COVID-19 မကူးစက်စေရေး ဒါတွေကို သိထားသလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်သူများအနေဖြင့် အိမ်တွင် အစားအသောက် အလုံအလောက် ရှိရေးအတွက်သာမကဘဲ လူအများ ကြိတ်ကြိတ်တိုး နေကြသည့် စူပါမားကတ်များတွင် ဈေးဝယ်ခြင်းကြောင့် ၎င်းတို့ ဝယ်ယူလာ သည့် ကုန်စုံပစ္စည်း များ နှင့် ပါဆယ်များမှတဆင့် COVID-19 ကူးစက်ခံရမည်ကိုပါ စိုးရိမ်သောကများနေကြ ရပါသည်။

သတင်းကောင်းတစ်ခု ရှိပါသည်။

“ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သိပ္ပံပညာရပ်ဆိုင်ရာ တွေ့ရှိချက်သစ်များ ရှိလာပြီဖြစ်သော်လည်း လက်ရှိ တွင် ရောဂါပိုးအား အစားအသောက်မှ တဆင့် ကူးစက်ကြောင်း အထောက်အထား တစ်စုံတစ်ရာမရှိပေ။” ဟု New Brunswick, N.J. ရှိ Rutgers University မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ Donald Schaffner က ပြောကြားပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထိုသို့ မကူးစက်ရခြင်းမှာ ၎င်းသည် အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ရောဂါပိုး ကူးစက် ခံထားရသူ တစ်ဦး ချောင်းဆိုး၊ နှာချေသည့်အခါ ထွက်လာသည့် အရည်အမှုန်လေး များမှ တဆင့် လူတစ်ဦးမှ အခြားသူ တစ်ဦးထံသို့ အဓိက ကူးစက်ခြင်း ဖြစ်သည်။ အရည်အမှုန်များ ကျသွားသည့် မျက်နှာပြင်တစ်ခုကို ထိတွေ့မိပြီး နှာခေါင်း၊ ပါးစပ် သို့မဟုတ် မျက်လုံး များကို ထိတွေ့မိပါက ရောဂါပိုး ကူးစက်ခံရရန် ဖြစ်နိုင်ခြေရှိ သော်လည်း ၎င်းသည် ရောဂါပိုး ပျံ့ပွားသည့် အဓိက လမ်းကြောင်း မဟုတ်ကြောင်း ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဗဟိုအဖွဲ့အစည်း (CDC) က ထုတ်ပြန်ထားပါသည်။

CDC, ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ် ကဲရေး ကော်မတီ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းတို့က အစားအသောက်သည် ဗိုင်းရပ်စ် ပိုး ကူးစက်သည့် လမ်းကြောင်း တစ်ခု ဖြစ်သည်ဟု တွေ့ရှိထားခြင်းမရှိဟု ဆိုကြပါသည်။ COVID-19 ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆင်တူ သော ကိုရိုနာ ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားသည့် SARS နှင့် MERS တို့နှင့်ပတ်သက်၍ ရရှိထားသော သတင်းအချက်အလက်များသည် လည်း စိတ်သက်သာရာရဖွယ် ဖြစ်ပါသည်။

ကိုရိုနာ ဗိုင်းရပ်စ်သည် အစားအသောက်မှတဆင့်ကူးစက်တတ်သည့် ဘက်တီးရီးယား များနှင့် မတူပေ။ အစားအသောက်များတွင် …

WHO က အထောက်အထားများအရ အဆိုပါ ရောဂါများသည် အစားအသောက်မှ ကူးစက်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ဆိုရာတွင် ကောင်းမွန်သည့် အစားအသောက် ဘေးကင်း လုံခြုံရေး အလေ့အကျင့်များ ကိုမူ အစဉ် ကျင့်သုံး သင့်ပါသည်။ “အီး-ကိုလိုင် သို့မဟုတ် ဆယ်လ်မိုနဲလားတို့ကဲ့သို့သော အစားအသောက် မှ တဆင့် ကူးစက်တတ် သော ရောဂါများကို ဖြစ်ပွားစေသည့် ဘက်တီးရီးယား များ ကူးစက်မှုကို ကာကွယ်ရန် လုပ်ဆောင်သည့် အဆင့်များ ကို လိုက်နာပါက မည်သည့်ဗိုင်းရပ်စ်ပိုးမှမဆို ကာကွယ်ပြီး သားဖြစ်မည်ဖြစ်သည်။” ဟု Consumer Reports ၏ အစားအသောက်ဘေးကင်းလုံခြုံရေး သုတေသန နှင့် စမ်းသပ်မှု လုပ်ငန်းများဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ ဒေါက်တာ James Rogers က ဆိုပါသည်။

zack woolwine

၎င်းတို့အနက် အရေးအကြီးဆုံးမှာ သင်၏ လက်များအား အစား အသောက်များ မပြင်ဆင်မီ နှင့် ပြင်ဆင်နေ စဉ်၊ အသားစိမ်းများ၊ ကြက်ငှက်များ သို့မဟုတ် ဥများကို ကိုင်တွယ်နေ စဉ် နှင့် အစားအသောက်များ မစား သောက်မီ တို့တွင် လက်ဆေးရန် ဖြစ်သည်။ အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက် များကို ဆေးကြောသန့်စင် ပါ။ ဂျုံအနှစ် အစိမ်းဖြင့် ပြုလုပ်ထားသော အစားအစာများကို မစားပါနှင့် (အီး-ကိုလိုင်ပိုးကို တစ်ခါတစ်ရံတွင် ဂျုံမှုံ့၌ တွေ့ရပါသည်။) ထို့ပြင် အစားအသောက်တစ်ခုမှတစ်ခုသို့ ရောဂါပိုး ကူးစက်မှုကို ကာကွယ်ရန်အတွက် လည်း အသားစိမ်းများ အား အခြားသော အစားအသောက်များနှင့် သီးခြားစီ ခွဲခြားထားပြီး အသားနှင့် ဟင်းသီး ဟင်းရွက်များလှီးချွတ်ရန်အသုံးပြုသည့် စဥ့်နီတုံးများကို သပ်သပ်စီ အသုံးပြုပါ။ အစားအသောက်များ ချက်ပြုတ် ရာတွင် ဘေးကင်းသည့် အပူချိန်ရှိကြောင်း သေချာစေ ရန် အစားအသောက် အပူချိန်တိုင်းကိရိယာကို အသုံးပြုပါ။ ပုပ်သိုး နိုင်သည့် အစားအသောက်များ နှင့် စားကြွင်းများကိုလည်း လျင်မြန်စွာ အေးခဲသိမ်းဆည်းထားပါ။

အမှန်စင်စစ်တွင် ထိုသို့လုပ်ဆောင်သည့် အဆင့်များသည် ယခုကဲ့သို့ ကာလများတွင် ပိုမိုအရေးကြီးပါသည်။ “ယခုအချိန်တွင် ဆရာဝန်များအနေဖြင့် COVID-19 လူနာများကို ကုသရသဖြင့် ဝန်ပိနေသောကြောင့် အစား အသောက်မှတဆင့် ကူးစက် တတ်သော ရောဂါတစ်ခုခု ရရှိပါက ဆေးဝါးကုသမှု ခံယူရန် အခက်အခဲဖြစ်နိုင်ပါ သည်။” ဟု Rogers က ဆိုပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယခုဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အချက်အလက်များ မှာ အမျိုးမျိုးကွဲပြားနေပြီး အခြေအနေ များ တိုးတက် လာသည်နှင့်အမျှ ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို မည်သို့လျော့ချသင့်ကြောင်း သင်တို့တွင် မေးခွန်း များ ရှိနေ လိမ့်မည်ကို သိပါသည်။ ထို့ကြောင့် ယခုအသစ် ပေါ်ပေါက်လာသည့် ကိုရိုနာ ဗိုင်းရပ်စ် နှင့်အထူး သက်ဆိုင်သည့် အစားအသောက် ဘေးကင်း လုံခြုံရေးနှင့်ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် ကျွမ်းကျင် သူများကို မေးမြန်းထားပါသည်။

အမေး – ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအသောက်ကနေတဆင့် ကူးစက်နိုင်ပါသလား။

ခဲယဉ်းပါသည်။ အစားအသောက်များပေါ်သို့ ရောဂါပိုးရှိသူ တစ်ယောက် ယောက်မှ ချောင်းဆိုး၊ နှာချေ လိုက်လျှင် ဒါမှမဟုတ် လက်များတွင် ဗိုင်းရပ်စ်ပိုးရှိနေပြီး အစားအသောက် များကို ကိုင်တွယ်လျှင် အစားအသောက်ထဲသို့ ဗိုင်းရပ်စ်ပိုး ရောက်သွား နိုင်ခြေတော့ရှိပါသည်။သို့ရာတွင် ကိုရိုနာ ဗိုင်းရပ်စ်သည် အစားအသောက်မှတဆင့်ကူးစက်တတ်သည့် ဘက်တီးရီးယား များနှင့် မတူပေ။ အစားအသောက်များတွင် မပေါက်ပွားနိုင်ပါ။ “အစားအသောက်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သူနဲ့ကိုက်ညီတဲ့ အစားအသောက်အမျိုးအစား နဲ့ အခြေအနေတွေရှိရင် ဘက်တီးရီးယား ပိုး အနည်းငယ် ကနေပြီး အချိန်တိုလေးအတွင်းမှာ ထောင်နဲ့ချီ ပြန့်ပွားသွားပါတယ်။” ဟု ရာလေးမြို့၊ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ၏ ပါမောက္ခတစ်ဦးဖြစ်ပြီး အစားအသောက် ဘေးကင်းလုံခြုံရေး ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ Benjamin Chapman ဆိုပါသည်။ “ဗိုင်းရပ်စ်ပိုးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သက်ရှိ လက်ခံသူ (host) ရှိ မှပဲ ပေါက်ပွားနိုင်ပါတယ်။ လက်ခံသူရဲ့ ဆဲလ်တွေထဲကို ဝင်ရောက်ပြီး သန်းနဲ့ချီတဲ့ ဗိုင်းရပ်စ်အမှုန်တွေ ထပ်ထုတ်ပါတယ်။”

အကယ်၍ ရောဂါပိုးရှိသူ တစ်ဦးမှ ပန်းသီးတစ်လုံးအပေါ် နှာချေလိုက်ပြီး သင်မှ အဆိုပါ ပန်းသီးကို ကိုင်လိုက်ပြီး နောက် သင်၏ …

အမေး – ချက်ပြုတ်စားသောက်ရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေသလား။

WHO ၏ ဖော်ပြချက်အရ ဗိုင်းရပ်စ်ပိုးသည် သာမန် ချက်ပြုတ်သည့် အပူချိန်ကို ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် အစားအသောက် များကို ချက်ပြုတ်ရာတွင် ပုံမှန်ချက်နေကြအတိုင်း ချက်ပြုတ်နိုင်ပါသည်။ဗိုင်းရပ်စ်အား ထိခိုက်စေရန် လိုအပ်သည့် အပူချိန်နှင့် ပတ်သက်သော သီအိုရီအများစုသည် ဆား (SARS) ဗိုင်းရပ်စ် နှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ်မှာ ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ခုတည်း ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ “အဲ့ဒီ စာတမ်းမှာ အပူချိန် ၁၄၉ ဒီဂရီမှာ ၃ မိနစ်ချက်ပြုတ်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုး ဟာ အမှုန်ပေါင်း ၁၀၀၀၀ ကနေ ၁ အထိကျဆင်း သွားတယ်လို့ ဖော်ပြထားပါတယ်။” ဟု ချပ်မန်းက ဆိုသည်။ “ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီကိုရိုနာ ဗိုင်းရပ်စ်ဟာလည်း ဒီလိုမျိုးပဲဖြစ်မယ် မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီး သိနိုင်ဖို့အတွက် အချက်အလက် လုံလုံ လောက်လောက် မရှိပါဘူး။”

အစားအသောက်များကို အစားအသောက်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများသေစေနိုင် သည့် အပူချိန်တွင် ချက်မည်ဆိုလျှင် COVID-19 ကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ကိုလည်း သေစေနိုင်ဖွယ်ရှိပါသည်။ ဝက်သား၊ အမဲကင်၊ အမဲသားပြား၊ အသားတုံးများ နှင့် ငါးများကို ၁၄၅ ဒီဂရီ ဖာရင်ဟိုက်တွင်ချက်ပြီး ကြက်ဥပါသည့် ဟင်းများနှင့် အမဲသားတို့ကို ၁၆၀ ဒီဂရီ ဖာရင်ဟိုက်တွင်ချက်ပါ။ ကြက်ငှက်၊ အမဲသားတောက်တောက်စင်း၊ အသားပေါင်းများ၊ ဟင်းအကျန်များနှင့် ချက်ပြီးသား ဝက်ပေါင်ခြောက်များကို ၁၆၅ ဒီဂရီဖာရင်ဟိုက်တွင် ပြန်နွှေး ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမေး – အသား နဲ့ အခြားတိရစ္ဆာန်ထွက်ကုန်တွေကနေ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါသလား။

ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့သည့် ဖြစ်စဉ်များသည် တရုတ်နိုင်ငံရှိ အသားစိမ်းများ ရောင်းချသည့် ဈေးတစ်ခုနှင့် ဆက်စပ် နေသဖြင့် အချို့သူများအနေဖြင့် ထိုသို့ထင်ကောင်း ထင်နိုင်သည်။ သို့ရာတွင် ထိုသို့ ကူးစက်နိုင်သည်ဟု မည်သည့် အထောက်အထားမျှမရှိပါ။

နိုင်ငံတကာ တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျန်းမာရေး ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး တစ်ခု အရ “လူနာများတွင် တွေ့ရှိရသည့် ရောဂါလက္ခဏာများသည် ဖျားနာခြင်း နှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ လက္ခဏာ များ ဖြစ်သောကြောင့် ကူးစက်မှုသည် အသက်ရှုလမ်းကြောင်းမှ ကူးစက်ခြင်း ဖြစ်ပြီး အစားအသောက်မှတဆင့် ခံတွင်းမှ ကူးစက်ခြင်း ဖြစ်နိုင်ဖွယ်မရှိပါ။”

ထိုသို့ ဆိုလျှင် ထိုသူများ ကို ရောဂါပိုး မည်သို့ကူးစက်ခဲ့ သနည်း။သုတေသနများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း ဗိုင်းရပ်စ်သည် လင်းနို့များမှ စတင်ခဲ့ပြီးနောက် အခြားတိရစ္ဆာန်များထံ ပျံ့နှံ့သွားကာ ထိုမှတဆင့် လူများထံသို့ ကူးစက်လာ ခဲ့သည်ဟု ယုံကြည်ကြသည်။ “လူတွေနဲ့ အသားစိမ်းတွေ အနီးကပ်ထိတွေ့တဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ မျိုးစိတ်တစ်ခုကနေ နောက်တစ်ခု ကို (တိရစ္ဆာန်မှ လူသို့) ကူးစက်နိုင်မယ့် အလားအလာ ရှိပါတယ်။” ဟု Schaffner က ဆိုသည်။ “ကျွန်တော်တို့ သိသလောက် တော့ ဒီနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်တွေမှာ ပိုးမရှိပါဘူး။” ဟု Schaffner က ဆိုပါသည်။ ထို့ပြင် အဓိက ကူးစက်သည့် လမ်းကြောင်း မှာ လူတစ်ဦးမှ အခြားလူတစ်ဦးထံသို့ ကူးစက်ခြင်းဖြစ်သည်။

Kaboompics

အမေး – အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေလိုမျိုး အစိမ်းစားရတဲ့ အစားအစာတွေကို စားဖို့ စိတ်ချရပါ့မလား။

သီအိုရီအားဖြင့် အကယ်၍ ရောဂါပိုးရှိသူတစ်ဦးမှ ပန်းသီးတစ်လုံးအပေါ် နှာချေလိုက်ပြီး သင်မှ အဆိုပါ ပန်းသီး ကို ကိုင်လိုက်ပြီး နောက် သင်၏ မျက်နှာကို ထိတွေ့မည်ဆိုပါက ရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။ “ဒါပေမယ့် ဒီလို ကူးစက်နိုင် ခြေထက် ပန်းသီးပုံ နားမှာ ရပ်နေတဲ့ သူဆီကနေ ကူးခံရနိုင်ခြေက ပိုများပါတယ်။” ဟု Schaffner က ဆိုသည်။ ထို့ကြောင့် သင်နှင့် အခြားသူများကြား တွင် အနည်းဆုံး ၆ ပေခွာ၍နေရန် နှင့် ကုန်စုံဆိုင်တစ်ခုမှ ပစ္စည်း များကိုထိတွေ့ ကိုင်တွယ်ပြီးသည့် အခါ တတ်နိုင်သမျှ အမြန်ဆုံး လက်ဆေးရန် သို့မဟုတ် ပိုးသတ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ “ဒါတွေကတော့ သင့်အနေနဲ့ ကူးစက်နိုင်ခြေကို လျော့ချဖို့ အဓိက လုပ်နိုင်မယ့် အရာတွေပါ။” ဟု Schaffner က ဆိုပါသည်။ ထို့ပြင် သင့်အနေဖြင့် စိုးရိမ်ပူပန်နေပါက အသီးအရွက်များကို အစိမ်းမစားဘဲ ချက်ပြုတ်စားသောက်နိုင်ပါသည်။

cottonbro

အမေး – သင့်အနေနဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်ဆေးနေကျအတိုင်း မဟုတ်ဘဲ ဘယ်လို ဆေးသင့်သလဲ။

ထိုသို့ဆေးရန် မလိုပါ။ အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များအား ရေဖြင့်သာဆေးပါ၊ အကယ်၍ သင့်အနေ ဖြင့် ဆန္ဒရှိပါက ပန်းသီး သို့မဟုတ် အာလူးစသည့် မာကျောသည့် အသီးအနှံများကို ဟင်းသီးဟင်းရွက် ဘရပ်ရှ်ဖြင့် ဆေးကြောနိုင် ပါသည်။ “ဆပ်ပြာ ဒါမှမဟုတ် ရေရောထားတဲ့ အစွန်းချွတ်ဆေး တွေဟာ ဗိုက်နာခြင်း ကိုဖြစ်စေတဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ဒါတွေနဲ့ ဆေးဖို့ အကြံမပေးချင်ပါဘူး။” ဟု Schaffner က ဆိုသည်။ ရှာလကာရည်ဖြင့် ဆေးလျှင်လည်း ဗိုင်းရပ်စ်ပိုးကို မသေစေနိုင်ပါ။ အသီးအရွက်ဆေး သည့် ဆေးရည် များသည်လည်း ဗိုင်းရပ်စ်ပိုး သေစေနိုင်သည်ဆိုသော အထောက်အထားမရှိပါ။

Sven Brandsma

အမေး – အစားအသောက်တွေကို ထုပ်ပိုးထားတဲ့ အရာတွေဆီကနေ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါသလား။

CDC ၏ ကြေညာချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အဓိကအားဖြင့် အသက်ရှု လမ်းကြောင်းမှ ထွက်သည့် အရည်အမှုန်လးများ မှတဆင့် လူတစ်ဦးမှ တစ်ဦးထံသို့ ကူးခြင်းဖြစ်ပါသည်။ “ကျွန်တော်တို့အနေနဲ့ အစား အသောက် ဒါမှမဟုတ် အစားအသောက် တွေကို ထုပ်ပိုးထားတဲ့ အရာတွေဆီကနေပြီး ကူးစက်တယ်လို့ မတွေ့ရှိထားပါဘူး။” ဟု Chapman က ဆိုသည်။ ထိုသို့ဆိုရာတွင် သင့်အနေဖြင့် ဗိုင်းရပ်စ်ပိုးရှိသည့် အရာဝတ္ထု တစ်ခုကို ထိတွေ့မိပြီး နှာခေါင်း၊ ပါးစပ် သို့မဟုတ် မျက်လုံးများကို ထိတွေ့မိပါက ရောဂါပိုး ကူးစက်ခံရနိုင်ပါ သည်။

အစားအသောက် ထုပ်ပိုးပစ္စည်းများနှင့် ပတ်သက်၍မူ ကူးစက်နိုင်ခြေမှာ နည်းပါးပါသည်။ မတ်လ ၁၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် The New England Journal of Medicine ၏ ပဏာမ လေ့လာမှုတစ်ခုတွင် သုတေသီ များသည် အရာဝတ္ထု မျက်နှာပြင်အမျိုးမျိုးတို့တွင် ကိုရိုနာဗိုင်းရပ်စ်၏ အသက်ရှင် နိုင်မှုကို စမ်းသပ်ခဲ့ရာ ဗိုင်းရပ်စ် သည် ပလက်စတစ် နှင့် သံမဏိတို့ပေါ်တွင် ၇၂ နာရီအထိ ရှိနေကြောင်း တွေ့ရှိခဲ့ရသည် ကထ္ထူပေါ်တွင်မူ ၂၄ နာရီနောက်ပိုင်း ကူးစက်နိုင်သည့် ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ရပေ။

သို့ရာ တွင် ဗိုင်းရပ်စ် သည် လျင်မြန်စွာ အရေအတွက် ကျဆင်းပါ သည်။ Half-life သို့မဟုတ် ဗိုင်းရပ်စ် အရေအတွက် ၅၀% လျော့ကျသွားရန် ကြာမြင့်ချိန်သည် သံမဏိတွင် ၅.၆ နာရီဖြစ်ပြီး ပလပ်စတစ်တွင် ၆.၈ နာရီဖြစ်သည်။ ကတ္ထူပေါ်ရှိ half-life မှာမူ သုံး နာရီကျော်ရုံမျှသာဖြစ်သည်။ သို့ရာတွင် သုတေသီများက ၎င်းတို့ စမ်းသပ်ခဲ့သည့် သံမဏိ နှင့် ပလပ်စတစ် နမူနာများ အနက် ရလဒ်မှာ အမျိုးမျိုးကွဲပြားသည်ဟု ဆိုပါသည်။

“ဗိုင်းရပ်စ်ပိုး ရှိနေတယ်ဆိုရုံနဲ့ သင့်ကိုကူးစက်ဖို့ လုံလောက်တဲ့ အမှုန်အရေအတွက်ရှိတယ်လို့ မဆိုလိုပါဘူး။” ဟု CR’s Rogers က ဆိုသည်။ သက်ဆိုင်ရာ ထုပ်ပိုးပစ္စည်းတစ်ခုတွင် ဗိုင်းရပ်စ် ရောက်ရှိနေရန် လုံလောက်သည့် အခြေအနေများအားလုံး ရှိနေရန်သည်ပင် အခွင့်အလမ်း နည်းပါးပါသည်။

သင့်အနေဖြင့် အောက်ပါအဆင့်များကို လုပ်ဆောင်ခြင်းဖြင့် ကူးစက်နိုင်ခြေကို ထပ်မံလျော့ချနိုင်ပါသည်။

♦ ကုန်စုံဆိုင်မှ အိမ်သို့ပြန်ရောက်သည့်အခါတိုင်း လက်များကို ဆေးပါ။

♦ ဝယ်ယူလာသည့် ပစ္စည်းများကို သင်ပြန်လည်သန့်ရှင်းရေး ပြုလုပ်နိုင်မည့် မျက်နှာပြင်များပေါ်တွင်သာထားပါ။

♦ အထုပ်အပိုးများကို ဖြည်ပြီးပါက မျက်နှာပြင်ကို ပြန်လည် သန့်ရှင်းရေးပြုလုပ်ပြီး သင်၏ လက်များကို ထပ်မံဆေးကြောပါ။ သင့်အနေဖြင့် စိုးရိမ်ပူပန်နေသေးပါက ဖန်ပုလင်းများ၊ စည်သွပ် ဘူးများ၊ ပလပ်စတစ်ခွက်များ၊ စသည်တို့အား ပိုးသတ်သည့် အဝတ်ဖြင့် တိုက်ချွတ်ခြင် သို့မဟုတ် အတွင်းမှပစ္စည်းများကို အိုးခွက်အသစ်များအတွင်း လှယ်ထည့်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

Vincent M.A. Janssen

အမေး – သင့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများစွာ ပျံ့နှံ့နေသည့် ဒေသများမှ အစားအသောက်များ ကို စားလျှင် အန္တရာယ် ရှိနိုင်ပါသလား။

စိုက်ပျိုးရေး ဦးစီးဌာန၏ COVID-19 ဆိုင်ရာ ထုတ်ပြန်ချက် အသစ်များအရ “သွင်းကုန်များမှ COVID-19 ကူးစက်သည်ဟူသော အထောက်အထားတစ်စုံတစ်ရာမရှိဘဲ အမေရိကန် ပြည်ထောင်စု အတွင်း သွင်းကုန်များမှ COVID-19 ကူးစက်ခံခဲ့ရသည့် ဖြစ်စဉ်တစ်စုံတစ်ရာကိုလည်း အစီရင်ခံထားခြင်းမရှိပေ။” ကိုရိုနာဗိုင်းရပ်စ်သည် အစားအသောက်မှတဆင့် ကူးစက်တတ် သည့် ရောဂါများဖြစ်ပွားစေသော ဘက်တီးရီးယားများနှင့် မတူညီဘဲ အစားအသောက်များပေါ်တွင် ပေါက်ပွားမှုမရှိပေ။ ထို့ပြင် မကြာသေးမီက ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုအရ ဗိုင်းရပ်စ်ပိုး သည် မျက်နှာပြင်အများစုပေါ်တွင် အချိန်အနည်းငယ်မျှသာ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် အကယ်၍ ကုန်ပစ္စည်းတစ်ခု သို့မဟုတ် ထုပ်ပိုးပစ္စည်းတစ်ခုတွင် ဗိုင်းရပ်စ်ပိုး ကပ်ပါလာလျှင်ပင် ယင်းသည် သယ်ယူ ပို့ဆောင်စဉ်ကာလအတွင်း သေဆုံးသွားနိုင်ဖွယ်ရှိပါသည်။

အမေး – သင်အစားအသောက်များ ဝယ်ယူခဲ့သည့် စတိုးဆိုင် တစ်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေပါက အစားအသောက်များကို လွှင့်ပစ်သင့်ပါသလား။

ကျွမ်းကျင်သူများက ထိုသို့ပြုလုပ်ရန် မလိုအပ်ဟု ဆိုကြပါသည်။ FDA က ယင်းအနေဖြင့် COVID-19 နှင့် ပတ်သက်သည့် ကိစ္စရပ်များကြောင့် ဈေးကွက်အတွင်းမှ အစားအသောက်များ ကို ပြန်လည်သိမ်းဆည်းရန် သို့မဟုတ် ရောင်းချခွင့်ပိတ်သိမ်းရန် လုပ်ဆောင်ရမည်ဟု မျှော်လင့်ထားခြင်းမရှိဟု ဆိုသည်။ သင့် အနေဖြင့် စတိုးဆိုင်တစ်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် ဆိုင်ကို ရက်အနည်းငယ် ပိတ်သည့် သတင်းများ ကြားရနိုင်ပါသည်။ သို့ရာတွင် ထိုသို့ ပိတ်ထားရန် ဆုံးဖြတ်ခြင်းသည် လူတစ်ဦးမှ အခြားသူတစ်ဦးသို့ ကူးစက်နိုင်သည့် ဖြစ်နိုင်ခြေကြောင့် ဖြစ်ပြီး အစားအသောက်များ၏ ဘေးကင်းမှု ရှိမရှိနှင့် မသက်ဆိုင်ပေ။

အမေး – စားသောက်ဆိုင်များမှ ပါဆယ်ဝယ်ယူခြင်း သို့မဟုတ် အိမ်အရောက်မှာယူခြင်းများကို ရှောင်ကြဉ်သင့်ပါ သလား။

“မရှောင်ကြဉ်သင့်ပါ။” ဟု Chapman က ဆိုပါသည်။ “ကျွန်ုပ် အနေဖြင့် ထိုသို့ ဝယ်ယူခြင်းသည် ကုန်စုံဆိုင်သို့ ဈေးဝယ် ထွက်ခြင်း ကဲ့သို့မဟုတ်ဘဲ လူအများနှင့် ထိတွေ့ရမှုကို များစွာ လျော့ချပေး သော ကြောင့် အလွန် ကောင်းမွန်သည့် နည်းလမ်းဖြစ်သည်ဟု မြင်ပါသည်။” စားသောက်ဆိုင်အများစုတို့သည် ဝယ်ယူသူများ အနေဖြင့် ၎င်းတို့၏ အစားအသောက်များအတွက် ကြိုတင်ငွေပေး ချေနိုင်ပြီး အခြားသူတစ်ဦးအနားသို့ကပ်ရန် မလိုအပ် သည့် ထိတွေ့မှုမရှိသော ပို့ဆောင်မှု သို့မဟုတ် သယ်ဆောင်မှု စနစ်များကို ကျင့်သုံးလာခဲ့သည်။ “ရောဂါအတွက် အကြီးမားဆုံး ကူးစက်နိုင်ခြေဟာ တခြားသူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံတာဖြစ်ပြီး ထိတွေ့မှု မရှိတဲ့ ပို့ဆောင်မှု စနစ်ဟာ ဒီကူးစက်နိုင်ခြေကို ပပျောက်စေပါတယ်။” ဟု Chapman က ဆိုသည်။ ထို့ထပ်ပို၍ ကူးစက်နိုင်ခြေကို ထပ်မံလျော့ချလိုပါက အစားအသောက်များ ရောက်ရှိလာသည့်အခါ ပန်းကန်တစ်ခုအတွင်းသို့ လှယ်ထည့်ပြီး မူလထည့်လာသည့် ပစ္စည်းများကို စွန့်ပစ်ပါ။ ထို့နောက် အစာမစားမီ လက်ဆေးပါ။

အမေး – စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးတွင် ရောဂါရှိနေပါက သင်၏ အစားအသောက်များကို ကူးစက်နိုင်ပါ သလား။

ယေဘုယျအားဖြင့် စားသောက်ဆိုင်များသည် အစားအသောက် ဘေးကင်းလုံခြုံရေး စံချိန်စံနှုန်းများကို လိုက်နာရ ပါသည်။ ၎င်းတို့ သည် အဓိကအားဖြင့် အစားအသောက်မှတဆင့် ကူးစက်နိုင်သည့် ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ် များဖြစ်သော ဆယ်လ်မိုနဲလား၊ အီး-ကိုလိုင်၊ ရှီဂယ်လား၊ နိုရီုဗိုင်းရပ်စ် နှင့် အသည်းရောင်အသားဝါ အေဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ငါးမျိုးတို့ ကို ကာကွယ်ရန် ဖြစ်သည်။ အဆိုပါ စံချိန်စံနှုန်းများသည် အသစ် ပေါ်ပေါက် လာသည့် ကိုရိုနာဗိုင်းရပ်စ်ကိုလည်း သင်၏ အစားအသောက်များ အတွင်း ဝင်ရောက်သွားခြင်း မရှိစေရန် အကာ အကွယ်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် FDA က ဤကာလအတွင်း အစားအသောက် ထုတ်လုပ် သည့် လုပ်ငန်းများ အနေဖြင့် “မည်သည့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်စေ ဖျားနာနေသည့် လုပ်သား များကြောင့် ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ထိန်းချုပ်နိုင်ရေးအတွက် သန့်ရှင်းရေး နှင့် ပိုးမွှား သန့်စင်ရေး လုပ်ငန်းများကို နှစ်ဆတိုးမြှင့် လုပ်ဆောင် သင့်သည်။” ဟု အကြံပြုထားပါသည်။

Devon Rockola

အမေး – ကုန်စုံပစ္စည်းများထည့်သည့် ပြန်လည်အသုံးပြုနိုင်သော အိတ်များကို ဆေးကြောသင့်ပါသလား ။

ဤသို့ ဖြစ်ပွားနေသည့် ကာလအတွင်း တစ်ခါသုံးအိတ်များ ပြောင်းလဲအသုံးပြုခြင်းဖြင့် ပိုမိုအန္တရာယ်ကင်း သည်ဟု ထင်ရနိုင်သော်လည်း ကျွမ်းကျင်သူများကမူ ထိုသို့လုပ်ရန် မလိုကြောင်း ပြောကြားပါသည်။ “ကျွန်တော် အနေနဲ့ ကုန်စုံဆိုင်က ပြန်လာတိုင်း ကုန်စုံပစ္စည်းထည့်တဲ့ အဝတ်အိတ်တွေကို ပြန်လျှော်ဖွပ်ပါတယ်။” ဟု Chapman က ဆိုသည်။ “ဒီကနေပြီး ရောဂါပိုးကူးစက်နေတယ်ဆိုတဲ့ အထောက်အထားမရှိပေမယ့် ဒီလို လုပ်တော့ အန္တရာယ် ပိုကင်းပါတယ်။” ကုန်စုံပစ္စည်း ထည့်သည့် အိတ်များကို လျှော်ဖွပ်ခြင်းဖြင့် အစားအသောက် မှ ကူးစက်တတ်သည့် ဘက်တီးရီးယားပိုးမွှားများ ပွားများမလာ စေရန် ကာကွယ်ပေးသည်။ စတိုးဆိုင်မှ အိမ်ပြန်ရောက်သည့် အခါတိုင်း အစားအသောက်များကို အိတ်အပြင်ထုတ်ကာ အိတ်များကို ရေနွေးဖြင့် ဆေးကြောသန့်စင်ပြီး လက်များကို ဆေးကြောပါ။

 

အမေး – FDA နှင့် USDA တို့အနေဖြင့် အစားအသောက်မှ ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန်၊ စစ်ဆေးရန် နှင့် စောင့်ကြည့်ရန် ဆက်လက် လုပ်ဆောင်နေပါသလား။

ဤအစိုးရဌာနများသည် သွင်းကုန်များကို စောင့်ကြည့် စစ်ဆေးခြင်း၊ အစားအသောက် ထုတ်လုပ်ရေး စက်ရုံများ ကို စစ်ဆေးခြင်း နှင့် အစားအသောက်ထုတ်လုပ်ရေး စက်ရုံများ အတွက် ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်း များ သတ်မှတ် ထားရှိခြင်းတို့ အပါအဝင် နိုင်ငံ၏ စားနပ်ရိက္ခာများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိ ပါသည်။ USDA အနေဖြင့် အီး-ကိုလိုင် နှင့် ဆယ်လ်မိုနဲလားတို့ကဲ့သို့သော ဘက်တီးရီးယားများကို စစ်ဆေးရန် အတွက် အသား နှင့် ကြက်ငှက်သားသတ်ရုံများကို စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေပါသည်။ အခြား အစားအသောက်အများစုကို ကြီးကြပ် စစ်ဆေးသည့် FDA အနေဖြင့် ၎င်း၏ စစ်ဆေးသူများကို ကာကွယ် ရန် အတွက် အဆိုးကြုံနိုင်ခြေ စိစစ်လေ့လာချက် တစ်ခုပေါ်တွင်အခြေခံကာ နှစ်အနည်းငယ်အကြာတိုင်း ပုံမှန် လုပ်ဆောင်သည့် စစ်ဆေးမှုများကို လျော့ချခဲ့ပါသည်။ သို့ရာတွင် FDA က ၎င်းအနေဖြင့် အရေးကြီးသည်ဟု ယူဆရသည့် စစ်ဆေးမှုများကိုမူဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကာ အစားအသောက်များမှ ရောဂါ ကူးစက် ပျံ့ပွားမှုများကိုဆက်လက် တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ကြေညာ ခဲ့ပါသည်။

CR ၏ အစားအသောက်ရေးရာ မူဝါဒ ဒါရိုက်တာဖြစ်သူ Brian Ronholm က “ဒါပေမယ့် ကျွန်တော်တို့ဟာ ရှေ့ကို ကြိုတွေးပြီး USDA အနေနဲ့ အသား နဲ့ ကြက်ငှက်စက်ရုံတွေရဲ့ ပိုးမွှား သန့်စင်ရေး အလေ့အထတွေကို နိုးနိုး ကြားကြား ကြီးကြပ်စစ်ဆေးဖို့နဲ့ COVID-19 ရောဂါပိုး တွေ့ရှိထားတဲ့ ဒါမှမဟုတ် ကူးစက်ခံရပြီး နာမကျန်းဖြစ် နေတဲ့ အစားအသောက် စစ်ဆေးသူဦးရေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုရှိဖို့ တိုက်တွန်းအားပေးနေ ပါတယ်။” ဟု ပြောကြားပါသည်။ Ronholm သည် CR ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မတ်လ ၃၁ ရက်နေ့တွင် USDA ၏ အစားအသောက် ဘေးကင်းလုံခြုံရေး လက်ထောက်အရာရှိ Mindy Brashears ထံသို့ စာတစ်စောင် ပေးပို့ ခဲ့ပါသည်။

“ကျွန်တော်တို့အနေနဲ့ သားငါးတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လာမှာကို မစိုးရိမ်ပါဘူး။” “ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သားငါး နဲ့ ကြက်ငှက်ထုတ်ကုန်တွေရဲ့ လုံခြုံရေးကိစ္စအဝဝကို စဉ်ဆက်မပြတ် ဆက်လက် စောင့်ကြည့်ချင်ပါတယ်။” ဟု ၎င်းက ဆိုသည်။

USDA သည် အစားအသောက်များဆိုင်ရာ ဘေးကင်းလုံခြုံရေးကိုသာ ကြီးကြပ်စီမံပြီး လုပ်သားများ၏ ဘေးကင်း လုံခြုံရေးကို ကြီးကြပ်စီမံမှုမရှိပေ။ သို့ရာတွင် Ronholm က ကျွန်ုပ်တို့သည် အဆိုပါ ကိစ္စရပ်နှစ်ခုတို့ကို ခွဲခြားမရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုပါသည်။ “အကယ်၍ ဖျားနာမှုကြောင့် စက်ရုံတွေမှာ ရှိတဲ့ ဝန်ထမ်းဦးရေ လျော့ကျလာမယ် ဆိုရင် စားသုံးသူတွေအပေါ် အစားအသောက်တွေကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကနေ ကာကွယ်မယ့် ပိုးမွှား သန့်စင်ရေး နဲ့ အစားအသောက်ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေ အပေါ် ထိခိုက်မှုမရှိဖို့ အရေးကြီးပါတယ်။” ဟု ဆိုသည်။ အသား နှင့် ကြက်ငှက်လုပ်ငန်းများအား USDA မှ စစ်ဆေးရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့ကို လည်ပတ်၍ မရနိုင်ပေ။ အဆိုးဆုံးအခြေအနေတွင် အကယ်၍ သက်ဆိုင်ရာ အသား သို့မဟုတ် ကြက်ငှက်စက်ရုံတစ်ခုတွင် စစ်ဆေးသူ အလုံအလောက် မရှိပါက ယင်းကို ပိတ်သိမ်းရမည် ဖြစ်သောကြောင့် စားသုံးသူများအတွက် အသား သို့မဟုတ် ကြက်ငှက်ထုတ်ကုန်များ ရရှိနိုင်မှုအပေါ် အကျိုးဆက်များရှိလာနိုင်ပါသည်။

မူရင်း အယ်ဒီတာ၏ မှတ်ချက် – ဤဆောင်းပါးကို မူလက မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး CR နှင့် USDA တို့၏ ဆက်သွယ်ပြောဆိုမှုများနှင့် ပတ်သက်သော သတင်းအချက် အလက်များ ထပ်မံထည့်သွင်း ဖြည့်စွက်ထားပါသည်။

မူရင်း – Answers to Common Questions About Coronavirus and the Food You Eat

မြန်မာပြန်ဆိုသူ – ဟိန်းထက်ဇော်

(COVID-19 မကူးစက်စေရေးကာကွယ်ရာမှာ အစားအသောက်နဲ့ ပတ်သက်လို့ သိသင့်ဖွယ် ဆောင်းပါး တစ်ပုဒ်ကို ဘာသာပြန် မျှဝေခြင်းဖြစ်ပါတယ်။ အားလုံး ရောဂါဘယကင်းဝေးကြပါစေ။

မြန်မာပြန်ဆိုသူ၏မှတ်ချက်)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,