ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလအတွင်း QR Pass ရယူရန်မလိုတဲ့ လုပ်ငန်းတွေ ကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI ) က ၂၀၂၀၊စက်တင်ဘာလ၊၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။
အခုပြောပြလိုတာကတော့ ကုန်သည်စက်မှုအသင်းချုပ် က ထုတ်ပြန်ထားတဲ့ အထက်ပါ ကြေညာချက်ကို တုပပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ချိထားတဲ့ ကြေညာချက်အတု အကြောင်းပဲ ဖြစ်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ QR Pass ရယူရန်မလိုတဲ့ လုပ်ငန်းတွေကတော့ (၁) ဘဏ်လုပ်ငန်းများ၊ (၂) ပုဂ္ဂလိက ဆေးရုံများ၊ (၃) Supermarket များ ၊(၄) စက်သုံးဆီအရောင်းဆိုင်များ ၊(၅) သီလဝါအထူးစီးပွား ရေးဇုန်ရှိ လုပ်ငန်းများဆိုပြီး ထုတ်ပြန်ခဲ့ (သည်နေရာမှာ ကြည့်နိုင်ပါတယ်) ပါတယ်။
ကြေညာချက်အတု မှာတော့ (၁) ဘဏ်လုပ်ငန်းများ၊ (၂)စက်သုံးဆီအရောင်းဆိုင်များ၊ (၃) Shopping Mall၊ (၄) COVID အထူးတာဝန်ဖြင့် တာဝန်ချထားခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေး တာဝန်ထမ်းဆောင်နေသူများ၊ (၆) သတင်းတိုက်များ၊(၇) နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနရှိတာဝန်ရှိသူများ ဆိုပြီး အချက်(၈) ချက် ပါဝင်ပါတယ်။
သည်ကြေညာချက်အတု ကို Sa Nees Clair လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က ချစ်သောရန်ကုန် ဆိုတဲ့ ဂရုထဲ ဖြန့်ချိထားတာတွေ့ရပြီး သည် ကြေညာချက်အတုကို ပြန်လည်မျှဝေသူ အများအပြား ရှိတာတွေ့ရပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)
QR Pass ရယူရန်မလိုတဲ့ လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က UMFCCI ကို ဆက်သွယ်မေးမြန်းရာ UMFCCI အနေနဲ့ QR Pass မလိုတဲ့ (၅) မျိုးကိုပဲ ခွင့်ပြုထားပြီး ကျန်တဲ့ဟာကိုတော့ ခွင့်ပြုမထားပါဘူးလို့ UMFCCI ဘက်က အတည်ပြု ပါတယ်။
ငြမ်းမီဒီယာ