NLD အစိုးရတက်လာရင် ဘာသာ၊ သာသနာ ပျောက်မယ်ဆိုတဲ့ လှုံ့ဆော်မှုတွေအပေါ် သူတို့အမြင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာရင် ဘာသာ၊ သာသနာပျောက်ကွယ်သွားနိုင်တယ်လို့ လှုံ့ဆော်မှုတွေရှိပါတယ်။ သည်လို လှုံ့ဆော်ရာမှာ သတင်းအတု၊သတင်းအမှား တွေနဲ့ လှုံ့ဆော်မှုတွေကိုလည်း တွေ့ရပါတယ်။ တစ်ကယ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာ ရင် ဘာသာ၊ သာသနာ ပျောက်ကွယ်သွားနိုင်သလား ။ ရဟန်းတော်တချို့နဲ့ လူပုဂ္ဂိုလ်တချို့ ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

NLD က နိုင်ငံရေး အတွက် ဘာသာ၊ သာသနာကိုအသုံးမချဘူး။ ခုတုံးလုပ်တဲ့ အလေ့အထ လုံးဝမရှိဘူး။ ဦးဇင်းတို့ ဟိုအရင် စစ်အာဏာရှင် တွေဆိုရင် …

ဦးပညိဿရာလင်္ကာရ (ပိဋကတ်နှစ်ပုံခွဲအာဂုံဆောင်)
ရန်ကင်းတောင်ဆရာတော်

NLD အစိုးရ မဲနိုင်ရင် ဘာသာ၊ သာသနာပျောက်မယ်ဆိုပြီးတော့ ဘာသာရေးမှိုင်းတွေတိုက်နေကြ တာပေါ့။ သူတို့ဘာကြောင့်မှိုင်းတိုက်ရသလဲဆိုရင် နိုင်ငံရေးအရ သွေးရိုးသားရိုးယှဉ်လို့ မနိုင်မှန်းသိလို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာအများဆုံးရှိတဲ့ မြန်မာနိုင်ငံအနေအထားကိုအသုံးချပြီး သူတို့က ဘာသာရေး၊ လူ မျိုးရေးမှိုင်းတွေနဲ့လုပ်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘာသာရေးနဲ့ပတ်သက်လာရင်၊ လူမျိုးရေးနဲ့ပတ်သက်လာရင် ဦးဇင်းတို့ နိုင်ငံသားတွေက အင်မတန်အကဲဆတ်တဲ့ အနေအထားမှာရှိတယ်။ အထူးသဖြင့် ကျေးလက်ဒေသက ပြည်သူတွေပေါ့။ ဘာပဲပြောပြော သူတို့က အဆက်အသွယ်အသွားအလာ မြို့ပြလောက် မထွန်းပေါက် တဲ့အခါကျတော့ ဗဟုသုတပိုင်းမှာ အထိုက်အလျှောက် မှိုင်းတိုက်ဖို့လွယ်တာပေါ့။ အဲဒီမှိုင်းထဲမှာ ဘာ သာရေး၊ လူမျိုးရေးမှိုင်းက မှိုင်းတိုက်ဖို့ အလွယ်ဆုံးပဲ။ ဒါကြောင့်သူတို့က ဘာသာရေး၊ လူမျိုးရေးမှိုင်း တွေ တိုက်နေကြတာပေါ့။

ဒါဟာ ဦးဇင်းတို့နိုင်ငံရေးသဘောအရ ပြောရမယ်ဆိုရင် မလုပ်သင့်မလုပ် ထိုက်တဲ့ အလုပ်တွေပေါ့။ နိုင်ငံရေးဆိုတာ ရိုးရိုးသားသား ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာလည်း နိုင်ငံရေးကို ဘာသာရေးနဲ့ အသုံးမချရဘူးလို့ပါပြီးသား။

နောက်တစ်ခုက ဦးဇင်းတို့ ဘယ်အချိန်မှာ သာသနာ ပျောက်နိုင်လဲ။ NLD ကြောင့် သာသနာပျောက်နိုင်သလားဆိုတာမှာ ဦးဇင်အမြင် က NLD နိုင်လို့ ဘာသာ၊ သာသနာပျောက်စရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ NLD က နိုင်ငံရေး အတွက် ဘာသာ၊ သာသနာကိုအသုံးမချဘူး။ ခုတုံးလုပ်တဲ့ အလေ့အထ လုံးဝမရှိဘူး။ ဦးဇင်းတို့ ဟိုအရင် စစ်အာဏာရှင် တွေဆိုရင် သူတို့အာဏာတည်မြဲရေးအတွက် ဘာသာ၊ သာသနာ ကိုအသုံးချတယ်။ ရွှေဝါရောင်လို ကာလမျိုးမှာ လမ်းပေါ်ထွက်ပြီး မေတ္တာပို့တဲ့ သံဃာတော်တွေနဲ့ပတ်သက်ပြီး မဟာနာယက ဆရာ တော်ကြီးတွေကို လျှောက်တဲ့အခါ သံဃာအတုတွေပါတယ်၊ ပြဿနာတွေကို ဖန်တီးနေပါတယ်ဆို တဲ့သဘောနဲ့ ဆရာတော်ကြီးတွေကို သတင်းအချက်အလက်အလွဲတွေပေးပြီး ဆရာတော် သံဃာ တော်ကြီးတွေဆီက အမိန့်ရအောင် သူတို့ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒါ ဦးဇင်းတို့ကြားဖူးတယ်။ ဆိုလိုတာက ဒီ အာဏာရှင်တွေသည်ပင်လျှင် ပြည်သူလူထုထောက်ခံမှုမရတဲ့အခါမှာ သူတို့ အာဏာ တည်မြဲရေးအတွက်၊ အာဏာရှင်တွေက ကိုယ့်ဘာသာ၊ သာသနာကို ခုတုံးလုပ်ဖို့၊ ချနင်းဖို့၊ ဝန်မလေး ဘူးဆိုတာ ရွှေဝါရောင်တို့၊ ၈၈ တို့က အထင်အရှားပါပဲ။

သူတို့က အာဏာ တည်မြဲရေး အတွက်ဆိုရင် ရဟန်းရှင်လူ၊ ပြည်သူတွေ၊ သံဃာတော်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။ ရွှေဝါရောင်ကာလမှာ ကိုယ့် ဗုဒ္ဓသာသနာက အထွတ်အမြတ်ထားတဲ့ ဘုန်းကြီးကျောင်းလိုနေရာတွေကို သူပုန်စခန်းတွေသဖွယ် အဓမ္မဝင်ရောက်ဖမ်းဆီးတာတွေ၊ အဲဒီမှာ သံဃာတော်တွေကို ရိုက်နှက်ဖမ်း ဆီးတာတွေ ကြားရတယ်။ အဲဒီတော့ အာဏာရှင်တွေလက်ထက်မှာ သာသနာဂုဏ် သိက္ခာညှိုးနွှမ်းရ တယ်။ နောက်ပြီးအာဏာရှင်တွေရဲ့ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေကြောင့် အကျဉ်းစခန်း တွေမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ ရဲဘက်စခန်းတွေမှာ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေအများ ကြီးပဲ။

အဲဒီရွှေဝါရောင်ကာလနောက်ပိုင်းမှာ တချို့သံဃာတော်တွေဆိုရင် လူထွက်ရတဲ့သူထွက်၊ တချို့ ပျံ လွန်တော်မူသူကပျံ၊ ဟိုးပြေးဒီပြေးနဲ့ကိုယ့်ရဲ့ပရိယတ္တိ၊ ပဋိပတ္တိတွေကိုမလုပ်နိုင်ဘဲ သာသနာကနေ ထွက်ရသူတွေရှိတယ်။ နောက်ပြီးတော့ ဒီစစ်အာဏာရှင်တွေလက်ထက်မှာ သူတို့အာဏာ တည်မြဲ ရေးအတွက် လူမျိုးရေးကိုအသုံးချတယ်။ ဘာသာရေးကိုအသုံးချတယ်။

အဲဒီတော့ NLD ကြောင့် ဘာသာသာသနာကွယ်နိုင်မလားဆိုတော့ NLD က ပြည်သူထောက်ခံမှုနဲ့ တရားဝင်မျှမျှတတ တက် လာတဲ့အစိုးရဖြစ်တယ်။ နောက် ပြည်သူလူထုရဲ့ယုံကြည်မှုကို ကျကျ နန ရရှိထားတာကလည်း တစ်ကြောင်း၊ နောက်သူတိုရဲ့ခိုင်မာတဲ့နိုင်ငံရေးလမ်းစဉ်တွေ ရှိနေတာ ကတစ် ကြောင်း ဘာသာ၊ သာသနာကိုနိုင်ငံရေးနည်းလမ်းအရ အသုံးချမယ့်အစိုးရ မဟုတ်ဘူး။ ထင်ရှားတာ ဆိုရင်ဒေါ်အောင်ဆန်းစုကြည် တို့တက်လာကြတုန်းက မဟနအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လျေှက်ပါတယ်။ ဗြဟ္မစိုရ်တရားနဲ့အညီ နိုင်ငံကိုအုပ်ချုပ်မယ့်အကြောင်း၊ မေတ္တာတရား နဲ့အုပ်ချုပ်မယ့်အကြောင်း၊ အဂတိကင်းရှင်းစွာ နိုင်ငံသားအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ အုပ် ချုပ်မယ့်အကြောင်း ဒါတွေလျှောက်ထားခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါတွေဟာ ဒီအစိုးရလျှောက်တဲ့လမ်းစဉ်ဟာ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်လမ်းစဉ်တွေနဲ့ အညီ ပဲဖြစ်ပါတယ်။ ဦးဇင်းတို့ ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင်မိန့်ထားတဲ့ စကားလေးတစ်ခွန်းပေါ့။ အစည်းအဝေးမှာ ဗန်းမော်ဆရာကြီးက ဘာမိန့်လဲဆိုတော့ အခုလို ပြည်သူ့အစိုးရလက်ထက်ဟာ၊ သံဃာ့အဖွဲ့အစည်းတွေအတွက် သာသနာသန့်ရှင်းရေးဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ သာသနာတော်ကိုအားပေးတဲ့အစိုးရ၊ မင်းကျင့်တရားနဲ့လျှော်ညီစွာ ကျင့်သုံး မယ့်အစိုးရ၊ အဲဒီအပေါ် ဆရာတော်ကြီးက မိန့်ထားတာရှိပါတယ်။ ဦးဇင်းကတော့ ဒီ NLD တက်လာ လို့ ဘာသာ သာသနာကွယ်ပျောက်စရာ အကြောင်းမရှိဘူးလို့မြင်တယ်။ ဘာသာ၊သာသနာကို ဒီ အစိုးရဟာ ကိုယ်တိုင်လည်းတကယ်လေးစားတယ်။ ကိုင်းရှိုင်းတယ်။

အများပြည်သူမြင်သာအောင် ပြောရရင် ဒီအစိုးရဟာ မန္တလေးမှာဆိုလည်း သံဃာသုံးသောင်း၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံချစ်ကြည်ရေး ကျင်းပသွားတဲ့ သံဃာသုံးသောင်းဆွမ်းလောင်းလှူသွားတဲ့ပွဲတွေ၊ ဒါ ဘယ်ခေတ်ကမှမရှိခဲ့ဘူး။ ဒါ အင်မတန်ကြီးကျယ်တဲ့ပွဲကြီးတွေ။

ကိုယ့်ဘာသာ၊ သာသနာကိုလည်း အလေးအနက် ထားပြီးစောင့်ရှောက်တယ်။ တခြားဘာသာ၊ သာသနာတွေကိုလည်း အသိအမှတ်ပြုပြီးလေးစားတယ်။ အဲဒီလိုအစိုးရမျိုးက …

နောက်ရန်ကုန်မှာ ကျင်းပသွားတဲ့ ရွှေတိဂုံစေတီပေါ်မှာ သံဃာတော် ပေါင်း (၁၈,၀၀၀) ပင့်ဖိတ်ပြီး ဘုရားနေကဇာတင်တယ်။ ဆွမ်းဆန်စိမ်းတွေလောင်းလှူတယ်ပေါ့။ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဦးဆောင်ကျင်းပတဲ့ နှစ်သစ်ကူးတရားပွဲကြီးတွေ၊ ပြည်သူ့ရင်ပြင်ကြီးနဲ့ တရားနာပရိတ်သတ်တွေ၊ စည်စည်ကားကားနဲ့ သိုက်သိုက်မြိုက်မြိုက်ကျင်းပသွားတာ ပရိတ်သတ်တွေ သိန်းကျော်တက်ရောက် တာ ဘယ်ခေတ် ဘယ်ကာလမှာမှမရှိခဲ့ဘူး။ ဒီအစိုးရဟာ ဘာသာ၊ သာသနာကိုအလေးအနက်ထား ပြီးတော့ချီးမြှောက်တဲ့ အစိုးရပဲဖြစ်တယ်။

နိုင်ငံ့ခေါင်းဆောင်တွေကိုကြည့်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီးဦးဝင်းမြင့်တို့၊ နောက် ဝန်ကြီးချုပ်ဇော်မြင့်မောင်တို့၊ ဝန်ကြီးချုပ်အောင်မိုးညိုတို့ရဲ့ဘာသာရေး အနေအထားကို ကြည့်လိုက် မယ်ဆိုရင်လည်း ဘာသာရေးအသိဉာဏ်ရင့်သန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာတွေ့ရတယ်။ ဘာမ ဟုတ်တဲ့ယတြာချေတာတွေ၊ ဗေဒင်သဘောအရ ပကာသနလုပ်တာတွေ သူတို့သိပ်မရှိဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တယ်ဆိုတာတွေ့ရတယ်။ တချို့က ဘာသာခြားတွေနဲ့ ဆက်ဆံတဲ့အ ခါမှာ ဘာသာခြားတွေကိုအားပေးတယ်လို့ စွပ်စွဲတာတွေရှိတယ်။ နောက်ပြီး ဦးဇင်းတို့အမြင်အရ နိုင်ငံ့ ခေါင်းဆောင်တွေက ကိုယ့်နိုင်ငံသားအားလုံးကို ဘာသာလူမျိုးမခွဲခြားဘဲ တရားတော်နဲ့အညီ နိုင်ငံ သားအားလုံးအပေါ်ကျောသားရင်သားမခွဲခြားဘဲ စောင့်ရှောက်ဖို့ဝတ္တရားရှိတယ်။

နိုင်ငံသားအားလုံးကို မျှမျှတတစောင့်ရှောက်နေရတာဖြစ်တယ်။ အဲဒီလိုစောင့်ရှောက်ခြင်းသည် ကိုယ့်ဘာသာ၊ သာသနာကိုနှိမ့်ချချင်းမဟုတ်ဘူး။ ကိုယ့်ဘာသာ၊ သာသနာကိုလည်း အလေးအနက် ထားပြီးစောင့်ရှောက်တယ်။ တခြားဘာသာ၊ သာသနာတွေကိုလည်း အသိအမှတ်ပြုပြီးလေးစားတယ်။ အဲဒီလိုအစိုးရမျိုးက မြတ်ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီ အကောင်းဆုံးအမျှတဆုံး အုပ်ချုပ် နေတာဖြစ် ပါတယ်။

အဲဒီတော့ ဦးဇင်းတို့ သာသနာ ဘယ်အချိန်ကွယ်ပျောက်နိုင်သလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာလို့ ခံယူ ထားတဲ့ ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာ ဒါယိကာ၊ ဒါယိကာမတွေအပေါ်မှာမူတည်တာပဲ။ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာ ဒါယိကာ၊ ဒါယိကာမတွေ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ကာလပတ် လုံး ဦးဇင်းတို့သာသနာတော်မကွယ်ပျောက်နိုင်ဘူး။ ဦးဇင်းတို့ဗုဒ္ဓဘာသာတွေကိုယ်တိုင် သာသနာကို မထိန်းသိမ်း မစောင့်ရှောက်ဘူးဆိုရင်သာသနာကွယ်မှာပဲ။ သာသနာတော် ကွယ်ခြင်းမကွယ်ခြင်းက အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာပဲ မူတည်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ခုဦးဇင်းပြောချင်တာက ဦးဇင်းတို့ဘာသာ၊ သာသနာကို တခြားဘာသာ၊ သာသနာတွေက ဖျက်ဆီးလိမ့်မယ်ဆိုတာကိုလဲ ပြော ကြတယ်။ ဒါလည်းပဲ ဦးဇင်းတို့စဉ်စားစရာရှိပါတယ်။ အဲဒီတော့ ပြည်သူ့အစိုးရ၊ NLD အစိုးရဟာ တရားဥပဒေစိုးမိုးရေးကို အလေးအနက်ထားပြီးဆောင်ရွက်နေတာ။ အဲဒီလိုတရားဥပဒေစိုးမိုးမှုတွေ အားကောင်းလာတာနဲ့အမျှ ဘယ်ဘာသာကနေ ဘယ်ဘာသာကို၊ ဘာသာတစ်ခုကနေ တခြားဘာ သာတစ်ခုကို ဘယ်သူမှအနိုင်ကျင့်လို့မရဘူး။

အားလုံးကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားရမှာ။ တရားဥပဒေစိုးမိုးမှု မရှိလို့သာလျှင် နှစ်နိုင်ငံ နယ်စပ်လုံခြုံမှုမရှိတဲ့အတွက်၊ နှစ်နိုင်ငံနယ်စပ်က နိုင်ငံခြားသားတွေ ခိုးဝင်လာတာရှိတယ်။ တစ်ကယ်ကို တရားဥပဒေစိုးမိုးမှုရှိလာပြီဆိုရင် နယ်စပ်ပိုင်းတွေက အနောက်တံခါး၊ အရှေ့တံခါးတွေ လည်း လုံခြုံသွားမယ်။ နောက် ပိုက်ဆံယူပြီး၊ လာဘ်စားပြီး မှတ်ပုံတင်ထုတ်ပေးထားတဲ့ဟာတွေလည်း မရှိနိုင်တော့ဘူး။ ဆိုလိုတာက ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ NLDအစိုးရတက်လာရင် သာသနာကွယ် ပျောက်နိုင်မလားဆိုတာ အဲဒီလိုစဉ်စားကြည့်ရင် ဒီအစိုးရသည် တရားဥပဒေစိုးမိုးမှုရှိအောင် ကြိုးစား နေတာဖြစ်ချင်းကြောင့် တရားဥပဒေစိုးမိုးလာတာနဲ့အမျှ ဦးဇင်းတို့နိုင်ငံသည် အမျိုးသားအကျိုးစီးပွား လုံခြုံသွားမှာဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရကြောင့်ဘာသာ၊ သာသနာကွယ်ပျောက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

 

ကျုပ်တို့ဘုန်းကြီးတွေက နိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ သာသနာဘက်မှာဖြစ်ဖြစ် ဓမ္မဘက်မှာ မားမားမတ်မတ်ရပ်ဖို့လိုတာပေါ့။ ဒါအဓိကပဲလေ။ ဒါကျုပ်တို့ နိုင်ငံ …

အရှင်သီရိဒတ္တာလင်္ကာရ(ပိဋကတ်နှစ်ပုံအောင်)

အာသောကကျောင်း

တစ်ကယ်တော့ သာသနာကွယ်ဖို့၊ မကွယ်ဖို့က ဦးဇင်းတို့ဘုန်းကြီးတွေကို လူတွေက အထင်သေးသွား ရင် သာသနာကွယ်မှာပဲ။ ကျုပ်တို့ဘုန်းကြီးတွေက လူတွေအထင်မသေးအောင်နေနိုင်ဖို့က အရေးကြီးဆုံးပဲ။ လူတွေအထင်သေးမယ့် အလုပ်ကို မလုပ်ဖို့ အရေးကြီးဆုံးပဲ။ လူတွေအထင်မသေးမယ့်အလုပ်က ဓမ္မ၊ အဓမ္မ ရှိနေရင် ဓမ္မဘက်မှာ မားမားမတ်မတ်ရှိနေဖို့၊ ဘုန်းကြီးတွေကရပ်တည်ကြဖို့လိုတာပေါ့။ အကယ်၍ အဓမ္မဘက်မှာသွားရပ်ရင် လူတွေက ကျူပ်တို့ကိုအထင်သေးသွားမှာ။

ဒါကြောင့်သာသနာမကွယ်ဖို့ဆိုရင် ကျုပ်တို့ဘုန်းကြီးတွေက နိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ သာသနာဘက်မှာဖြစ်ဖြစ် ဓမ္မဘက်မှာ မားမားမတ်မတ်ရပ်ဖို့လိုတာပေါ့။ ဒါအဓိကပဲလေ။ ဒါကျုပ်တို့ နိုင်ငံ အနေနဲ့ ယေဘုယျသုံးသပ်ချက်အရဆိုရင်တော့ ပါတီနိုင်ငံရေးပြောမယ်ဆိုရင် NLD က ယေဘုယျ ဓမ္မပဲလေ။ ကျန်တဲ့ပါတီတွေက ဓမ္မဘက်မှာ အားနည်းတယ်လို့ပြောရမှာပေါ့။ ဒါ ပါတီစွဲလည်း မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲလည်းမဟုတ်ဘူး။

ယေဘုယျအားဖြင့် ကျုပ်တို့ဘုန်းတော်ကြီးတွေအနေနဲ့လည်း ဓမ္မလုပ်ဆောင်ချက်ကို မားမားမတ်မတ်ရပ်တည်ပြနိုင်ရင် လူတွေက ဦးဇင်းတို့ဘုန်းကြီးတွေကို အထင် မသေးလောက်ဘူးလေ။ အဓမ္မဘက်က သွားရပ်တည်တာလေးတွေ တစ်ခါတရံ ရှိတဲ့အခါကြတော့ အထင်သေးတာတွေ ဖြစ်လာကြတာပေါ့။ အဲဒီလိုအမြင်ကို ကျုပ်တို့က လူတွေလုံးလုံးမှားတယ်လဲ ပြောလို့မရဘူး။

 

ဘယ်လိုမှ ဒီဟာမဖြစ်နိုင်ပါဘူး။ တခြားသော ဘာသာတွေ၊ အယူအဆတွေအပေါ်မှာလည်း လွတ်လပ် စွာ ကိုးကွယ်ခွင့်ပေးထားတာပါ။ …

 

မုံရွာအောင်ရှင် (အတွင်းရေးမှူး)
ဗဟိုပြန်ကြားရေးအဖွဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်

NLD အစိုးရတက်ရင်ဗုဒ္ဓဘာသာပျောက်ကွယ်မယ်၊ သာသနာပျောက်ကွယ်မယ်ဆိုတဲ့ လုပ်ကြံတဲ့ သတင်းကတော့ လုံးဝမဟုတ်ပါဘူး။ နောက်တစ်ခုက NLD အစိုးရလက်ထက်မှာ သာသနာရေးဆိုင် ရာကိစ္စတွေ၊ ဘာသာရေးကိစ္စတွေကိုအများဆုံးလုပ်ခဲ့ပါတယ်။ အခုလည်း နေပြည်တော်မှာ ငြိမ်းချမ်း ရေးစေတီတည်နေတယ်ဗျာ။ ဒါလည်းလုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း နယ်တွေကို ခရီးသွားတိုင်း ဆရာတော်ကြီး၊ သံဃာတော်ကြီးတွေကို အမြဲတမ်းဦးတည်ရှိခိုးပြီး လုပ်နေတာပဲ။ ဘယ်လိုမှ ဒီဟာမဖြစ်နိုင်ပါဘူး။ တခြားသော ဘာသာတွေ၊ အယူအဆတွေအပေါ်မှာလည်း လွတ်လပ် စွာ ကိုးကွယ်ခွင့်ပေးထားတာပါ။

ထေရဝါဒဗုဒ္ဓနိုင်ငံ၊ နိုင်ငံစဖြစ်လာကတည်းက တည်လာတဲ့သာသနာဟာ နိုင်ငံရေး အနေအထားတွေကြောင့် ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်ဆိုတာ မဖြစ် နိုင်ပါဘူး …

ဦးလှဌေး (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
မင်္ဂလာတောင်ညွန့်မြို့နယ်

ကျနော်တို့က ဘာသာ၊ သာသနာဆိုတာကတော့ ကမ္ဘာ့ပေါ်မှာ ဘာသာကြီးလေးခုပေါ့။ ဒါကတော့ အမြဲတမ်းယှဉ်တွဲပြီးနေတယ်။ ဒီဘာသာ၊ ဒီသာသနာကိုးကွယ်တယ်ဆိုတာကလဲ လူမျိုးမရွေး ကိုယ့် ဘာသာ၊ ကိုယ့်သာသနာကို ယုံကြည်ရာကိုးကွယ်နေတာပဲဖြစ်တယ်။ ကျနော်တို့ဆီမှာလည်း ဘယ်သူ က၊ ဘယ်ဘာသာဆိုပြီးတော့ အစွန်းရောက်ပြီး ဘာသာကြီးတစ်ခုထဲက အုပ်စိုးနေတာလဲမရှိဘူး။ အားလုံးက လက်ရှိအခြေအနေမှာလည်း လွတ်လပ်စွာကိုးကွယ်လို့ရတယ်။ ကိုယ်ယုံကြည်ရာကို
လွတ်လွတ်လပ်လပ်ကိုးကွယ်နေကြတာဖြစ်တယ်။

နောက်တစ်ခုက ကျနော့်ယူဆချက်ပေါ့။ ဘာသာ တိုင်း၊ ဘာသာတိုင်း မည်သည့်ဘာသာမဆို ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ၊ ကျနော်တို့ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားပေါ့။ အားလုံးက ဟောထား တာ မကောင်းတာ လုပ်ဖို့ဆိုရင် ဘယ်ဘာသာ၊ သာသနာမှာမှ ဟောထားတာမရှိဘူး။ လူတွေကို ကောင်းရာမွန်ရာလုပ်ဖို့ ကောင်းရာ မွန်ရာလုပ်ရင် ကောင်းရာ မွန်ရာရောက်မယ် ဆိုတာက ဘာသာ တိုင်းမှာရှိတယ်။ ဒါက သက်ဆိုင်ရာဘာသာရေး အကြီးအကဲ တွေက ဟောထားတာ။ လူတွေက ဒါတွေကိုပဲလိုက်နာဖို့ပဲလိုတယ်။ ကျင့်ကြံနေဖို့ပဲလိုတာပေါ့။

သို့သော်လည်း ဘာသာတိုင်း၊ ဘာသာတိုင်းမှာ အစွန်းရောက်သွားတာတွေရှိနေတာပေါ့။ တစ်ကယ်ယုံကြည်ကိုးကွယ်တဲ့အင်အားက အများစုဖြစ်တယ်။ အစွန်းရောက်က အနည်းစုပဲဖြစ်နေတယ်။ တိုက်ရိုက်ပြောရရင် ခုပြောထားသလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနိုင်သွားရင် ဘာသာရေးမှာ ဟိုလို ဖြစ်မယ်၊ ဒီလိုဖြစ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ထေရဝါဒဗုဒ္ဓနိုင်ငံ၊ နိုင်ငံစဖြစ်လာကတည်းက တည်လာတဲ့သာသနာဟာ နိုင်ငံရေး အနေအထားတွေကြောင့် ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်ဆိုတာ မဖြစ် နိုင်ပါဘူးဆိုတာ လုံးဝယုံကြည်ပြီး ကျနော်ပြောရဲပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိဖို့၊ တစ်ဖက်သတ် သိက္ခာချလိုမှုအပေါ်မှာ ဝါဒဖြန့်တာတွေ၊ မှိုင်းတိုက်တာတွေ လုပ်ကြတယ်ဗျ။ ကျနော်တို့က လေ့လာဖတ်ရှုမှုနည်းတဲ့အခါ …

ဆရာညီပုလေး (စာရေးဆရာ)
လူထုမျိုးဆက်

ကျနော်တို့လူမျိုးက ဗုဒ္ဓဘာသာအများစုဗျ။ တိုင်းပြည်က ဆင်းရဲမွဲတေမှုနဲ့ အာဏာရှင်စနစ်အောက်မှာ ပညာကောင်းကောင်းမသင်ခဲ့ရတဲ့အပေါ်မှာ မူတည်ပြီး တချို့လူတွေက ဘာသာရေး၊ ထေရဝါဒ ဗုဒ္ဓ ဘာသာစစ်စစ်ကိုလေ့လာခွင့်၊ လိုက်စားခွင့်မရခဲ့ဘူးဗျ။ မရကြသေးဘူး။ အဲဒီအခါမှာ ရွေးကောက်ပွဲ အနိုင်ရရှိဖို့၊ တစ်ဖက်သတ် သိက္ခာချလိုမှုအပေါ်မှာ ဝါဒဖြန့်တာတွေ၊ မှိုင်းတိုက်တာတွေ လုပ်ကြတယ်ဗျ။ ကျနော်တို့က လေ့လာဖတ်ရှုမှုနည်းတဲ့အခါ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ ခွဲခြားနိုင်မှု မရှိတဲ့အပေါ် အခွင့်ကောင်းယူတာ။

မှိုင်းတိုက်တဲ့သူတွေက ဗုဒ္ဓဘာသာစစ်ရဲ့လား။ သူတို့ရင်ထဲမှာ ထေရဝါဒရှိရဲ့လားလို့ မေးခွန်းထုတ် ဖို့ကောင်းတယ်ဗျ။ သူတို့ကိုယ်တိုင်က ပါဏာတိပါတာ ကျူးလွန်ခဲ့ကြသလား၊ သူတို့ကိုယ်တိုင် အဒိန္တွာဒါနာကျူးလွန်ခဲ့ကြတယ်ဗျ။ ခိုးခဲ့ဝှက်ခဲ့တဲ့ ကိန်းဂဏန်းတွေအများကြီး ကျနော်တို့မြင်ခဲ့တယ်။ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပစ်ခဲ့တာ၊ ဘုန်းကြီးတွေမီးလောင်ဗုံးနဲ့ ပစ်ခံ ခဲ့ရတာတွေ၊ ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်ခဲ့တာတွေ ကြုံခဲ့ရပြီးသားဗျ။ အဲဒါတွေကို သတိမရဘဲ သူတို့မှိုင်းတိုက်တာယုံရင် ယုံတဲ့သူတွေမှားကြလိမ့်မယ်ဗျ။ မယုံသင့်ဘူးဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,