YBS ယာဉ်တွေ စက်တင်ဘာလ(၂၀)၊ ညနေ ငါး နာရီ မှာ စတင်ကာ ပြေးဆွဲမှု ရပ်နား မယ် ဆိုတဲ့ သတင်း ကို ရဲဇော် လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က စက်တင်ဘာလ(၁၉ )ရက်နေ့ ည ရှစ်နာရီ ဝန်းကျင် ခန့်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။
သည် သတင်း ကို မျှဝေသူ အများအပြားရှိခဲ့ ပါတယ်။ (သတင်းအမှား ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်)
သည်သတင်း နဲ့ ပတ်သက်ပြီး အမှား၊ အမှန် အချက်အလက် စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံသို့ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ခဲ့ ရာ YBS ယာဉ်တွေ ပြေးဆွဲမှု ရပ်နားဖို့ ညွှန်ကြားချက် လုံးဝမရှိဘူးလို့ YRTA တာဝန်ရှိသူ တစ်ဦး က အတည်ပြု ပြောကြားပါတယ်။
” မနက်ဖြန် ကားတွေ ရပ်နားပါဆိုပြီး ညွှန်ကြားထားတာမရှိပါဘူး ” လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရဲ့ တာဝန်မှူး တစ်ဦး က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေနဲ့ ၂၀၂၀၊စက်တင်ဘာလ(၁၈) ရက်နေ့မှာ YBS ပြေးဆွဲလမ်းကြောင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၃၂၅) စီးဖြင့် ခရီးသည် (၄၂၇,၃၈၆) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ YRTA ရဲ့ တရားဝင် စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
YBS ယာဉ်တွေ ပြေးဆွဲမှု ရပ်နားဖို့ ထုတ်ပြန်ထားတာမျိုး မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က လည်း အတည်ပြုပါတယ်။
ပြည်သူလူထုက အငတ်ဘေးရော၊ကပ်ဘေးရော ပေါင်းစုံနဲ့ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေရတဲ့အထဲမှာ ထပ်ပြီးစိတ်အနှောက်အယှက်ဖြစ်အောင်၊ လူထု ထင်ယောင်ထင်မှားဖြစ်အောင် …
YBS ယာဉ်တွေ ပြေးဆွဲမှု ရပ်နားမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ယာဉ် အဖွဲ့အစည်း၊ ထွေအုပ် တို့က ပြောဆိုတာမျိုး မရှိသေးဘူးလို့ လှိုင်သာယာမဲဆန္ဒနယ် (၂ )၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။
” သတင်းမှားတွေနဲ့ပတ်သက်ပြီးအားလုံးက သတိကြီးကြီးနဲ့ဆောင်ရွက်ကြမှာပါ။တချို့အကြောင်းအရာတွေကိုလည်း ဒီအထဲမှာ ပါဝင်ပတ်သက်သူတွေကို အကြောင်းအရာလေးကို သေချာမေးမြန်းဖို့လိုပါတယ်။ အဲဒါမှမဟုတ်ရင် ဒီသတင်းအမှားတွေကို နားထောင်ပြီး လုပ်ရင်အားလုံးအတွက် အကျိုး ယုတ်တယ် ” လို့ ဦးမြတ်မင်းသူ က မှတ်ချက်ပြုပါတယ်။
ကိုဗစ်ကာလ သတင်းအတု၊သတင်းအမှားတွေ ထွက်ပေါ်လာမှုမှာ သက်ဆိုင်ရာအသီးသီးရဲ့ လုပ်ဆောင်မှု ၊တုံ့ပြန်ဆောင်ရွက်မှုတွေ အပေါ်မှာ အားမရ သူတွေလည်း ရှိပါတယ်။
” ဒီအချိန်မှာ ခင်ဗျာတို့ ကျနော်တို့အကုန်လုံး ကပ်ဘေးရော အငတ်ဘေးရော အကုန်လုံးစီးပွားရေးရော၊ စားဝတ်နေရေးရော ကျနော်တို့ရုန်းကန်နေရတယ်။စိတ်ရဲ့သောက ၊လူမှုဘဝဒုက္ခပေါင်းစုံကြားမှာ အစိုးရသတင်းထုတ်ပြန်မှု နည်းပါးတာတွေ မရှင်းလင်းတာတွေ၊ ကြန့်ကြာနေတာတွေကတစ်ပိုင်းရှိတယ်။နောက်တစ်ချက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုပဲ အဓိကပြောရမှာပေါ့။သူတို့ကနေပြိးတော့ သတင်းတွေကိုနေ့စဉ် သတင်းစာရှင်းလင်းပွဲကိုနေ့စဉ် လုပ်ဖို့လိုအပ်တယ်” လို့ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချမှတ်သူလည်းဖြစ်၊ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမြတ်ကျော်က ငြမ်းမီဒီယာကို ပြောပါတယ်။
တောင်ဒဂုံမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကလည်း YBS ယာဉ်လိုင်းများ ပြေးဆွဲခြင်း ရပ်နားမယ် ဆိုတဲ့ သတင်းဟာ သတင်းအမှားပါ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ သတင်းစကားပါး ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးညီညီရဲ့ ဖော်ပြချက် ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
သည် သတင်းအမှား ကို ဖြန့်ဝေသူ ရဲဇော် အမည်ရ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်ဟာ မကြာခဏ ဆိုသလို သတင်းအတု၊သတင်းအမှား တွေ ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်ပါတယ်။
” ပြည်သူလူထုက အငတ်ဘေးရော၊ကပ်ဘေးရော ပေါင်းစုံနဲ့ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေရတဲ့အထဲမှာ ထပ်ပြီးစိတ်အနှောက်အယှက်ဖြစ်အောင်၊ လူထု ထင်ယောင်ထင်မှားဖြစ်အောင်၊ ပိုပြီးတော့ တိုင်းပြည်အခက်အခဲဖြစ်အောင် တမင်ရည်ရွယ်ချင်ရှိရှိ လုပ်နေတဲ့အဖွဲ့တွေကတော့ ကျနော်မပြောလည်း တစ်တိုင်းပြည်လုံး သိပြီးသားဖြစ်မှာပါ ” လို့ ကိုဗစ်ကာလ သတင်းအတု၊သတင်းအမှားတွေ ဖြန့်ချိနေမှုတွေနဲ့ ပတ်သက်ပြီး အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချမှတ်သူလည်းဖြစ်၊ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမြတ်ကျော်က မှတ်ချက်ပြုပါတယ်။
” သတင်းအမှားတွေနဲ့ဖွနေတာပါ။ သက်ဆိုင်ရာဌာနတွေက အတည်ပြုထားတာ မရှိသေးပါဘူး။ သတင်းအမှားတွေပါ။ Bus ကားလောကမှာလည်း ပြေးဆွဲတာရပ်ဖို့ အစီအစဉ်မရှိသေးပါဘူး” လို့ Power Eleven ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာကိုတရုတ်လေး က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။
ငြမ်းမီဒီယာ