COVID -19 ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်က ဆရာဝန်တစ်ဦး – အပိုင်း(၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဝန်ကြီးဆီကို တင်ပြပေးပါဆိုလို့ ဝန်ကြီးဆီကို ပို့လိုက်တယ်။ ဆေးထုတ်မယ့် လုပ်ငန်းအစီအစဉ်ပေါ့။ လုပ်ငန်းအစီအစဉ် ပို့ပေးလိုက်တော့ ဝန်ကြီးက …

UAM / ဒေါက်တာအောင်မြင့်

COVID -19 ကာကွယ်ဆေးကို မြန်မာပြည်က ဆရာဝန်တစ်ဦးက ထုတ်လုပ်ရန်ကြိုးစားနေသည် ဆိုသည့်သတင်း စကားသည် ကြားရသူများအတွက် ဂုဏ်ယူတစ်ဝက်၊မယုံတစ်ဝက်ဖြစ်နိုင် သူများလည်းရှိသည်။အံ့အားသင့် သူများလည်း ရှိမည်။ လုံးဝ မယုံသူများလည်း ရှိမည်။ သို့သော် COVID -19 ကာကွယ်ဆေးထုတ်ရန် ဆိုသည့် ကိစ္စမှာ စိတ်ကူးပြီး ထုတ်ပြောသည့် ကိစ္စမဟုတ်ဟု ဒေါက်တာအောင်မြင့်ကဆိုသည်။

ဒေါက်တာအောင်မြင့်၏ လုပ်သက် နှစ်(၃၀) တွင် (၂၇) နှစ်ခန့်သည် ကာကွယ်ဆေးထုတ်လုပ်မှုတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

ကာကွယ်ဆေး ထုတ်ရန် နည်းပညာဖြင့် ကာကွယ်ဆေးအများအပြားကို ထုတ်လုပ်ခဲ့ဖူး ကြောင်းလည်း ဒေါက်တာ အောင်မြင့်က ငြမ်းမီဒီယာ ကိုပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID -19 Vaccine ထုတ်လို့ရနိုင်သည့် နည်းပညာနှင့်ပတ်သက်၍ ဒေါက်တာအောင်မြင့် ရေးသားခဲ့သော စာတမ်းကို အင်္ဂလန် နိုင်ငံက Veterinary Record Journal က ဖော်ပြခဲ့သည်။

ဒေါက်တာအောင်မြင့်သည် COVID -19 Vaccine ထုတ်လုပ်ရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံ စာပေးပို့ခဲ့ပြီး တာဝန်ရှိသူအချို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်ရန် အခြေအနေမပေးခဲ့ပေ။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ငြမ်းမီဒီယာ က ဒေါက်တာအောင်မြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုယ့်အစိုးရအဖွဲ့ ထဲမှာ ဝန်ကြီးဌာန ညှိပြီးရင် ကာကွယ်ဆေး အမြောက်အများ ထုတ်တဲ့ လုပ်ငန်းကို လုပ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ …

ငြမ်းမီဒီယာ – ဆရာဦးအောင်မြင့် ရဲ့ ကိုယ်ရေးအကျဉ်း ကို အရင်ပြောပြပေးပါဦးခင်ဗျ။

Dr.UAM – ကျနော်ကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ပါ။ ၁၉၆၉ မှာ ဘွဲ့ရတယ်ဗျာ။ အဲဒီအချိန်က စပြီး နှစ်(၃၀) အလုပ် လုပ်ခဲ့တယ်။ ဟိုတုန်းကတော့ တိရစ္ဆာန်ဆေးကုဌာန ပေါ့။နောက်ပိုင်းတော့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန မှာ အလုပ်လုပ်ခဲ့ပြီး နှစ်ပြည့်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။ အဲဒီ နှစ်(၃၀)မှာ (၂၇) နှစ်ကျော်က ကာကွယ်ဆေးထုတ်တဲ့ လုပ်ငန်းမှာ အဓိက လုပ်ခဲ့ပါ တယ်။ ကာကွယ်ဆေးထုတ်တဲ့ အလုပ်ဆိုတာ ကျွဲ၊နွား ၊ကြက်၊ဝက် တိရစ္ဆာန်တွေ အတွက် ထုတ်တဲ့ ကာကွယ်ဆေးပါ။

ကာကွယ် ဆေး ထုတ်တာ လုပ်ခဲ့တဲ့ (၂၇) နှစ် အချိန် အတွင်းမှာ သူများတွေသင်ပေးခဲ့လို့ ပုံမှန်ထုတ်နေတဲ့ ကာကွယ်ဆေးတွေကို ဆက်ပြီး ထုတ်ခဲ့တာ ရှိသ လို ကမ္ဘာမှာ မရှိသေးတဲ့ ကာကွယ်ဆေးအသစ်တစ်ခု သုတေသနလုပ်ပြီး ထုတ်ခဲ့တဲ့ အတွေ့အကြုံ လည်း ရှိပါ တယ်။ အဲဒါကတော့ ကျွဲ၊နွားတွေရဲ့ လည်ချောင်းကွဲ ရောဂါကို ကာကွယ်မယ့် ကာကွယ်ဆေးပါ။ ကျန်တဲ့ ဆေးတွေလို ဆေးထိုးအပ်နဲ့ ထိုးဖို့ မလိုဘဲ နှာခေါင်းထဲကို ရေမှုန်လေးတွေ၊ဆေးမှုန်လေးတွေ ဖြန်းပြီးတော့ ကာကွယ် ပေးနိုင်မယ့် ကာကွယ်ဆေး အမျိုးအစားပါ။ ဒီဟာက ကမ္ဘာမှာ မရှိသေးတဲ့ဆေးပါ။

အဲဒီဟာက (၁၂) နှစ်လောက်တစ်ဆင့်ပြီး တစ်ဆင့် အလုပ်လုပ်ခဲ့ပြီး နောက်ဆုံး FAO က ဒီဆေးကို အသိအမှတ်ပြု ထောက်ခံ ချက် ပေးပြီး ကိုယ်တိုင်းပြည်သာမက ပတ်ဝန်းကျင်နိုင်ငံတွေကိုပါ နည်းပညာ ဖြန့်ပေးပါလို့ သတ်မှတ်ခံရတဲ့ ကာကွယ်ဆေး၊ ဆေးသုတေသန လုပ်ငန်းပါ။ အဲဒီလို လုပ်ခဲ့တဲ့ အတွေ့ကြုံက ၁၉၉၇ မှာ နိုင်ငံတော်က လယ်ယာ စီးပွားထူချွန် ပထမအဆင့်ဆိုပြီး ဆုတံဆိပ်ပေးပါတယ်။ ကာကွယ်ဆေးထုတ်တာနဲ့ပတ်သက်ပြီး အဲဒီအတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ နောက်တော့ ၁၉၉၉၊ ဒီဇင်ဘာမှာ နှစ်(၃၀) နဲ့ ပင်စင်ယူလိုက်တယ်။ ပင်စင်ယူပြီးတဲ့ နောက်မှာလည်း ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ Advanced Biologicals ဆိုပြီးတော့ တိရစ္ဆာန်တွေ အတွက် ကာကွယ်ဆေးထုတ်တဲ့ အလုပ်တစ်ခုကို ၂၀၀၆၊ ဖေဖော်ဝါရီလအထိ ထုတ်ခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူကိုလည်း အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ကာကွယ်မှု စွမ်းအားကောင်းတဲ့ အဆောက်အဦ တွေ လို …

ငြမ်းမီဒီယာ – COVID -19 ကာကွယ်ဆေးကို မြန်မာပြည်က ဆေးပညာရှင်တစ်ယောက်က ထုတ်ဖို့ကြိုး စားနေတယ်လို့ ကျနော်တို့ သတင်းကြားခဲ့တာ ရှိပါတယ်။ ဆေးသုတေသနနဲ့ လည်း တွေ့ခဲ့၊ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာပြောပြ ပေးပါဦး။

Dr.UAM – COVID -19 မြန်မာပြည်မှာ မဖြစ်သေးခင် နိုင်ငံတကာမှာ ဒီကိစ္စက တော်တော်လေး အရေးကြီးတဲ့ ကိစ္စဖြစ်နေ တယ်။ကာကွယ်ဆေး မရှိပဲနဲ့ ဒီရောဂါကို ကျော်လွှားဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အလွန် ခက်ခဲ ကြလိမ့်မယ်ဆိုတဲ့ အတွက် ကြောင့် ဒီကာကွယ်ဆေးအကြောင်းတွေ အများကြီး ပြောနေဆိုနေကြတယ်။ အဲဒီ အချိန်မှာ ကျနော်ခုနက ပြောတဲ့ ကိုယ်ပိုင် ကာကွယ် ဆေးတွေ ထုတ်တဲ့ကာလမှာ တွေ့ရှိခဲ့တဲ့ နည်းပညာ အသစ်၊ နည်းလမ်းအသစ်နဲ့ ဆိုရင်တော့ COVID -19 Vaccine ကာကွယ်ဆေးကို ထုတ်လို့ ရနိုင်တယ် ဆိုတာကို အင်္ဂလန်နိုင်ငံက Veterinary Record Journal မှာ စာတစ်စောင်ရေးပို့ခဲ့ ပါတယ်။ သူတို့ကလည်း ကျနော့်စာ ကို ထုတ်ဝေခဲ့ပါတယ်။

ဒါရိုက်တာ တစ်ယောက်နဲ့ တိုက်ရိုက်စကားပြောပါဆိုလို့ Zoom Meeting နဲ့ သူတို့နဲ့ စကားပြောလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီးကလည်း …

အဲဒီလို ထုတ်ဝေပြီး ရက်ပိုင်းမှာပဲ မြန်မာပြည်မှာ ဒီရောဂါ ဖြစ်လာတော့ ဒီနည်းပညာနဲ့ ကာကွယ်ဆေးထုတ်ရင် ရနိုင်ပါတယ် ဆိုတာ၊ ဒီနည်းပညာကို သုံးပြီး ကာကွယ်ဆေး ထုတ်ဖို့အတွက် အကူအညီ ပေးချင်ပါတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆီကို လိပ်မူပြီး စာတွေပို့ခဲ့ပါတယ်။ အဓိက က ကာကွယ်ဆေး ထုတ်မယ်ဆိုရင် ကျနော် ရှိထားတဲ့ နည်းပညာနဲ့ အကူအညီပေးချင်ပါတယ်လို့ အဲဒီလို စာတွေ ရေးခဲ့တာပါ။ အဲဒီလို ရေးခဲ့တဲ့ အတွက်ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးက ကျနော်အီးမေးလ်နဲ့ ပို့တဲ့စာကို အီးမေးလ်နဲ့ပဲ အကြောင်းပြန်ပါတယ်။

အဲဒီကိစ္စအတွက်ကို ဆေးသုတေသန ညွှန်ကြားရေးမှူးချုပ်နဲ့ သူ့အဖွဲ့နဲ့ သွားပြီ တွေ့လိုက်ပါဆိုလို့ ဧပြီလ (၂)ရက်နေ့ မှာ သွားပြီး တွေ့ခဲ့ တာပါ။ ခုနကပြောတဲ့သတင်းက အဲဒီ အကြောင်းအရာကို ပြောတာ ဖြစ်ပါ လိမ့်မယ်။သွားတွေ့တယ် ဆိုတာက တွေ့ပါလို့ ပြောလို့ ကျနော်က သွားတွေ့တာပါ။ ဧပြီလ (၂) ရက်နေ့မှာ တွေ့တယ်။ ညွှန်မှူး၊ဒုညွှန်ချုပ်၊ ညွှန်ကြားရေးမှူချုပ် တွေပါတယ်။ နောက်တစ်ခါ Scientist တွေ့ပါတယ်။ အဲဒီ အဖွဲ့ကို ဒီဆေးထုတ်ရင် သုံးမယ့် နည်းပညာအကြောင်းအရာတွေကို ပါဝါပွိုင့်တွေနဲ့ သူတို့ကို ရှင်းပြခဲ့တယ်။ တွေတယ်ဆိုတာ အဲဒီကိစ္စပါ။ဒီဆေးကို ဘယ်လိုပုံစံနဲ့ ထုတ်ရင်ဖြစ်နိုင် တယ် ဆိုတာ ရှင်းပြခဲ့တာပါ။

အခု တရုတ်က ထုတ်တဲ့ ဆေးကလည်း အဲဒီပုံစံမျိုးပဲ။ ဗိုင်းရပ်စ်ကို မွေးပြီးတော့ ၊သတ်ပြီးတော့ ကာကွယ်ဆေးထုတ်တာ။ ဒါပေမယ့် …

ငြမ်းမီဒီယာ – COVID -19 Vaccine ကာကွယ်ဆေးကို ထုတ်နိုင်တဲ့ ပုံစံ၊ ဖြစ်နိုင်တဲ့ ပုံစံကို သူတို့ကို ရှင်းပြခဲ့တယ်။ သူတို့ဘက် ကရော ဘာတုံ့ပြန်ခဲ့သလဲ ဆရာ။

Dr.UAM – ဒီကိစ္စက ဝန်ကြီးက ညွှန်ကြားတာဆိုတော့ သူတို့ ဝန်ကြီးကို ပြန်ပြီး အစီရင် ခံမယ်ပေါ့။ ပြီးတဲ့အခါ လိုအပ်တာ ဆက်လုပ်မယ်လို့ အဲဒီနေ့က ပြောပါတယ်။ ပြီးတဲ့ အခါ ကျတော့ နောက်အပတ်ထဲမှာ ဒါနဲ့ ပတ်သက်ပြီး လုပ်မယ့် အစီအစဉ်လေးကို ဝန်ကြီးဆီကို တင်ပြပေးပါဆိုလို့ ဝန်ကြီးဆီကို ပို့လိုက်တယ်။ ဆေးထုတ်မယ့် လုပ်ငန်းအစီအစဉ်ပေါ့။ လုပ်ငန်းအစီအစဉ် ပို့ပေး လိုက်တော့ ဝန်ကြီးက ပြန်ရေးလာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီဟာအတွက်ကို ဆေးသုတေသန ဦးစီးဌာနမှာ Institutional Review Board ဆိုတာ ရှိတယ်။ သုတေသန လုပ်ငန်းတွေ အားလုံးကို စီစစ်တဲ့အဖွဲ့ပေါ့။ အဲဒီအဖွဲ့မှာ သူတို့ သတ်မှတ်ထားတဲ့ ပုံစံတွေ ဖြည့်သွင်းပြီးတော့ အဲဒီအဖွဲ့ကို တင်လိုက်ပါလို့ သူက စာပြန်ရေးလာပါတယ်။ အဲဒီမှာ Institutional Review Board ကို သူတို့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း စာတင်ခဲ့တာပေါ့။ စာတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့မှာ Board အစည်းအဝေးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး လိုအပ်တာတွေ ရှင်းပြ ၊သူတို့မေးခွန်းတွေ ဖြေ ပြီးတော့ သူတို့ ဆွေးနွေးတဲ့ဟာတွေ ပရိုတိုကောထဲမှာ ပြင်စရာရှိတာပြင်တယ်။

နောက်တစ်ခါ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုရှိတယ်။ CEPI (Coalition for Epidemic Preparedness Innovations) အဖွဲ့။ ဒီအဖွဲ့က ဘေလ်ဂိတ်တို့ တည်ထောင်ထားတာ။ဒီအဖွဲ့က ရောဂါ အသစ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ကာကွယ်ဆေး၊ ကုသဆေး ရှာတဲ့ အဖွဲ့ပေါ့။ အဓိက က ဒီအဖွဲ့က ငွေကြေးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းပါ။ အဲဒီအဖွဲ့အစည်းက ဒါရိုက်တာ တစ်ယောက်နဲ့ တိုက်ရိုက် စကားပြောပါဆိုလို့ Zoom Meeting နဲ့ သူတို့နဲ့ စကားပြော လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီးကလည်း Informal ပါ။ သူတို့ကိုတွေ့ချင်တယ်ဆိုလို့ တွေ့ပေးတဲ့ သဘောမျိုးပဲ။ တော်တော် တော့ စကားပြောလိုက်ပါတယ်။

ဒီအမျိုးသမီးကတော့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်တဲ့ Microbiologist တော့ မဟုတ်ဘူး။ သူက Chemical Engineer ပါ။ ဒါပေမယ့် ဆေးထုတ်တဲ့ လုပ်ငန်းတွေနဲ့ တစ်နည်းတစ်လမ်း ပတ်သက်နေပြီးတော့ အဲဒီမှာအဲဒီရာထူး ရထားတာ။ အဲဒီမှာ ဒီအမျိုးသမီးကတော့ သူ့အမြင်၊သူ့အတွေးနဲ့ ပြောတာလေးတွေ ရှိပါတယ်။ သို့သော် အခုလုပ်မယ်လို့တင်ပြထားတဲ့ ဟာနဲ့ တော်တော်လေး အလှမ်းဝေး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ဒီကာကွယ်ဆေးထုတ်ဖို့အတွက် ကနဦးစမ်းသပ်တဲ့ လုပ်ငန်းလေးတွေ လုပ်ချင်တယ်ဆိုတာက ဓာတ်ခွဲခန်းမှာ စမ်းတဲ့အဆင့်ပါ။ လူတွေဘာတွေနဲ့ စမ်းတဲ့အဆင့် မဟုတ်သေးဘူး။

ကာကွယ်ဆေးဆိုတာက ဒီဆေးထုတ်နိုင်တဲ့ မျိုးစေ့လေးလိုတာပေါ့ဗျာ။ ဒီမျိုးစေ့လေး ကို ဓာတ်ခွဲခန်းမှာစမ်းတဲ့ အခါ တိရစ္ဆာန် တစ်ကောင်ကောင်နဲ့စမ်းတာပေါ့။ ကြွက်တို့ဘာတို့ပေါ့။ တိရစ္ဆာန်တစ်ကောင်ကို ထိုးထည့် လိုက်ပြီဆိုရင် ဒီရောဂါကို ကာကွယ်နိုင် တဲ့ Antibody တွေ သူ့ဆီက ထွက်သလား၊မထွက်သလား ဆိုတာ ကနဦး စမ်းရတာပေါ့။ အဲဒီစမ်းတဲ့ အဆင့် ဟာကို လုပ်ဖို့အတွက် ဒီသုတေသနလုပ်ငန်းကို အဆိုပြုတာပါ။ နောက် အဲဒီလိုမျိုး ကာကွယ်ဆေးမျိုးစေ့ဆိုတာကလည်း သာမန်အားဖြင့် ကာကွယ်ဆေးတွေ ထုတ်တယ် ဆိုတာကလည်း ဒီရောဂါပိုးကို မွေးမယ်။ရောဂါပိုးတွေ အများကြီး ပွားပြီး မွေးပြီးရင် အဲဒီပိုးတွေကို သတ်မယ်။ ပြီးရင် ကာကွယ်ဆေးအနေနဲ့ လိုတဲ့ဟာ တွေကိုရောစပ် Formulate လုပ်တာ။ အဲဒီလိုမျိုး ဆေးထုတ်တာ။ ဒါက ကနဦး ဟိုး ရှေးရှေး ကတည်းက လုပ်တာ။

အခု တရုတ်က ထုတ်တဲ့ ဆေးကလည်း အဲဒီပုံစံမျိုးပဲ။ ဗိုင်းရပ်စ်ကို မွေးပြီးတော့ ၊သတ်ပြီးတော့ ကာကွယ် ဆေးထုတ်တာ။ ဒါပေမယ့် အခု နောက်ပိုင်း ကျတော့ Genetic engineering နည်းတွေနဲ့ ဗိုင်းရပ်စ်မပါအောင် သီးခြား အစိတ်အပိုင်း လေးတွေကို မွေးယူတဲ့ နည်း၊ဒါကတော့ တခြား ဆဲလ်တွေ၊ဗိုင်းရပ်စ်တွေ သုံးပြီးတော့မှ လုပ်တဲ့နည်းပေါ့။ အခု နိုင်ငံတကာမှာ ဆေး(၇)မျိုးလောက် ထုတ်နေတာမှာ ထိပ်တန်းရောက်နေတာ (၃) မျိုးက Messenger rna ဆိုတာကိုသုံးတယ်။ အဲဒါကတော့ ဒီဗိုင်းရပ်စ်တွေ၊ဘာတွေ ဘာပိုးမှ မပါဘဲ ဗီဇပစ္စည်း သက်သက်ကို ကာကွယ်ဆေးအနေနဲ့ သုံးနိုင်ဖို့လုပ်တာ။

နောက်အုပ်စုတစ်ခုက သူက ကုမ္ပဏီ သုံးခုလောက်ရှိတယ်။ သူတို့ကတော့ adenoviruses ဆိုတာ ဒီဗိုင်းရပ်စ်တစ်ခုကို ကိုဗစ်နိုင်တင်း ရောဂါပိုးရဲ့ Spike Proteins အဲဒီဟာကို ထုတ်တဲ့ Gene အဲဒီအထဲကို ထည့်ပေးပြီးတော့ အဲဒီဗိုင်းရပ်စ်ကို ကာကွယ်ဆေးတစ်ခုအနေနဲ့ သုံးမှာ။ ဒီနည်းလမ်းကတစ်ခု။ ကျနော်အဆိုပြုတဲ့ နည်းကတော့ ဗိုင်းရပ်စ်မဟုတ်ဘဲနဲ့ ဘက်တီး ရီးယားထဲကို ကိုဗစ်နိုင်တင်း ရဲ့ Gene အစိတ်အပိုင်းတွေကို ရောက်အောင် လုပ်ပေးပြီးတော့ အဲဒီ ဘက်တီးရီးယားနဲ့ ကာကွယ် ဆေးကို ထုတ်ဖို့ပါ။ အဲဒီ နည်းပညာကို တင်ပြတာပါ။ အဲဒီနည်းနဲ့ ဘက်တီးရီးယား မျိုးစေ့လေး ရတယ်။

ဒီ ဘက်တီး ရီးယားသည် ကိုဗစ်နိုင်တင်းရောဂါကို ကာကွယ်ပေးနိုင်တဲ့ ပစ္စည်း၊လှုံ့ဆော်ပေးနိုင်တဲ့ပစ္စည်း အဲဒီ Antigen ပါတယ်ဆိုရင် ကာကွယ်ဆေး ဆက်လုပ် သွားလို့ရမယ်။ ဓာတ်ခွဲခန်းအဆင့်မှာ ကြွက်လောက်ထိုးမယ်။ Antibody ထွက်တယ် ဆိုရင် ပထမတစ်ဆင့် အောင်မြင်တယ်ဆိုရင် ဒုတိယတစ်ဆင့် နောက်ထပ် ပရောဂျက် အတွက် ပရိုပိုဆယ် ထပ်ရေးဖို့ရှိတယ်။ ပြီးရင် အဲဒီဟာကကျတော့ ဒီရောဂါကိုတကယ်ကာကွယ်သလား ဆိုတာကို Challenge လုပ်တာပေါ့။ ရောဂါပိုးနဲ့တစ်ခါစမ်းမယ်။

အဲဒီအဆင့်ကျတော့ အဆင့်မြင့်တဲ့ ဓာတ်ခွဲခန်းနေရာတွေ လိုမယ်။ ဆိုလိုတာက Biosafety Level 3 ပေါ့။ လူကိုလည်း အန္တရာယ် ပေးနိုင်တဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ကာကွယ်မှု စွမ်းအားကောင်းတဲ့ အဆောက်အဦ တွေ လိုတယ်။ အဲဒီ အဆောက် အဦတွေ မရှိဘူးလို့ သူတို့က ဆိုတယ်။ မြန်မာပြည်မှာ မရှိသေးဘူး။ ဒီဌာနမှာ မရှိဘူး။မရှိတဲ့ အတွက်ကြောင့် အဲဒီအဆင့်ကို လုပ်ဖို့ အခက်အခဲ ရှိတယ်ပေါ့။ ၂၈ ရက်နေ့ အစည်းအဝေးမှာတော့ တကယ်လို့ ပထမတစ်ဆင့် အောင်မြင်ရင် ဒုတိယအဆင့် အတွက် အဲဒီဓာတ်ခွဲခန်း အဆောက်အဦ ဆောက်ဖို့ ကုန်ကျစရိတ် ကို ကျနော် အလှူရှင် ရှာပေးမယ်။ ရှာလို့ ရနိုင်ပါတယ်လို့ အဲဒီလိုပြောခဲ့တယ်။ သို့သော် အဲဒီဟာကတော့ သူတို့က စကတည်းက အဆုံးထိလုပ်နိုင်တဲ့ အခြေအနေမျိုးကို ပြောနေပေမယ့် အဲဒီအတွက် မလုံလောက်သေးဘူးပေါ့။ နောက်တစ်ခါ ဆေးထုတ်မယ်ဆိုတော့လည်း ဆေးထုတ်ဖို့ ဓာတ်ခွဲခန်း မရှိဘူး။

ကျနော် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကိုရော၊ ဝန်ကြီးဆီကိုရော ကနဦး တင်တဲ့စာမှာက ခပ်ဆင်ဆင် ရေးထားတာက ဒီဟာကို ကနဦး စမ်းသပ်လို့ အဆင်ပြေရင် လူတွေနဲ့ စမ်းမယ်။ လူတွေမှာ အန္တရာယ်ကင်းမယ်။ ကာကွယ်ပေးတယ် ဆိုတာလည်း သေချာ သွားရင် ဆေးထုတ်တဲ့အဆင့်ကို စက်မှုဝန်ကြီးဌာနရဲ့ ဘီပီအိုင် ဒါမှမဟုတ် ရွာသာကြီးက အသည်းရောင် အသားဝါ ဘီပိုးစက်ရုံ အဲဒီလိုနေရာတွေမှာ လုပ်လို့ရနိုင်ပါတယ်။ စက်မှုဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ညှိပြီးတော့ ဒါ ကိုယ့်အစိုးရအဖွဲ့ ထဲမှာ ဝန်ကြီးဌာန ညှိပြီးရင် ကာကွယ်ဆေး အမြောက်အများ ထုတ်တဲ့ လုပ်ငန်းကို လုပ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ ဒီအတွက် Facility မရှိဘူးဆိုတာ သိပါတယ်။ ရေရှည်အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဒါတွေကို တင်ပြခဲ့တာပဲ။ ဆွေးနွေးခဲ့ပါတယ်။ သူတို့ က ကနဦးအဆင့် လုပ်ဖို့ဟာ ခုနက ဟိုအဆင့်အထိ မပြည်စုံတဲ့အပေါ်မှာ နောက်ဆုံးတော့ ငြင်းပယ်လိုက်တယ်ပေါ့ဗျာ။

ငြမ်းမီဒီယာ

COVID -19 ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်က ဆရာဝန်တစ်ဦး – အပိုင်း(၂) အား အောက်ပါလင့်ခ်တွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။

→  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီကိစ္စကို စိတ်ဝင်စားရင်တော့ …

Covid-19 ကာကွယ်ဆေး ဘယ်သူထုတ်လာနိုင်မလဲ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,