မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျနော်နားလည်တာကတော့ COVID ရဲ့အရှိန်ကို ဒီ အောက်တိုဘာလထဲမှာထိန်းချုပ်နိုင်ရင်တော့ ကိစ္စမရှိဘူး။

အောက်တိုဘာလထဲမှာ ထိန်းချုပ်မှုလျော့နည်းခဲ့မယ်ဆိုရင်၊ ထိန်းချုပ်လို့မရနိုင်တဲ့အခြေအနေမျိုး၊ ဒါမှမဟုတ် အခုပုံစံအတိုင်း ဆက်သွားနေတဲ့ပုံစံမျိုးဆိုရင်၊ ဒါမှမဟုတ် ဒီထက်ပိုများလာရင်တော့ ရွေးကောက်ပွဲမှာ မဲပေးတဲ့လူအရေအတွက်က သိသိသာသာနည်းသွားနိုင်တယ်။ သေချာတာတစ်ခုက အသက်ကြီးတဲ့သူတွေကတော့ တော်ရုံတန်ရုံစိတ်ဓာတ်နဲ့ မဲရုံကိုသွားမှာမဟုတ် တော့ဘူး။ ကျနော်ကတော့ အဲဒီအတိုင်းသုံးသပ်မိတယ်။

ငြမ်းမီဒီယာ – မဲဆွယ်ကာလဖြစ်ပေမယ့် COVID ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ရတာ အခက်အခဲတွေအများကြီး ကြုံနေရတယ်လို့ တိုင်းရင်းသားပါတီတချို့ကပြောကြတာလည်းရှိပါတယ်။ တဖက်က ပါတီကြီးတွေရဲ့မဲဆွယ်စည်းရုံးမှု တချို့ကလည်း MOHS ကလက်ရှိထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိတော့ ဒီအခြေအနေတွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UMA – ဒီဟာကျတော့ နည်းနည်းခွဲပြောရမယ်။ ပြည်မအခြေစိုက်ပါတီတွေပေါ့၊ ပြည်မဆိုတာ ရန်ကုန်တို့၊ မန္တလေးတို့ စတဲ့ဒေသတွေကိုပြောတာပေါ့။ ပြည်မအခြေစိုက်၊ တနည်းအားဖြင့်ပြည်ထောင်စုတစ်ခုလုံးကို လွှမ်းခြုံထားတယ်လို့ ယူဆရတဲ့ပါတီတွေ၊ ဒီပါတီတွေထဲမှာမှ ပါတီကြီးတွေကတော့ သူ့ပရိသတ်နဲ့သူ အခိုင်အမာရှိတယ်။ ဥပမာအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ အစရှိသဖြင့်ပေါ့။ သူတို့မှာ သူ့ပရိသတ်နဲ့ သူရှိတယ်။

နောက်ပါတီတွေ၊ တည်ထောင်ထားတာ သက်တမ်းမရင့်သေးတဲ့ပါတီတွေကျတော့COVID ရဲ့အောက်မှာ လုံးဝအခြေအနေမကောင်းနိုင်ဘူးလို့ ကျနော်မြင်တယ်။ မဲဆွယ်စည်းရုံးဖို့အတွက်လည်း အခွင့်အလမ်းအရမ်းနည်းသွားပြီ လေ။ နောက်သူက ထူထောင်ထားတာလည်းမကြာသေးတော့ လူထုကြားထဲမှာ စိမ့်ဝင်ပြန့်နှံ့အောင်လုပ်ဖို့ဆိုတာ သူ့ မှာ အခြေအနေမရှိတော့ဘူးပေါ့ဗျာ။ အရင် ၂၀၁၅ လိုမှမဟုတ်တော့တာ။ COVID အောက်မှာ လုပ်ရတာကိုး။ ဆိုတော့ ဒီရွေးကောက်ပွဲမှာ အဲဒီပါတီတွေအနေနဲ့ကတော့ Hope သိပ်မရှိဘူးလို့ ကျနော်မြင်တယ်။

သူတို့အနေနဲ့ကလည်း လူထု ကိုစည်းရုံးဖို့ ဘယ်လိုမှအခြေအနေမပေးတာလေ။ ဒါကတစ်ပိုင်းပေါ့။ ဒီနေရာမှာတိုင်းရင်းသားပါတီတွေအနေနဲ့ကျတော့ အားကောင်းချက်တွေ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ Stay at Home ထားထားတဲ့ဒေသထဲမှာ တိုင်းရင်းသားဒေသတွေမပါသေးဘူးလို့ ကျနော်ထင်တယ်။ ရခိုင်ကလွဲလို့ပေါ့။ ဆိုတော့ တချို့ဒေသတွေမှာ MOHS ကထုတ် ထားတဲ့ Guide Line တွေနဲ့အညီလုပ်လို့ရတာ၊ လုပ်နေတာတွေတွေ့ရတယ်ဗျ။ အဲဒီမှာ ဘာရှိသလဲဆိုတော့ ရန်ကုန်ကနေ အဲဒီကိုသွားပြီး မဲဆွယ်ဖို့ကျတော့ လုံးဝသွားလို့မရဘူးလေ။

အဲဒီတော့ တိုင်းရင်းသားပါတီတွေက နဂိုတည်းက သူ့ပရိသတ်ရှိပြီးသားမှာ ခုနကပြောတဲ့အချက်ကို အားသာချက်အဖြစ်ယူပြီး အလုပ်လုပ်မယ်ဆိုရင်တော့ အားသာနိုင်တယ်။ မှန်တယ် အရင် ၂၀၁၅ တုန်းကလိုတော့ ခုအခြေအနေမှာ လုပ်လို့မရတာတော့ဟုတ်ပါတယ်။ ကျနော် အဲဒီလိုမြင်တယ်။

COVID ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ စဉ်းစားတဲ့အပိုင်းမှာ ကျနော် နိုင်ငံရေးတွေခဏဖယ်လိုက်ချင် တယ်။ ကျနော်တို့ အယူအဆကွဲရင် ချမယ် ဒါတစ်ပိုင်း …

ပြည်မကပါတီတွေမှာကျတော့ ပါတီငယ်တွေက လုပ်ဖို့အခွင့်အလမ်းမသာတော့ဘူး။ သူ့တို့မှာ အခွင့်အလမ်း နည်းသွားတာပေါ့။ အဲဒီမှာ ရွေးကောက်ပွဲတွေရဲ့သဘာဝအရပေါ့၊ ဘယ်နိုင်ငံမှာမဆို ဒါ သဘာပါ၊ ရွေးကောက်ပွဲဆိုတာ အာဏာရသူက သာစမြဲပါ။ ရွေးကောက်ပွဲတွေရဲ့ ထုံးစံအရ တော်ရုံတန်ရုံ တတိယနိုင်ငံတွေမှာ အဲဒီပုံစံအတိုင်းပဲသွားပါတယ်။ အဲဒီအခြေအနေအောက်မှာတော့ ရွေးကောက်ပွဲက မကျေနပ်မှုတွေ၊ အော်သံတွေ၊ ဆူညံသံတွေတော့ ထွက်လာမှာပဲ။ တဖက်ကကြည့်ပြန်ရင်လည်း ရွေးကောက်ပွဲက COVID ပျောက်မှလုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ COVID အောက်မှာ ရွေးကောက်ပွဲမှမဟုတ်ဘူး၊ ကျနော်တို့ ရဲ့ နိစ္စဓူဝဘဝတွေကို COVID – 19 နဲ့အတူ ဘယ်လိုယှဉ် တွဲပြီး ဖြတ်သန်းမလဲဆိုတာ စဉ်းစားရတော့မှာ။

စီးပွားရေး၊ လူမှုရေး ကိစ္စအားလုံး၊ ရွေးကောက်ပွဲ မှမဟုတ်ဘူး၊ လ္ဘက်ရည်ပဲရောင်းရောင်း၊ မုန့်ဟင်းခါးပဲရောင်းရောင်း ဘာပဲလုပ်လုပ် ဒီအတိုင်းစဉ်းစားရတော့မယ်။ အဲဒီ တော့ COVID – 19 က ကာကွယ်ဆေးတွေဘာတွေ မရသေးသမျှကာလပတ် လုံးက အဲဒီအတိုင်းပဲ စဉ်းစားရတော့မယ်။ ရွေးကောက်ပွဲကလည်း COVID -19 နဲ့ယှဉ်တွဲပြီးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် အားနည်းချက်တွေ၊ လိုအပ်ချက်တွေတော့ များစွာရှိနိုင်တယ်။ ဒါကိုတော့ ကျနော်တို့က ဟို ၂၀၁၅ ရွေးကောက်ပွဲနဲ့ သွားယှဉ်နှိုင်းလို့တော့ မဖြစ်နိုင်ဘူးလို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – COVID -19 ကြောင့် လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲအတွက် အားသာချက်တွေရှိနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေကိုရော ဘယ်လိုမြင်ပါသလဲ။

UMA – ကျနော်ခုနကပြောသလိုပဲဗျ။ ပြည်မကပါတီကြီးတွေမှာ သူ့ပရိသတ်နဲ့သူ ရှိကြတယ်ဗျ။ အဲဒီတော့ အာဏာရပါတီ အနေနဲ့ကျတော့လည်း ပရိသတ်ကအခိုင်အမာရှိနေတယ်လေ။ လူထုထောက်ခံမှုက အခိုင်အမာရှိနေတယ်။ ဆိုလိုချင် တာက သူ့ပရိသတ်၊ သူ့ရဲ့စုစည်းထားမှု၊ စည်းရုံးထားမှုက ဖြတ်သန်းလာတာလည်းကြာတာတစ်ကြောင်း၊ အာဏာရသွားတာလည်းပါတာပေါ့ဗျာ။ အာဏာရသွားတာလည်း တစ်ကြောင်းပေါ့။

နောက် လူထုကြည်ညိုလေးစားတဲ့၊ (တစ်ဦးချင်းတစ် ယောက်ချင်းလက်ခံခြင်း လက်မခံခြင်းကတစ်ပိုင်း) လူထုအများစု ကြည်ညိုလေးစားတဲ့ခေါင်းဆောင်က ဦးဆောင်နေတာကတစ်ကြောင်းဆိုတော့ ဘယ်လိုမဆို သူကတော့ အားအရမ်းသာနေတာအမှန်ပဲ။ ပြည်မမှာပြောတာနော်။ တိုင်းရင်းသား ဒေသမှာပြောတာမဟုတ်ဘူး။ ဆိုတော့ အဲဒီအပေါ်မှာ သူ့ရဲ့ပရိတ်သတ်ကအခိုင်အမာရှိနေတော့ ဘယ်လိုပြောမလဲ . . ကဲ ဒီနေ့တော့ အိမ်တွေအလံထောင်လိုက်ဆိုလည်း သူ့ပရိသတ်ကထောင်မှာပဲလေ။ ဆိုတော့ ကိုယ်က သူ့ ကိုယှဉ်ချင်ရင် ကိုယ့်ပရိသတ်ကိုစည်းရုံးပြီ ကဲဒီနေ့တော့ ငါတို့ပါတီအလံတွေ အိမ်ရှေ့မှာထောင်စမ်းပါဦး လို့လုပ် . . ပေါ့။ ကျနော်ပြောချင်တာ။ ဒါပေမယ့် ကိုယ့်က အဲဒီလောက် အထိ လူထုထောက်ခံမှုမတည်ဆောက်နိုင်ခင်ကာလမှာတော့၊ ကျနော်စောစောကပြော သလို COVID ကလည်းဖြစ်နေတော့ အပြင်ထွက်ပြီးလုပ်လို့မရဘူးဗျာ။ ဆိုတော့ အဲဒီအပေါ်မှာတော့ သူတို့ပြဿနာတွေရှိမှာတော့ မှန်တယ်။ သို့သော် ကိုယ့်မှာကိုယ့်ပရိသတ်အခိုင်အမာရှိနေတယ်ဆိုရင် ကိုယ်လည်းဒီလိုမျိုး လုပ်ကြပေါ့။

အဲဒါကိုကြည့်ပြီးပြောနေတာကတော့ . . ၊ ကျနော်ပြောပြီးပြီပဲဗျာ ရွေးကောက်ပွဲတွေရဲ့ သဘာဝက အာဏာရပါတီက သာတယ်ဆိုတာ။ ဒါထုံးစံပဲ။ ဘာဖြစ်လို့လည်းဆို နိုင်ငံပိုင် Media Mechanism တွေကိုလည်း တချို့ဟာတွေမှာ အသုံးချလို့ရတာတွေရှိတယ်ဗျာ။ ရှင်းရှင်းပြောလို့ရှိရင် နိုင်ငံပိုင်သတင်းစာတွေ၊ မီဒီယာတွေမှာလည်း အာဏာရနေတဲ့အတွက်ကြောင့် နိစ္စဓူဝလုပ်ငန်းစဉ်တွေအကုန်လုံးကို ကိုယ်ဘာလုပ်နေသလဲဆိုတာ Propaganda လုပ်ပြီးသားဖြစ်တယ်။ ဥပမာအားဖြင့် TV ပေါ့။ TV မှာ COVID နဲ့ပတ်သက်ပြီးမိန့်ခွန်းပြောတာပဲဖြစ်ဖြစ်၊ ဒါတွေအကုန်လုံးက ရွေးကောက်ပွဲနီးလို့သာ မဲဆွယ်တယ် လို့ပြောနေကြတာလေ။ ရွေးကောက်ပွဲမနီးခဲ့ရင်လည်း ဒါတွေကပြောနေမှာပဲလေ။ ဆိုတော့ လူထုမျက်နှာစာမှာ အာဏာရတဲ့လူက အမြဲတမ်းရှိနေပဲ။ အစိုးရကိုး။ ဒါသဘာဝပဲလေ။

ဒီရွေးကောက်ပွဲက ပြီးသွားမှာပဲ။ နိုင်တဲ့လူလည်း နိုင်သွားမှာပဲ။ အဲဒီအချိန်မှာ အစိုးရဖြစ်မယ့်လူက တော်တော်ခေါင်းကျိန်းမှာ။ ဘာလို့လည်းဆိုတော့ ဒီ COVID နဲ့ပတ်သက်ပြီး သက်ရောက်လာမယ့် Impact တွေ …

ဘယ်နိုင်ငံမှာမဆို ဒါ သဘာဝပဲလေ။ တစ်ခုရှိ တာပေါ့ဗျာ။ ခုနက ခင်ဗျားမေးခွန်းထဲမှာလည်းပါပါတယ်။ မဲဆွယ်တဲ့အခါမှာ တခြားလူတွေကိုတစ်မျိုးလုပ်ပြီး ကိုယ်ကကျ တစ်မျိုးလုပ်ရင်တော့ ဒါ မကောင်းဘူးပေါ့ဗျ။ လူစုလူဝေးကြီးနဲ့ မလုပ်ရဘူးလို့ MOHS ကထုတ်ထားရင် ကိုယ်လည်းမလုပ်ရဘူးလေ။ ကျနော်ပြောတာက အာဏာရတာ မရတာနဲ့မဆိုင်ဘူး။ ဥပဒေရဲ့အထက်မှာ အာဏာရတာလည်းမရှိဘူး၊ အာဏာမရတာလည်းမရှိဘူး။ ဒါကတော့မျှမျှတတပဲ ကျနော်ပြောတာ။ အဲဒီဟာအပေါ်မှာတော့ သမာသမတ်ကျကျရှိဖို့ တော့လိုတယ်လို့ ကျနော်မြင်တယ်။

အဲဒီတော့ သေချာတာတစ်ခုက ပါတီကြီးတွေအနေနဲ့ အားပြိုင်မှုက COVID ရဲ့အောက်က ရွေးကောက်ပွဲမှာပဲ အားပြိုင်သွားမယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ကျနော်အခုမြင်နေတာ ဥပမာ ရှမ်းပြည်လှုပ်ရှားမှုတွေ ကျနော်တွေ့တယ်၊ ဒါ Online တွေမှာလည်းတွေ့နေတာပဲ။ ကယားပြည်နယ် လှုပ်ရှားမှုတွေတွေတယ်။ ဆိုတော့ တိုင်းရင်းသားပါတီတွေအတွက်လည်း ဒီ COVID အောက်မှာ အားကောင်းချက်တွေ၊ အခွင့် အလမ်းကောင်းတွေရှိသလို ဆုံးရှုံးမှုတွေလည်းရှိတယ်။

အဲဒီအခြေအနေကို အခွင့်အလမ်းအဖြစ်ယူမယ်ဆိုရင်လည်း သူတို့ အားကောင်းချက်တွေပြန်ရနိုင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့က ဒေသခံလေ။ ဆိုတော့ အား ကောင်းချက်၊ အားနည်းချက်ကတော့ တိုင်းရင်းသားပါတီတွေအတွက်တစ်ပိုင်းပေါ့။ ပြည်မမှာဆိုရင်တော့ ပါတီကြီးတွေကသာ ပိုပြီးတော့ တာသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

UMA – ကျနော်တို့မြင်တာက အခု လူထုကစီးပွားရေးကျပ်တည်းနေတယ်။ အခုတော်တော်များက ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး၊ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲကိုစဉ်းစားတာ ကျနော်လက်ခံတယ်။ ဘာလို့လည်းဆို နိုင်ငံရေးပါတီကိုး၊ ရွေးကောက်ပွဲနိုင်ချင်တာပေါ့၊ ဒါ မှန်တာပဲလေ။ သေးသေး ကြီးကြီး၊ ကိုယ်နဲ့အယူအဆတူသည်ဖြစ်စေ ကွဲသည်ဖြစ်စေ ဒါသဘာဝကျပါတယ်။ ဒါကိုမငြင်းဘူး။ သို့သော် ကျနော်တို့စဉ်းစားရမယ့် ဒီ COVID ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ စဉ်းစားတဲ့အပိုင်းမှာ ကျနော် နိုင်ငံရေးတွေခဏဖယ်လိုက်ချင် တယ်။ ကျနော်တို့ အယူအဆကွဲရင် ချမယ် ဒါတစ်ပိုင်း၊ ဒီမိုကရေစီလေ၊ သဘောထားကွဲတာ အမှန်တရားပဲ။ ဒါတွေက ပြဿနာမဟုတ်ပါဘူး။

ဒါပေမယ့် COVID ကကျတော့ တစ်ပြည်လုံးရဲ့ အရေးဖြစ်သွားပြီဗျ။ တကယ်ဆို တစ်ကမ္ဘာလုံးအရေးဗျ။ ထားပါ ကျနော်တို့နိုင်ငံပဲပြောမယ်။ တပြည်လုံး အရေးဖြစ်သွားပြီ။ နိုင်ငံမှာရှိတဲ့ ဖြူဖြူ မဲမဲ နီနီ ဝါဝါ အားလုံးရဲ့အရေးဆိုတော့ အဲဒီမှာ တတ်နိုင်သလောက် ကျနော်တို့က နိုင်ငံရေးကိုနောက်မှာထားပြီး ဒီကိစ္စကို ရှေ့တင်ပြီး လုပ်ဖို့လိုတယ်လို့ ကျနော်မြင်တယ်။ ကျနော်မြင်တဲ့အမြင်ကတော့ အဲဒါသည်ပင်လျှင် နိုင်ငံရေးပဲ။ ဒါတစ်ချက်ပေါ့။

နောက်တစ်ချက်က COVID ကြောင့်ဖြစ်ပေါ်လာမယ့် Social Impact တွေ၊ တချို့ RFA ကတင်ထားတာနဲ့တူတယ်၊ တွေ့တယ်။ ကိုယ့်ကိုယ်ကိုယ် Suicide လုပ်လိုက်တာပေါ့။ စားဝတ်နေရေးတွေ မပြေလည်လို့။ ဆိုတော့ ဒီပြဿနာတွေကို ပြည်သူတွေကြုံလာပြီ။ ပြည်သူတွေ ဘယ်လောက်ဆက်ပြီးတော့ ဘယ်လောက် ထပ်ကြုံဦးမလဲ။ COVID ကြောင့် စီးပွားရေးသိသိသာသာကျဆင်းမှုပေါ့။ ဒီအပေါ်မှာ ဘယ်လိုသွားမလဲဆို Brain Storming လုပ်သင့်တယ်။

ရန်ကုန် စီးပွားရေးသည် မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဖြစ်တယ်။ ဆိုတော့ ဒီဟာအပေါ်မှာ COVID နဲ့ ဘယ်လိုသွားမလဲ။ ဖြစ်ပေါ်လာတဲ့ Social Impact တွေ၊ ဥပမာ နေ့စားအလုပ်သမားတွေ …

ဒီဟာမှာ နှစ်ပိုင်းရှိတယ်။ နံပါတ်တစ်တစ်ပိုင်းက အခုလက်ရှိအစိုးရပေါ့။ လက်ရှိအစိုးရအနေနဲ့ ကိုယ့်ရဲ့ Grassroot တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားသောကိုယ်နဲ့မတူပေမယ့် တခြားပါတီတွေရဲ့အသံကို စုစည်းပြီးတော့ စဉ်းစားဖို့လိုတယ် လို့ကျနော်မြင်တယ်။ ဒါကတစ်မျိုးသားလုံးအရေးဖြစ်သွားပြီ။ COVID ပြီးသွားပေမယ့် နောက်လည်း အကျပ်အတည်းတွေဆက်လာဦးမှာ။ နောက်တစ်ပိုင်းကကျတော့ အစိုးရကို ဘယ်နေရာမှားသွားသလဲ မှားသွားတဲ့နေရာချမယ်ဆိုတဲ့အစား အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေ၊ အကြံပြုချက်တွေပေးရလိမ့်မယ်။ အစိုးရကလည်း ဒီဟာကိုနားထောင်ပေးရမယ်။

ကျနော်က အဲဒီလိုအခြေအနေတစ်ခုကိုသွားစေချင်တယ်။ ဘာလို့လည်း ဆိုတော့ ဒီရွေးကောက်ပွဲက ပြီးသွားမှာပဲ။ နိုင်တဲ့လူလည်း နိုင်သွားမှာပဲ။ အဲဒီအချိန်မှာ အစိုးရဖြစ်မယ့်လူက တော်တော်ခေါင်းကျိန်းမှာ။ ဘာလို့လည်းဆိုတော့ ဒီ COVID နဲ့ပတ်သက်ပြီး သက်ရောက်လာမယ့် Impact တွေက အများကြီးမှ တော်တော်အများကြီးပဲ။ ဒါတွေကိုဘယ်လိုရှင်းမလဲဆိုတာက တော်တော်ကျပ်တည်း ခက်ခဲဦးမယ်။ နောက်တက်မယ့် အစိုးရရင်ဆိုင်ရမှာ။ သေချာပေါက်ကို ရင် ဆိုင်ရမှာ။ ဒါ နိုင်ငံရေးပြဿနာတွေမပါသေးဘူးနော်။ ပြည် တွင်းစစ်ပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာ၊ လူ့အခွင့်အရေးပြဿနာ၊ ICJ ပြဿနာ အဲဒါတွေ မပါသေးဘူး။

ပြည်တွင်းမှာပဲ စီးပွားရေးမွန်းကျပ်မှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သိပ်အရေးကြီးတာ။ အဲဒီတစ်ခုတည်းတင်ပဲ အစိုးရကြုံရမယ့်ပြဿနာက တော်တော်ကြီးနေပြီ။ အခုအချိန်မှာ နံပါတ်တစ်က COVID ကိုအတတ်နိုင်ဆုံးထိန်းချုပ်နိုင်အောင် ကျနော်တို့လုပ်ရမယ်။ နံပါတ်နှစ်က COVID နဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ မပေါ်သေးခင်မှာ ဘယ်လိုယှဉ်တွဲ နေထိုင်သွားမလဲဆိုတဲ့အချက်။ ဥပမာ ရန်ကုန်က အမြဲ Lock Down ချလို့လည်းမရဘူးလေ။ Stay at Home လုပ် လို့လည်းမရဘူး။

စီးပွားရေးလုပ်ငန်းတွေက ရပ်လေ၊ ဒုက္ခရောက်လေဖြစ်မှာ။ ကျနော်စောစောကပြောသလိုပဲ။ ရန်ကုန် စီးပွားရေးသည် မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဖြစ်တယ်။ ဆိုတော့ ဒီဟာအပေါ်မှာ COVID နဲ့ ဘယ်လိုသွားမလဲ။ ဖြစ် ပေါ်လာတဲ့ Social Impact တွေ၊ ဥပမာ နေ့စားအလုပ်သမားတွေရှိတယ်၊ ဆိုက္ကားသမားတွေရှိတယ်၊ ဈေးရောင်းတဲ့လူတွေရှိတယ်၊ သူတို့ရဲ့စားဝတ်နေရေးတွေ လည်ပတ်အောင် ဘယ်လိုလုပ်မလဲ။ ဒါတွေအတွက် အားလုံးရဲ့အသံ၊ အားလုံးရဲ့အသံဆိုတာ ကိုယ်နဲ့သဘောထားတိုက် ဆိုင်တာတွေလည်းပါလိမ့်မယ်၊ မတိုက်ဆိုင်တာတွေလည်းပါလိမ့်မယ်၊ ဒါတွေကိုများများနားထောင်ပြီးမှ စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒါကျနော်မြင်တာပေါ့။

ထိန်းချုပ်ဖို့လိုမယ်၊ စီးပွားရေးတွေနဲ့ပတ်သက်ပြီး စဉ်းစားဖို့လိုမယ်၊ ရေရှည်နဲ့ပတ်သက်ပြီးတော့ ဒီ COVID ရဲ့အောက်မှာပဲ ရေရှည် ဘယ်လိုစီးပွားရေးလုပ်မလဲဆိုတဲ့အမြင်တွေရှိဖို့လိုမယ်၊ နောက်တစ်ခုက ဖြစ်ပေါ်လာ မယ့် တဖြည်းဖြည်းသက်ရောက်လာမယ့်အခက်အခဲတွေ၊ နောက်ဆုံးကာကွယ်ဆေးတွေ့ရင်တောင် ဒီ COVID ကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုစားဖို့ ကျနော်တို့အချိန်ကာလ တစ်ခုဖြတ်သန်းရတော့မယ်။ အဲဒီလိုဖြတ်သန်းဖို့ အတွက် ဘာတွေဘယ်လိုပြင်ဆင်မလဲ။ ဒါတွေကိုတော့ Brain Storming လုပ်သင့်တယ်။

နောက် လူတွေရဲ့ထိခိုက်သွားတဲ့ စိတ်ပိုင်းဆိုင်ရာတွေအတွက် ဘယ်လို Counseling တွေလုပ်ပေးမလဲ။ ဒါတွေကအစ စဉ်းစားဖို့လိုမယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့ဘေးအမြင်ပါဗျ။ ကျနော်တို့ထက် တတ်သိနားလည် တတ်ကျွမ်းတဲ့လူတွေရဲ့အမြင်တွေ ရှိပါလိမ့်မယ်။ ကျနော်တို့ထက်ကောင်းတဲ့အမြင်တွေရှိမှာပေါ့။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,