မကွေးတိုင်း၊အောင်လံမြို့နယ် NLD မဲဆွယ်ယာဉ်တန်းမှာ (၁၅) ဦး ကိုဗစ်ပိုးတွေ့တယ် ဆိုတဲ့ သတင်းကို Mg Kyaw အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ(၁၂) ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ ( web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။)
သည်သတင်းနဲ့ ပတ်သက်ပြီး သတင်းအမှား၊ အမှန် အချက်အလက် စစ်ဆေးရန် မကွေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည်သတင်းဟာ သတင်းအမှား သာ ဖြစ်တယ်လို့ ဦးအေးကျော်က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။
မကွေးတိုင်း၊အောင်လံမြို့နယ် NLD မဲဆွယ်ယာဉ်တန်းမှာ (၁၅) ဦး ကိုဗစ်ပိုးတွေ့တယ် ဆိုတဲ့ သတင်းဟာ သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ဖော်ပြတဲ့ မီဒီယာစာမျက်နှာတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သည် အချက်တွေကို ကြည့်ခြင်းအား ဖြင့် သည်သတင်း ဟာ အများပြည်သူ အထိန့်တလန့်ဖြစ်အောင် ဖြန့်ချိခဲ့တဲ့ သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။
” ဒါကို ဘယ်သူတွေ ဘယ်ဝါတွေ လုပ်နေကြတယ်ဆိုတာ အားလုံး သိပါတယ်။ဒီဟာက ရွေးကောက်ပွဲနီးလာတဲ့ အခါကျတော့ ပိုပြီး ဆိုးလာတာပေါ့။နောက်ဆို ဒီထက်ပိုပြီး တွေ့ရမှာပဲ။ကျနော်တို့ ပါတီကိုပထမက ဘာသာရေးနဲ့တိုက်တယ်။ ဒုတိယက လူမျိုးခွဲခြားပြီး တိုက်တယ်။ တတိယအကြိမ်ကျတော့ခေတ်ပေါ် ကိုဗစ်၁၉နဲ့တိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဲဆန္ဒရှင်ပြည်သူလူထု အားလုံးက အမှားအမှန်သိပါတယ် ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ငြမ်းမီဒီယာ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း NLD မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါသူတစ်ဦး ကိုဗစ်ကူးစက်ခံရ ဆိုတဲ့ သတင်း အမှား တစ်ခု ထွက်ပေါ်ခဲ့ပြီး ကိုဗစ်ကူးစက်ခံရသူ အသက်(၅၀) အရွယ် အမျိုးသားဟာ NLD ပါတီ အောင်နိုင်ရေးကမ်ပိန်း မှာ လိုက်ပါစဉ် ရောဂါကူးစက်ခံ ရခြင်းမဟုတ်ဘဲ လေဘေးသင့်ကျေးရွာတစ်ခုမှာ ကူညီရေးသွားရောက်စဉ် ကူးစက်ခံရတာ ဖြစ်တယ်လို့ ဒေါက်တာသန်းမင်းထွဋ် ပြောကြားချက်ကို ကိုးကားပြီး 7Day News သတင်းဝက်ဘ်ဆိုဒ်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
” ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းများဖြင့် နေ့ညမနား အလုပ်များနေချိန် ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် ယခုကဲ့သို့ ထင်ယောင်ထင်မှား သတင်းများ တင်ပြပြီး ကျန်းမာရေးဝန်ထမ်းများအား လိုက်လံဖြေရှင်းနေစေခြင်းသည် ကုသ ကာကွယ်လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေပါသည်။” လို့ ဒေါက်တာ သန်းမင်းထွဋ် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ကိုဗစ်သတင်းအမှား များ နဲ့ ပတ်သက်ပြီး မှတ်ချက်ရေးသားထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း နိုင်ငံတော်သမ္မတ ဟောင်း အကြံပေး ဒေါက်တာနေဇင်လတ် က Nay Zin Latt အမည်ရ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ အများပြည်သူထင်ယောင်ထင်မှားဖြစ်ပြီး ထိန့်လန့်စေနိုင်တဲ့ ကိုဗစ်သတင်းအမှားတွေကို ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
ငြမ်းမီဒီယာ