UPDJC က သဘောထားထုတ်ပြန်ခဲ့သည့် ဒေါ်အေးနုစိန် ၏ အဖွင့်အမှာစကား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANP / ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဒေါ်အေးနုစိန်၏ ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအစုအဖွဲ့က သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ရာတွင်

(က) ယင်းပြောကြားချက်သည် နိုင်ငံရေး ပါတီများအစုအဖွဲ့ ၏ သဘောထားမဟုတ်ပါ။

(ခ)နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ သက်ဆိုင်ရာပါတီ၏ သဘောထားကို ပြောကြားခြင်းသာဖြစ်ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(ဂ)ယင်း၏ ပြောကြားချက်အချို့သည် လက်ရှိကြိုးပမ်း ဆောင်ရွက်လျက် ရှိသော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါ။

ဟု နိုင်ငံရေးပါတီများအစုအဖွဲ့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ – UPDJC က ထုတ်ပြန်ခဲ့ပါသည်။

ယခုကဲ့သို့ ထုတ်ပြန်ခဲ့မှု အပေါ် အများပြည်သူက စိတ်ဝင်စားမှု ရှိနေသောကြောင့် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် ၏ အဖွင့်အမှာစကားကို ပြည်သူများသုံးသပ်နိုင်ရန် ငြမ်းမီဒီယာ က ပြန်လည်ဖော်ပြလိုက်ပါသည်။

” ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက် နေ့ မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက် လာကြတဲ့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ကိုယ်စားလှယ်တော် ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဦးစွာ ပဏာမ ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

ကျွန်မကတော့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန် ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ပထမအကြိမ် အခမ်းအနားမှာ ကျွန်မတို့ ရခိုင်အမျိုးသားပါတီရဲ့ အကြံပြု စာတမ်းကို တင်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီ(၂၁) ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံဟာ တန်းတူပြီး ချစ်ကြည်စည်းရုံးတဲ့၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုသစ်ကြီးပေါ်ထွန်းဖို့ မလွဲမသွေ လျှောက်ရမယ့် လမ်းဖြစ်တယ်လို့ ကျွန်မတို့ ရခိုင်အမျိုးသား ပါတီ က ယုံကြည်တဲ့အတွက် ရခိုင်ပြည်သူတွေ ကိုယ်စား တက်ရောက် လာရခြင်း ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိုင်းရင်းသားအင်အားစုတွေကို သဘောထား ကျဉ်းမြောင်းသူတွေ၊ အစွန်းရောက်သူတွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အားစုတွေ၊ အထူးသဖြင့် ဗမာပါတီကြီးတွေ အပါအဝင် ခိုင်မာစွာ တည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှု ကို ကျွန်မတို့ မျှော်လင့်ချင်ပါတယ် …

ကျွန်မတို့ ရခိုင်ပြည်သူတွေဟာ ဗမာ အပါအဝင် တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီး လွတ်လပ်ရေး အတွက် ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်တွေ ကို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွပ်လပ်ရေး ရလာခဲ့ပေမယ့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်ပြည်ထောင်စနစ်အောက်မှာ ရခိုင် လူမျိုးတွေဟာ ပြည်နယ်အဆင့်ကိုတောင် မခံစားရတဲ့ဘဝပါ ရောက်ရှိ သွားခဲ့ကြ ရပါတယ်။၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ ရခိုင်ပြည်နယ်လို့ ပေါ်ထွက်လာခဲ့ပေမယ့် ရခိုင်ပြည်သူတွေရဲ့ ယဉ်ကျေးမှု၊ လူမှုစီးပွားဘ၀ ဟာ ထူးခြား မလာခဲ့ပါဘူး။ လယ်ယာမြေ စီပွားရေး ပျက်သုဉ်းခဲ့ရပြီးတော့ ယဉ်ကျေးမှု၊ လူမှုစီးပွား ဘဝတွေ အားလုံး ကျဆင်း ခဲ့ရပါတယ်။ သယံဇာတ ပေါကြွယ်ဝတဲ့ ပင်လယ်နဲ့ ရိုးမတောင်ကြီးရှိတဲ့ ဂန္ထဝင် ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတဲ့ ရခိုင်ပြည်နယ် ဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲကို ထိုးဆင်း သွားခဲ့ ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပျော့ကွက် ဟာကွက်တွေ များစွာ ရှိပေမယ့်လည်း စစ်အာဏာရှင်စနစ် ပျက်ကွယ်ပြီး ဒီမိုကရေစီ စနစ် လမ်းကြောင်း ပီပြင်လာရေးအတွက် ကျွန်မတို့ဟာ တရားဝင် နိုင်ငံရေး ပါတီ တည်ထောင်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်တွေမှာလည်း ပါဝင်နေခဲ့ ကြပြီး ဖြစ်ပါတယ်။

ကျွန်မတို့ဟာ သမိုင်းသစ် တစ်ခုကို ဖန်တီးဖို့ ဒီနေရာ ကို ရောက်ရှိ နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနား မှာ သေနတ်သံ အမြောက်သံတွေ တဒိန်းဒိန်း တဒိုင်းဒိုင်း ဆူညံနေတဲ့၊ ယမ်းငွေ့တွေ မွှန်ထူနေတဲ့၊ ဟိုးအဝေး စစ်မြေပြင် က …

လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အားလုံးဟာ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာရေးကို တညီတညွတ်တည်း ဆန္ဒရှိကြတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အခုကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ဟာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ကျွန်မတို့ ယုံကြည်မျှော်လင့်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေး အတွက် အခြေခံ အုတ်မြစ်တွေ ကို ချမှတ် ပေးနိုင် ရပါမယ်။ ဒါမှသာ ငြိမ်းချမ်း သာယာပြီး တန်းတူညီမျှမှု ရှိသော၊ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

ကျွန်မတို့ ရခိုင်အမျိုးသားပါတီမှာ ရည်မှန်းချက်(၃)ရပ် ပြဌာန်းထား ရှိပါတယ်။

(၁) စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်။ ဆိုလိုသည်မှာ ရခိုင်လူမျိုး တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ဗမာ အပါအဝင် တိုင်းရင်းသား အားလုံး တန်းတူညီတူ အခွင့်အရေးကို အာမခံသည့်၊ လူမျိုးကို အခြေခံသည့် ပြည်နယ်များနှင့် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်။

(၂) ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသား တို့၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် အဆိုပါ အကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရန်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၃) ဒီမိုကရေစီစနစ် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန် တို့ ဖြစ်ပါတယ်။

ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှတာ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ဗမာနှင့် အခြား တိုင်းရင်းသားတွေကြား ယုံကြည်မှု အားနည်းချက်တွေ ဖြစ်ပေါ်လာရတယ် လို့ ကျွန်မပြောချင်ပါတယ်။ မြန်မာ့နွေဦးရယ်လို့ ဂုဏ်ယူရမယ့် အချိန်မှာ ပြည်နယ်တွေဟာ ဆင်းရဲခြင်း အနိဌာရုံ အမျိုးမျိုး၊ အချို့နေရာတွေမှာဆိုရင် ကြီးမားတဲ့ စစ်ဘေးဒဏ်တွေကို ခံစားနေရတာဖြင့် အင်မတန် အကျည်းတန် ရုပ်ဆိုးလွန်းနေပါတယ်။ အာရှနိုင်ငံတွေမှာ နည်းပညာ ဖွံဖြိုးမှု၊ အတွေးအမြင် ဖွံဖြိုးမှု၊ စီးပွားရေး ဖွံဖြိုးမှု စတာတွေနဲ့ မိမိတို့ နိုင်ငံရဲ့ ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်နေကြတဲ့ အချိန်မှာ ကျွန်မ တို့ကတော့ နာတာရှည် လက်နက်ကိုင် ပဋိပက္ခမီးလျှံတွေထဲက ရုန်းမထွက်နိုင်ဘဲ ညီနောင်အချင်းချင်း စစ်ခင်းနေရတာ ကတော့ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ တိုင်းရင်းသားအင်အားစုတွေကို သဘောထား ကျဉ်းမြောင်းသူတွေ၊ အစွန်းရောက် သူတွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အားစုတွေ၊ အထူးသဖြင့် ဗမာပါတီကြီးတွေ အပါအဝင် ခိုင်မာစွာ တည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှု ကို ကျွန်မတို့ မျှော်လင့်ချင်ပါတယ်။ သဘောထားကြီးမှုတွေ အောက်မှာမှ သဘောထား ကျဉ်းမြောင်းမှုတွေဟာ မှုန်ဝါး ပျောက်ကွယ် သွားကြရစမြဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လုပ်နိုင်တဲ့၊ လုပ်သင့်တဲ့ အရာများကို အချိန်နဲ့ တပြေးညီ လုပ်ဆောင်နိုင်ဖို့လည်း အထူး လိုအပ် လှပါတယ်။

ကျွန်မတို့ရဲ့ ထွန်းသစ်စ ဒီမိုကရေစီနဲ့ နိုင်ငံအချုပ်အခြာ အာဏာကို အဓိက ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေထဲမှာ ရခိုင် အရေးလို့ သိနေပြောနေကြတဲ့ ဘင်္ဂါလီ မွတ်စလင် ပြဿနာဟာလည်း တစ်ခု အပါအဝင် ဖြစ်နေပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ အစပိုင်း မှာတော့ လူ့အခွင့်အရေး အရေခြုံ ကြွေးကြော်ပြီးတော့ တိုင်းရင်းသားလူမျိုး နာမည်သစ်တစ်ခုနဲ့ ပေါ်ထွန်းလာဖို့ လှုပ်ရှားရာကနေ နောက်ဆုံးမှာ နယ်လု၊ မြေလု၊ စစ်ပွဲဆင်နွဲတဲ့ အကြမ်းဖက်ဝါဒ လမ်းစဉ် ဖြစ်လာခဲ့ တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပြည်တွင်းရေးကို နိုင်ငံတကာ အရေး ဖြစ်လာအောင် ဒီဇိုင်းဆင် ပုံဖော်ခဲ့ကြပါတယ်။ အနောက် ဒီမိုကရေစီ အင်အားကြီး နိုင်ငံအချို့၊ ကုလသမဂ္ဂ အဖွဲ့အစည်း အချို့နဲ့ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံတွေဟာ နည်းမျိုးစုံနဲ့ ဖိအားပေးပြီး အချုပ်အခြာ အာဏာ ကို ထိပါးတဲ့ လုပ်ရပ်တွေ လုပ်လာခဲ့ကြတာ ကိုလည်း တွေ့မြင် ရမှာ ဖြစ်ပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ပြဿနာကြီး တစ်ခုဖြစ်လာအောင်လည်း ဖန်တီးနေ ခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ ရခိုင်နယ်မြေရဲ့ ဘင်္ဂါလီ မွတ်စလင်ပြဿနာ အစဟာ ဗြိတိသျှကိုလိုနီရဲ့ ဆိုးမွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရား မဝင်နေထိုင်မှုနှင့် နိုင်ငံသားပြဿနာဆိုင်ရာတွေကို ပြတ်ပြတ် သားသား မဖြေရှင်းနိုင်ခဲ့တာကြောင့်လည်း ဒီသံသရာဆိုးကြီး အတောမသတ်နိုင် အောင် ကျွန်မတို့ ခံစားကြုံတွေ့နေရတာ ဖြစ်ပါတယ်။ နိုင်ငံတွင်း မှာရှိတဲ့ ဌာနေတိုင်းရင်းသား မဟုတ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ စီစစ်ပြီးတော့ နိုင်ငံသား ဖြစ်ခွင့် ရှိသူများ ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုလိုက်ပါ။ နိုင်ငံသားဖြစ်ပြီး သူတွေကိုလည်း ကျွန်မတို့ တည်ဆဲဖွဲ့စည်းပုံ ဥပဒေနဲ့ အညီ ရခိုင်ပြည်နယ် တစ်ခုထဲမှာ ပိတ်လှောင်ထားတာ မဟုတ်ဘဲ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ လွတ်လပ်စွာ အခြေချနေထိုင်ခွင့်တွေ ပေးသင့်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေ ကိုလည်း တည်ဆဲ ဥပဒေနဲ့အညီ ကျွန်မတို့ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ နိုင်ငံတွင်း မှာ ရှိနေတဲ့ လူသား အားလုံးအတွက် ဥပဒေအရ တန်းတူ ရရှိမှုကို အခြေခံရမှာ ဖြစ်သလို နိုင်ငံတကာ က ဖိအားပေး အဖြေရှာခိုင်း မှုတွေ ကို လည်း အလျှော့မပေးမိဖို့ အထူး လိုအပ် လှပါတယ်။ ဘင်္ဂါလီ အရေးကိစ္စမှာ ရခိုင်နဲ့ ရခိုင်နွယ်ဖွား တိုင်းရင်းသား များ ရဲ့ မူလ အခွင့်အရေးတွေ မဆုံးရှုံးသွား ဖို့ အလွန်တရာ အရေးကြီး ပါတယ်။ ဘင်္ဂါလီအရေးဟာ ဒီအချိန်မှာ အလွန်ရှုပ်ထွေးနေတဲ့ အနေအထားဖြစ်တဲ့ အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားများဟာ တစ်သားတည်း ရှိနေဖို့ လိုအပ်လှပါတယ်။ အထူးသဖြင့် ရခိုင့်အရေးလို့ ပြောနေကြတဲ့ ကိစ္စမှာ ရခိုင်လူမျိုးများရဲ့ အသံကို ဂရုစိုက်နားထောင်ဖို့ ရခိုင်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မပစ်ပယ်ဖို့လည်း အလွန် အရေးကြီးပါတယ်။

သဘာပတိကြီးရှင့်…

ကျွန်မတို့ဟာ သမိုင်းသစ် တစ်ခုကို ဖန်တီးဖို့ ဒီနေရာ ကို ရောက်ရှိ နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနား မှာ သေနတ်သံ အမြောက်သံတွေ တဒိန်းဒိန်း တဒိုင်းဒိုင်း ဆူညံနေတဲ့၊ ယမ်းငွေ့တွေ မွှန်ထူနေတဲ့၊ ဟိုးအဝေး စစ်မြေပြင် က သွေးသားရင်းချာ မောင်နှမတွေ ရောက်ရှိလာတာ ကို တွေ့ရလို့လည်း အထူး ဝမ်းသာလှပါတယ်။ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ အတွက် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ပွင့်လင်းတဲ့ ငြိမ်းချမ်းရေး ညီလာခံ ဖြစ်ဖို့ လိုအပ်ပါတယ်။

အတိတ်သမိုင်း ဖြစ်ရပ်တွေကို သင်ခန်းစာ ယူပြီး ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းကြောင်း မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ဘက်ပေါင်းစုံ လေ့လာ ဆန်းစစ် ပြီးတော့ သဟဇာတဖြစ်နိုင်တဲ့ မူတွေ ချမှတ်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဝိုင်းဝန်း တည်ဆောက်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,